Saturday, June 4, 2016

လက်နက်ကိုင်ပဋိပက္ခလျှော့ချရေးနှင့် စစ်ဘေးရှောင်များ အရေး

 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


က္ဘာတစ်လွှား အတင်းအကျပ်နေရာရွှေ့ပြောင်းခြင်းခံရသူပေါင်း ၅၉ ဒသမ ၂ သန်းခန့်ရှိသည်ဟု ဆိုပါသည်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၏ ၂ဝ၁၄ အစီရင်ခံစာအရ တရားဝင်ဒုက္ခသည်များအဖြစ် သတ်မှတ်ခံရသူ၊ တိုင်းပြည်မှပြည်ပသို့ ထွက်ပြေးနေရသူပေါင်း ၁၉ ဒသမ ၅ သန်းရှိနေပါ သည်။ ၂ဝ၁၃ ခုနှစ် အစောပိုင်းက ၁၆ ဒသမ ၄ သန်းသာရှိရာမှ မြင့်တက် လာခြင်းဖြစ်သည်။

နိုင်ငံတကာဥပဒေများအရ ဒုက္ခသည်၏ အဓိပ္ပာယ်မှာ သူ၏နိုင်ငံ(သို့) မွေးရပ်မြေများကိုအသားအရောင်၊ ကိုးကွယ်မှု၊ လူမျိုးနှင့် လူမှုအုပ်စု တစ်ခုအတွင်းပါဝင်မှုနှင့် နိုင်ငံရေးယုံကြည်ချက်များကြောင့် သတ်ဖြတ်ညှဉ်းပန်းခြင်းခံရမည်စိုး၍ စွန့်ခွာထွက်ပြေးလာရသူများဟု ဆိုလိုသည်။ ပြည်တွင်းပဋိပက္ခများ၊ သဘာဝဘေးဒဏ်များနှင့် အကြီးစားပရောဂျက်ကြီး များကြောင့် ပြည်တွင်းပြောင်းရွှေ့နေထိုင်ကြရသူ ဒုက္ခသည်များလည်းရှိ သည်။ ထိုသို့ ပြည်တွင်းပြောင်းရွှေ့နေထိုင်ကြရသူ(IDP) စုစုပေါင်း က္ဘာပေါ်တွင် ၃၈ ဒသမ ၂ သန်းခန့်ရှိနေပါသည်။ ထိုအထဲမှ ဆီးရီးယား တစ်နိုင်ငံတည်းတွင် IDP ပေါင်း ၇ ဒသမ ၆ သန်းရှိနေသည်။ ကမ္ဘာပေါ်ရှိ ဒုက္ခသည်လေးယောက်တွင် တစ်ယောက် မှာ ဆီးရီးယားမှဖြစ်နေသည်။

၂ဝ၁၄ ခုနှစ်ကဲ့သို့ ပြည်တွင်းပဋိပက္ခနှင့် သတ်ဖြတ်မှုများ ပိုမိုဖြစ်ပွားသည့် နှစ်မျိုးတွင် နေ့စဉ် လူ ၄၂၅ဝဝ ခန့်မှာ နေရပ်စွန့်ခွာ၍ အကာအကွယ် ရှိရာကို ရှာဖွေနေကြရသည်ဟု ဆိုပါသည်။
ယခုမြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ရန် ကြိုးပမ်းနေသော အချိန်ကာလအတွင်း ပြည်တွင်းပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ တိုးပွားလျက်ရှိနေပါသည်။ လတ်တလော ပဋိပက္ခများကြောင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဒုက္ခသည်ထောင်ဂဏန်းအချို့ရှိပြီး ထိုအထဲတွင် ကျောင်းနေအရွယ် ကလေး ၃၆ဝကျော် ပါဝင်လျက်ရှိသည်။

ကချင်ပြည် နယ် ဆော့လော်မြို့နယ်အတွင်း ရေဘေးကြောင့် မြစ်ကြီးနားသို့ ပြောင်းရွှေ့လာရသူကျောင်းနေအရွယ် စုစုပေါင်း ၁၈၈ ဦးရှိသည်။ ရှမ်းပြည် နယ် မြောက်ပိုင်းSSPP/SSA နှင့်TNCA တအာင်းပလောင်တပ်ဖွဲ့ တို့အကြား ပဋိပက္ခကြောင့် သီပေါမြို့နယ်အတွင်းကျောင်းသား ၈၇ ဦး၊ ကျောက်မဲမြို့နယ်အတွင်း ၄ဝနှင့် နမ့်ခမ်းမြို့နယ်အတွင်း ၃၇ ဦးရှိနေသည်။

ရခိုင်ပြည်နယ်တွင်လည်း တပ်မတော်နှင့်AA အဖွဲ့တို့အကြား တိုက်ပွဲ များကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်များမှ စစ်ဘေးရှောင်ဒုက္ခသည် ၂ဝဝဝ ခန့်ရှိနေပါသည်။

ထိုသို့စစ်ဘေးရှောင်လာသော ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ ကျောင်းအပ်နိုင်ရေးအတွက် ¤င်းတို့ရောက်နေသည့်ဒေသနှင့် အနီးဆုံး ကျောင်းများတွင် လက်ခံသွားရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားသည့် အတွက် ဝမ်းမြောက်ရပါသည်။
ပြည်တွင်းပဋိပက္ခကြောင့် ထိခိုက်မှုမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးဘက်ပေါင်းစုံဖြစ်သည်။ ပြောရလျှင် ဘဝများစွာ ပျက်စီးသွား စေခြင်းဖြစ်သည်။ ဒုက္ခသည်များ ကူညီထောက်ပံ့ရေးအတွက် ကုန်ကျမှု များရှိမည်ဖြစ်သလို စစ်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတား များ၊ လူနေအိမ်များအတွက်လည်း ငွေကြေးသုံးစွဲကြရဦးမည်ဖြစ်ပေ သည်။ ဘဝများစွာ ပျက်စီးစေသည်ဟုဆိုရာတွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ ဘဝပျက်ရသလို ပြည်သူများစွာဘဝပျက်သည့်အပြင် တစ်တိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်စေသည်အထိ ဖြစ်ရခြင်းဖြစ်ပေသည်။

ယခုအစိုးရက အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီး သည့် အဖွဲ့များရော၊ မရေးထိုးရသေးသည့်အဖွဲ့များနှင့်ပါ တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှင်းပြလျက်ရှိသည်ကို တွေ့ရသည်။ လက်နက် ကိုင်တိုင်းရင်းသားများအားလုံးပါဝင်ပြီး နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြန်လည်သုံးသပ်သွားမည်ဟု သိရသည်။

ထိုသို့ ကောင်းမွန်သောအလားအလာများကို တွေ့မြင်နေရသလို တစ်ဖက်တွင်လည်း ပြည်တွင်းပဋိပက္ခကြောင့် ဒုက္ခရောက်ရသူဦးရေ လျော့ကျစေရန် လက်နက်ကိုင်ပဋိပက္ခများကို အတတ်နိုင်ဆုံး ရှောင်ကြဉ် ကြ ရန် ပြည်သူများက လိုလားလျက်ရှိကြသည်။ မလွှဲသာ၍ ပဋိပက္ခဖြစ်လျှင် လည်း အတတ်နိုင်ဆုံး ပြည်သူကို ဝန်ထုပ်ဝန်ပိုးမပေးမိစေရန် လိုအပ်ပါ ကြောင်း တိုက်တွန်းရပါသည်။ ။

No comments:

Post a Comment