Friday, June 3, 2016

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရက် ၁ဝဝ




တွေ့ဆုံမေးမြန်း - မင်းမင်းဇော်(သတင်းစဉ်)
ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ သုံးရပ်လုံးတွင် ပါဝင်ဆောင်ရွက်နေရသည့် ရုံးတစ်ရုံးဖြစ်သည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အဓိက လုပ်ငန်းတာဝန်များမှာ ဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်းများမှ ရေးဆွဲထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်း(မူကြမ်း)များကို စိစစ်အကြံပြုပေး ခြင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများကို အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေအကြံဥာဏ်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာကိစ္စရပ်များ၊ စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများနှင့် ပတ်သက်၍ ဥပဒေအကြံဥာဏ်ပေးခြင်း၊ အမှု များမှာ တရားစွဲဆိုရန် သင့်၊ မသင့် ဥပဒေ အကြံÓဏ်ပေးပြီး နိုင်ငံတော်ကိုယ်စား အမှု လိုက်ပါဆောင်ရွက်ခြင်းနှင့် အစိုးရဌာန၊ အဖွဲ့ အစည်းများနှင့်သက်ဆိုင်သည့် စာချွန်တော် လျှောက်ထားမှုများတွင် လိုက်ပါဆောင်ရွက် ခြင်းတို့ကို ဆောင်ရွက်နေသည်။
သို့ဖြစ်ရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ရက် ၁ဝဝ စီမံချက်နှင့်ပတ်သက်၍ သိရှိနိုင် ရန် ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူ များအား မေးမြန်းထားသည်။
ဦးထွန်းထွန်းဦး
ပြည်ထောင်စုရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး
မေး။ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ရက် ၁ဝဝ စီမံချက်နဲ့ပတ်သက်ပြီး ဆောင်ရွက်နေ တာတွေကို သိလိုပါတယ်။
ဖြေ။ ရက် ၁ဝဝ စီမံချက်မှာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ဦးစီးဌာနအသီးသီးက ဆောင် ရွက်နေတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဥပဒေ၊ နည်း ဥပဒေတွေ၊ အမိန့်ကြော်ငြာစာ စိစစ်တဲ့ကိစ္စ တွေ၊ စာချုပ်စာတမ်း စိစစ်တဲ့ကိစ္စတွေ၊ ဥပဒေ အကြံÓဏ်ပေးတဲ့ ကိစ္စတွေကို ယခုလက်ရှိ ဆောင်ရွက်နေဆဲအပြင် ဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့အစည်းအသီးသီးက ထပ်မံပေးပို့ လာတဲ့ ကိစ္စရပ်တွေကိုလည်း ရက် ၁ဝဝ အတွင်းမှာ ပြီးပြတ်အောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ပြည်သူ့အတွက် တိုက်ရိုက် အကျိုးသက်ရောက်တဲ့ လုပ်ငန်းကတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့်ဆင့် သော ဥပဒေရုံးများကဆောင်ရွက်နေတဲ့ တရား စွဲနှင့် အမှုလိုက်လုပ်ငန်းဖြစ်ပါတယ်။ အဆင့် ဆင့်သော ဥပဒေရုံးများမှာရှိတဲ့ ဥပဒေအရာရှိ များရဲ့ အဓိကလုပ်ငန်းတာဝန်ဟာ ရာဇဝတ် အမှုများမှာ တရားစွဲမတင်မီ ဥပဒေအကြံ ဥာဏ်ပေးခြင်းနဲ့ နိုင်ငံတော်ကိုယ်စား အမှု လိုက်ပါဆောင်ရွက်ခြင်းတို့ ဖြစ်ပါတယ်။ တရားစွဲမတင်မီ ဥပဒေအကြံÓဏ်ပေးရာမှာ ပဲ ဖြစ်ဖြစ်၊ တရားရုံးမှာ အမှုလိုက်ပါစစ်ဆေး တာပဲဖြစ်ဖြစ် မှုခင်းကိစ္စတွေမှာ ဥပဒေအရာရှိ တွေကြောင့် ကြန့်ကြာတာမျိုးမရှိရအောင် ကြပ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်ကတော့ အမှုရုပ်သိမ်းတဲ့ ကိစ္စတွေမှာ ဥပဒေနဲ့အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ ရုပ်သိမ်းမှု တွေမှာ နှစ်ဖက်အမှုသည်တွေက ကျေနပ်ကြ ပြီးတော့ အဲဒီအမှုကို ရုပ်သိမ်းပေးခြင်းအား ဖြင့် ဘာပြဿနာမှမရှိနိုင်ဘူး။ ဒီလို အမှုမျိုး ထပ်မဖြစ်နိုင်ဘူးဆိုရင် အမြန်ဆုံးဆောင်ရွက် ပေးကြဖို့ ဖြစ်ပါတယ်။ လက်တွေ့မှာ အမှု ရုပ်သိမ်းလိုကြောင်း ဥပဒေရုံးကို တင်ပြလာတဲ့ အခါ ဥပဒေရုံးက စိစစ်ရတယ်။ ပြီးရင် တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ထံ သဘောထားတောင်းခံရတယ်။ ရဲတပ်ဖွဲ့က သဘောထားပြန်ကြားချက်ရရင် ဥပဒေရုံးက တရားရုံးကို တင်ပြရတယ်။ တရားရုံးက အမိန့် ချရတယ်ဆိုတဲ့နေရာမှာ ရုံးတစ်ရုံးချင်းကြောင့် ကြန့်ကြာမှုမရှိစေဖို့ ကိုယ့်ရုံးကိုလည်း မှာကြား ပြီး ဖြစ်ပါတယ်။ ကျန်တဲ့သူတွေနဲ့လည်း အားလုံးပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းပြီး ဖြစ် ပါတယ်။ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့က လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်သွား မယ်လို့ ပြောပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စ တွေဟာ ရက် ၁ဝဝ အတွင်းမှာ သိသိသာသာ ပြောင်းလဲသွားမယ်လို့ ယုံကြည်ပါတယ်။
မေး။ ဝန်ထမ်းတွေ အဂတိကင်းရှင်း အောင်၊ လာဘ်ပေးလာဘ်ယူမပြုလုပ်အောင် ဆောင်ရွက်ထားတာနဲ့ ပတ်သက်ပြီးတော့ လည်း သိလိုပါတယ်။
ဖြေ။ ဥပဒေအရာရှိများနဲ့ ဝန်ထမ်းများ အဂတိကင်းရှင်းရေးနဲ့ပတ်သက်လို့ အစိုးရရဲ့ မူဝါဒကို အားလုံးက သိရှိနားလည်သဘော ပေါက်ပြီး စိတ်ရောကိုယ်ပါ လိုက်နာကြမှသာ နိုင်ငံတော်ရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ လိုက်လျော ညီထွေဖြစ်မှာ ဖြစ်ပါတယ်။ ဥပဒေအရာရှိတွေ နဲ့ ဝန်ထမ်းတွေကို လာဘ်ငွေတောင်းခံခြင်း၊ လက်ဆောင်ရယူခြင်းများမပြုလုပ်ဖို့ တားမြစ် ထားပါတယ်။ လာဘ်ငွေတောင်းရင် တိုင်ကြား နိုင်ကြောင်း ဥပဒေရုံးတိုင်းမှာ ဆိုင်းဘုတ်တွေ ချိတ်ဆွဲအသိပေးခြင်းပြုလုပ်ဖို့ စီမံဆောင်ရွက် ထားပြီး ဖြစ်ပါတယ်။
မေး။ အခုဆိုရင် Justice Sector Reform လုပ်ဖို့လိုတယ်ဆိုပြီး ပြောနေကြ တာတွေလည်း ရှိပါတယ်။ အဲဒါနဲ့ပတ်သက် လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အမြင်နဲ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေရှိရင် သိပါရစေ။
ဖြေ။ ကျွန်တော်တို့ရုံးဟာ တရားစီရင် ရေးနယ်ပယ်မှာ အဓိကပါဝင်ဆောင်ရွက်နေ ရတဲ့ ရုံးတစ်ရုံးဖြစ်ပါတယ်။ ဒါကြောင့် တရား မျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး (Justice Sector Reform)မှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနဲ့အတူ အပြည့်အဝပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးဟာ ကျွန်တော်တို့ရုံးက ချမှတ်ထားတဲ့ မဟာဗျူဟာစီမံကိန်းရဲ့ ရည်မှန်း ချက်တစ်ရပ်လည်း ဖြစ်ပါတယ်။ တရားမျှတမှု ကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ကျွန်တော် တို့ ဌာနတစ်ခုတည်းက ဆောင်ရွက်လို့မရနိုင် ပါဘူး။ သက်ဆိုင်ရာဌာနအားလုံးက တက်ညီ လက်ညီ ဆောင်ရွက်ကြဖို့လိုပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း ကိုယ့်အပိုင်းကိုယ် တာဝန်ကျေအောင်လုပ်ကြရမှာ ဖြစ်ပါတယ်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ ကောင်း လုပ်ရုံနဲ့လည်း မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ရမယ့်ဌာနတွေ ဖြစ်တဲ့ တရားရုံး၊ ရဲတပ်ဖွဲ့တို့နဲ့ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်ချက်တွေကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားပါမယ်။
အများကပြောသလို တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုတာ ကျွန်တော် တို့လည်း လက်ခံပါတယ်။ တိုက်ရိုက်သက်ဆိုင် တဲ့ အဖွဲ့အစည်းတွေအပြင် လွှတ်တော်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ ပြည်သူ တွေအားလုံးက ဝိုင်းဝန်းပံ့ပိုးပေးမှ တရား မျှတမှုကဏ္ဍ အမှန်တကယ်ပြုပြင်ပြောင်းလဲ နိုင်မှာဖြစ်သလို တိုးတက်ကောင်းမွန်ပြီး တရား မျှတမှုရှိတဲ့ ဝန်းကျင်တစ်ရပ်ဖော်ဆောင်နိုင် မှာ ဖြစ်ပါတယ်။
မေး။ ပြည်ထောင်စုရှေ့နေချုပ်ရုံးဟာ တရားစီရင်ရေးနယ်ပယ်မှာ ပါဝင်ဆောင် ရွက်နေတဲ့ ဌာနတစ်ခုဖြစ်တာကြောင့် တရား ဥပဒေစိုးမိုးရေးကိစ္စ ဆောင်ရွက်နေတာ တွေ ရှိမယ်လို့ထင်ပါတယ်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေနဲ့ တရားဥပဒေစိုးမိုးရေး နဲ့ပတ်သက်လို့ ဘာတွေလုပ်နေလဲဆိုတာ သိပါရစေ။
ဖြေ။ တရားမျှတမှုရရှိခြင်းဟာ တရား ဥပဒေစိုးမိုးရေး(Rule of Law)ရဲ့ သော့ချက် ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပတ် သက်လို့ ကျွန်တော်တို့ရုံးက လုပ်နေတာတွေ ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ခြင်းဟာ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ဥပဒေအရာရှိတွေရဲ့ ပြုမူဆောင်ရွက်ချက် တွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူ တွေ တရားမျှတမှုရရှိခံစားနိုင်ရေးအပေါ် အကျိုးးသက်ရောက်မှု ဖြစ်စေပါတယ်။ နိုင်ငံတော်အစိုးရရဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာမူဝါဒတွေ ပိုမိုခိုင်မာအားကောင်းလာ စေဖို့ရည်ရွယ်ပြီး ကျွန်တော်တို့ဆောင်ရွက်နေ ပါတယ်။
တရားဥပဒေစိုးမိုးရေးရဲ့ အဓိကအခြေခံ အုတ်မြစ်ဟာ ဥပဒေပြုခြင်းဖြစ်ပါတယ်။ အဲဒီလို ဥပဒေပြုနိုင်ဖို့ ဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်တွေမှာ ကျွန်တော်တို့ရုံးအနေနဲ့ စိစစ်အကြံပေးခြင်း၊ အစိုးရဌာန၊ အဖွဲ့အစည်း တွေကို ဥပဒေအကြံÓဏ်ပေးခြင်းဖြင့် တရား ဥပဒေစိုးမိုးရေးမြှင့်တင်ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ အလားတူ တရားရုံးတွေမှာ ရာဇဝတ် မှုခင်းတွေကို နိုင်ငံတော်ကိုယ်စား လိုက်ပါ ဆောင်ရွက်တဲ့အခါမှာလည်း မျှတတဲ့ တရား စီရင်ရေးစံနှုန်းများ(Fair Trial Standards) နဲ့အညီ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေးရရှိဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးရရှိဖို့ဆိုတာက တရား စီရင်ရေးစနစ်ကို ပြည်သူများက ယုံကြည် ကိုးစားမှု ရှိခြင်း၊ မရှိခြင်းအပေါ်မှာ မူတည် ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဥပဒေရုံး များဟာ ပြည်သူအတွက် အကျိုးရှိစေမယ့် လုပ်ငန်းဆောင်ရွက်ချက်တွေကို မြှင့်တင်၊ ဆက်စပ်နေတဲ့ အဖွဲ့အစည်းများနဲ့ တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူရဲ့ ယုံကြည်အားကိုးမှုရရှိအောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
ဒေါက်တာ သီသီမြင့်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ဥပဒေအကြံဥာဏ်ပေးရေးဦးစီးဌာန
မေး။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေ နဲ့ စီးပွားရေးစာချုပ်စာတမ်းများနဲ့စပ်လျဉ်းပြီး ဘယ်လိုအခန်းကဏ္ဍမှနေ၍ တာဝန်ယူဆောင် ရွက်ပေးရပါသလဲ။
ဖြေ။ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန နဲ့ အဖွဲ့အစည်းတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေက သူတို့ဆောင်ရွက်နေတဲ့ လုပ်ငန်းကိစ္စတွေလုပ်တဲ့အခါမှာ စီးပွားရေး စာချုပ်စာတမ်းတွေချုပ်ဆိုကြတာရှိပါတယ်။ အဲဒီ စီးပွားရေးစာချုပ်စာတမ်းတွေကို ဥပဒေ ကြောင်းအရ ခိုင်မာမှုရှိစေဖို့ ကျွန်မတို့ဌာန ကို စိစစ်ရန်ပေးပို့ပါတယ်။ ကျွန်မတို့ဌာနက လည်း အဲဒီလိုပေးပို့လာတဲ့ စီးပွားရေးစာချုပ် စာတမ်းတွေကိုစိစစ်ပြီး ဥပဒေကြောင်းအရ ဥပဒေအကြံÓဏ်ပေးရပါတယ်။
မေး။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ ဘယ်လိုစီးပွားရေးစာချုပ်စာတမ်းတွေကို စိစစ်ပေးနေရပါသလဲ။
ဖြေ။ ကျွန်မတို့ရုံးအနေနဲ့ စီးပွားရေး ဆိုင်ရာ စာချုပ်စာတမ်းအမျိုးအစား ၁၄ မျိုးကို စိစစ်အကြံပေးပါတယ်။ အဓိကအားဖြင့် သက် ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းတွေ နဲ့ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်း၊ ကုမ္ပဏီတွေ အကြား ချုပ်ဆိုမယ့် အစုရှယ်ယာအချိုး ထည့်ဝင် ဆောင်ရွက်တဲ့ ဖက်စပ်စာချုပ်တွေ၊ အစိုးရ ဌာနတွေပိုင်ဆိုင်တဲ့ မြေနဲ့ အဆောက်အအုံ ငှားရမ်းတဲ့ မြေငှားစာချုပ်တွေ၊ အဆောက်အအုံ ငှားရမ်းတဲ့ စာချုပ်တွေ၊ အစိုးရရဲ့မြေကို ငှားရမ်း ပြီး အဆောက်အအုံဆောက်လုပ်ကာ ငှားရမ်း သက်တမ်းကုန်ဆုံးတဲ့အခါမှာ အဆောက်အအုံ နဲ့ မြေကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းတဲ့ တည်ဆောက်လုပ်ဆောင် လွှဲပြောင်းတဲ့စာချုပ်တွေ၊ သက်ဆိုင်ရာဝန်ကြီး ဌာနအနေနဲ့ ပြည်ပမှ စက်ကိရိယာပစ္စည်းတွေ ဝယ်ယူတဲ့အခါ ချုပ်ဆိုတဲ့ ပြည်ပပစ္စည်းဝယ်ယူ ရေးစာချုပ်တွေ၊ အစိုးရက နိုင်ငံတကာအဖွဲ့ အစည်းတွေဆီက ငွေချေးယူတဲ့ ငွေချေးစာချုပ် တွေကို စိစစ်ပေးနေပါတယ်။
စာချုပ်တွေ အများဆုံးဆောင်ရွက်ပေးရ တဲ့ ဝန်ကြီးဌာနတွေကတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။ ဌာန တစ်ခုနဲ့တစ်ခု ဆောင်ရွက်တဲ့လုပ်ငန်းအပေါ် မူတည်ပြီးတော့ စာချုပ်အမျိုးအစားကွဲပြားမှု ရှိပါတယ်။
မေး။ အဲဒီလို စီးပွားရေးစာချုပ်စာတမ်း တွေကို စိစစ်တဲ့အခါမှာ ဘယ်လိုအချက် အလက်တွေကို အခြေခံပြီးစိစစ်ပါသလဲ။
ဖြေ။ စီးပွားရေးစာချုပ်စာတမ်းတွေကို စိစစ်တဲ့အခါမှာ အဓိကအားဖြင့် စာချုပ်တစ်ခု မှာ ပါဝင်ရမယ့် အကြောင်းအရာနဲ့ အချက် အလက်တွေ၊ ဥပဒေဆိုင်ရာစည်းကမ်းချက် တွေ ပါဝင်စေဖို့ အဓိကစိစစ်ပါတယ်။ စိစစ်ရာ မှာ အခြေခံရမယ့် အချက်အလက်တွေကို ကျွန်မတို့ရဲ့ ပြည်ထောင်စုရှေ့နေချုပ် နည်း ဥပဒေများမှာ သတ်မှတ်ထားပါတယ်။ စီးပွား ရေးစာချုပ်စာတမ်းတွေကို စိစစ်အကြံပေးတဲ့ အခါမှာ ဥပဒေကြောင်းအရ ခိုင်မာတဲ့စာချုပ် ဖြစ်အောင်၊ စာချုပ်မှာပါဝင်သင့် ပါဝင်ထိုက်တဲ့ အချက်အလက်တွေ ပြည့်စုံအောင်၊ ကောင်းမွန် တဲ့ စာချုပ်တစ်စောင်ဖြစ်အောင် စိစစ်ပေး ပါတယ်။
အဓိကအားဖြင့် ကျွန်မတို့နိုင်ငံ ထိခိုက် နစ်နာမှုမရှိစေဖို့ နိုင်ငံတော်နဲ့ ပြည်သူလူထု အတွက် အကျိုးရှိစေဖို့ ဂရုပြုစိစစ်ပါတယ်။ အချို့စာချုပ်တွေဟာ အင်္ဂလိပ်ဘာသာနဲ့ ချုပ် ဆိုကြပြီးတော့ တချို့ကတော့ မြန်မာဘာသာ နဲ့ ချုပ်ဆိုပါတယ်။ ဘယ်လိုစာချုပ်မျိုးဖြစ်ဖြစ် ကျွန်မတို့က အသေးစိတ်ဂရုပြုပြီးတော့ စိစစ် ပေးပါတယ်။ ချုပ်ဆိုမယ့် စာချုပ်တွေဟာ တည်ဆဲသက်ဆိုင်ရာဥပဒေတွေနဲ့အညီ ဖြစ် စေဖို့နဲ့ အကောင်အထည်ဖော်မယ့် စီးပွားရေး လုပ်ငန်းတွေဟာ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တို့ရဲ့ သဘောတူညီချက်ရယူရန်လိုအပ်ပါက အဲဒီလို သဘောတူညီချက်များ ရယူဆောင်ရွက်ဖို့ အကြံပြုပြန်ကြားပါတယ်။
မေး။ အဲဒီလို စိစစ်တဲ့အခါမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရပါသလဲ။
ဖြေ။ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့ အစည်းတွေအနေနဲ့ ကျွန်မတို့ရုံးကို ပေးပို့လာ တဲ့ စာချုပ်တွေဟာFinal Draft ဖြစ်ဖို့လိုအပ် ပါတယ်။ ပူးတွဲပေးပို့ရမယ့် စာချုပ်စာတမ်း အထောက်အထားတွေလည်း ပြည့်စုံဖို့လိုအပ် ပါတယ်။ အဲလိုမှမဟုတ်ရင် စာချုပ်စာတမ်း အချက်အလက်တွေကို ရုံးဌာနချင်း ဆက် သွယ်ပြီး ပြန်တောင်းနေရတာနဲ့ ရုံးလုပ်ငန်း သဘောသဘာဝအရ ကြန့်ကြာရတာမျိုးရှိပါ တယ်။ ချုပ်ဆိုပြီးတဲ့ စာချုပ်တွေနဲ့ပတ်သက် လို့ သက်တမ်းတိုးမြှင့်လိုတဲ့အခါ၊ ပြင်ဆင် ဖြည့်စွက်လိုတဲ့အခါ၊ ရပ်စဲစာချုပ် ချုပ်ဆို လိုတဲ့အခါ၊ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေနဲ့ ပတ် သက်ပြီး ဥပဒေပြဿနာပေါ်ပေါက်လာတဲ့အခါ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သဘောထား မှတ်ချက်တောင်းရင် မူလချုပ်ဆိုခဲ့တဲ့ စာချုပ် စာတမ်းများနဲ့ သက်ဆိုင်ရာ စာချုပ်စာတမ်း အထောက်အထားများကို ပြည့်စုံစွာ ပေးပို့ ခဲ့မယ်ဆိုရင် သတ်မှတ်ကာလအတွင်း ပြန်ကြား ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကြန့်ကြာ မှုတွေ မဖြစ်စေဖို့ အကြံပေးတောင်းတဲ့အခါ မှာ ဌာနနဲ့ တစ်ဖက်စာချုပ်ဝင်တို့ နှစ်ဖက် အပြီးသတ် ညှိနှိုင်းထားတဲ့ နောက်ဆုံးစာချုပ် (မူကြမ်း) (Final Draft)တွေကို ပေးပို့ဖို့ လိုအပ်သလို သက်ဆိုင်တဲ့စာချုပ်စာတမ်း အထောက်အထားတွေကိုလည်း အပြည့်အစုံ ပေးပို့ဖို့လိုပါတယ်။
မေး။ ဘယ်လိုစာချုပ်တွေကို အများဆုံး စိစစ်ပြီး အကြံဥာဏ်ပေးရပါသလဲ။
ဖြေ။ ဖက်စပ်စာချုပ်တွေ၊ အတိုင်ပင်ခံငှားရမ်းရေးစာချုပ်တွေ၊ တည်ဆောက် လုပ်ဆောင်လွှဲပြောင်းလို့ခေါ်တဲ့BOT စာချုပ် တွေ၊ မြေငှားစာချုပ်တွေ၊ Power Purchase Agreement လို့ခေါ်တဲ့ လျှပ်စစ်ဓာတ်အား ရောင်းဝယ်ရေးစာချုပ်တွေ၊ ဏှဃ လို့ခေါ်တဲ့ ထုတ်လုပ်မှုအပေါ် အကျိုးအမြတ်ခွဲဝေတဲ့ စာချုပ်တွေ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ချုပ်ဆိုတဲ့စာချုပ်တွေ၊ လျှပ်စစ်စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာတွေကို အများဆုံးစိစစ် ပေးရပါတယ်။
မေး။ စာချုပ်တွေကို စိစစ်တဲ့အခါ အချိန် ဘယ်လောက်ယူရပါသလဲ။
ဖြေ။ သာမန်စာချုပ်ပုံစံမျိုးဆိုရင် နှစ် ပတ်အတွင်း စိစစ်ပြန်ကြားပေးပါတယ်။ ခက်ခဲနက်နဲတဲ့ စာချုပ်တွေနဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေအပေါ်မှာ သဘောထားမှတ်ချက် တောင်းခံခဲ့ရင်တော့ အချိန်ယူပြီး စိစစ်ပေး ရပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနတွေက အရေးတကြီးဆောင်ရွက်ပေးဖို့ တောင်းဆို တာတွေဟာ မကြာခဏရှိတတ်ပါတယ်။ အဲလို တောင်းဆိုတဲ့အခါမှာ အရေးကြီးရင်ကြီးသလို အစိုးရဌာန၊ အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက် ကို မူတည်ပြီး ကျွန်မတို့အနေနဲ့ ရုံးချိန်မှာ သာမက ဌာနရဲ့လုပ်ငန်းအောင်မြင်စေဖို့ အချိန်နဲ့တစ်ပြေးညီ အပြည့်အဝ ပူးပေါင်း ကြိုးစားဆောင်ရွက်ပေးနေပါတယ်။
မေး။ စာချုပ်စာတမ်းတွေ စိစစ်မှုနဲ့ ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။
ဖြေ။ စီးပွားရေးစာချုပ်စာတမ်းများကို စိစစ်ခြင်းဟာ ပညာရပ်ပိုင်းဆိုင်ရာဖြစ်တဲ့ အတွက် စီးပွားရေးစာချုပ်စာတမ်းဌာနခွဲမှာ ရှိတဲ့ ဥပဒေအရာရှိများကို သီးခြားလေ့ကျင့် ထားပြီးမှ စာချုပ်များကို စိစစ်အကြံပြုနိုင်ပါ တယ်။ နိုင်ငံကို အကျိုးပြုနိုင်ဖို့၊ ဥပဒေကြောင်း အရ အကောင်းဆုံးအကြံပြုနိုင်ဖို့အတွက် ဘာသာရပ်ဆိုင်ရာသင်တန်းတွေ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေကို တက်ရောက်လေ့လာ သင်ယူစေပြီး ကောင်းမွန်သော အကြံပြုချက် များကို ပေးနိုင်ဖို့ အထူးကြိုးစားဆောင်ရွက် နေပါကြောင်း ပြောကြားလိုပါတယ်။
ဒေါ်ခင်ချိုအုန်း
ညွှန်ကြားရေးမှူးချုပ်
တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန
မေး။ တရားရုံးတွေမှာ အမှုတွေ ကြန့်ကြာတာတွေရှိကြောင်း ကြားသိရပါတယ်။ အမှုတွေ ကြန့်ကြာမှုမရှိစေဖို့ ဘယ်လိုစီမံ ဆောင်ရွက်ထားပါသလဲ။
ဖြေ။ အမှုတွေ မကြန့်ကြာဖို့ဆိုတာက ဥပဒေရုံးများသာမက ဆက်စပ်အဖွဲ့အစည်း တွေဖြစ်တဲ့ တရားရုံး၊ ရဲတပ်ဖွဲ့တို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ဌာနအနေနဲ့ကလည်း ကိုယ်တာဝန် ယူဆောင်ရွက်ရတဲ့အပိုင်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ ဥပဒေရုံးအဆင့်ဆင့်ကို ညွှန်ကြားပြီးဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရ မယ်ဆိုရင် တရားစွဲမတင်မီ ဥပဒေအကြံÓဏ် တောင်းတဲ့ကိစ္စမှာ ချုပ်မိန့်ရီမန်ရှိတဲ့အမှုမျိုးကို ဦးစားပေးဆောင်ရွက်ပြီး ချုပ်မိန့်ရက်မကုန်ဆုံး မီ အမြန်ဆုံးပြန်ကြားသွားမှာ ဖြစ်ပါတယ်။
အမှုစစ်ဆေးတာနဲ့ပတ်သက်လို့ အမှုမှာ အဓိကကျတဲ့ သက်သေတွေကို ဦးစားပေး ဆင့်ခေါ်ပေးဖို့၊ တရားရုံးကို တင်ပြဖို့၊ မလိုတဲ့ သက်သေတွေကို ပယ်ဖို့၊ ရုံးရှေ့ကို သက်သေ တွေ ရောက်လာရင် ဥပဒေအရာရှိများက မပျက်မကွက် စစ်ဆေးပေးဖို့ဖြစ်ပါတယ်။ ဥပဒေအရာရှိတွေကြောင့် အမှုကြန့်ကြာတယ် ဆိုတာမျိုးမရှိအောင် ကြပ်မတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ရုံးချိန်းရက် နီးနိုင်သမျှ နီးအောင် ချိန်းဆိုပေးဖို့၊ ခြောက်လအထက် ကြန့်ကြာတဲ့အမှုများမရှိစေဖို့ သက်ဆိုင်ရာ တရားရုံး၊ တရားစွဲအဖွဲ့အစည်းများ၊ ဆက်စပ် အဖွဲ့အစည်းများ၊ ရှေ့နေရှေ့ရပ်များနဲ့ ညှိနှိုင်း ဆောင်ရွက်သွားပါမယ်။
မေး။ အစိုးရသစ်လက်ထက် နိုင်ငံရေး မှုခင်းတွေကို အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံတွေ ပြန်လွှတ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေရုံး များက ထိရောက်မြန်ဆန်စွာဆောင်ရွက်ပေး ခဲ့တာကို တွေ့ရပါတယ်။ အမှုရုပ်သိမ်းတာနဲ့ ပတ်သက်လို့ အမှုရဲ့ဘယ်အဆင့်မှာ ရုပ်သိမ်းခွင့် ရှိပါသလဲ။ သက်ဆိုင်ရာအမှုသည်က အမှုရုပ် သိမ်းလိုရင် ဘယ်လိုဆောင်ရွက်ရပါသလဲ။
ဖြေ။ တရားစွဲဆိုထားတဲ့ ရာဇဝတ်မှု တစ်ခုကို အပြီးသတ်အမိန့်မချမီ ဘယ်အဆင့် မှာပဲဖြစ်ဖြစ် ဥပဒေနဲ့ညီညွတ်တယ်၊ အကျိုး အကြောင်း ခိုင်လုံတယ်ဆိုရင် ရုပ်သိမ်းနိုင်ပါ တယ်။ တရားခံတစ်ဦးဦးအပေါ် စွဲဆိုထားတဲ့ ပြစ်မှုအားလုံးပဲဖြစ်ဖြစ်၊ တစ်ခုခုပဲဖြစ်ဖြစ် ရုပ်သိမ်းနိုင်ပါတယ်။ အမှုတစ်ခုမှာရှိတဲ့ တရားခံအားလုံးအတွက်ပဲ ဖြစ်ဖြစ်၊ တစ်ယောက်ယောက်အတွက်ပဲဖြစ်ဖြစ် ရုပ် သိမ်းနိုင်ပါတယ်။ အမှုသည် နှစ်ဦးနှစ်ဖက် ကျေနပ်မှုရခဲ့လျှင် သက်ဆိုင်ရာ နစ်နာသူ အမှု သည်က အမှုကို ရုပ်သိမ်းပေးဖို့ သက်ဆိုင်ရာ ဥပဒေရုံးမှာ လျှောက်ထားနိုင်ပါတယ်။
အဲဒီလိုလျှောက်ထားချက်ကို ရပြီဆိုရင် ပထမဦးဆုံး တရားစွဲအဖွဲ့အစည်းရဲ့ သဘော ထား တောင်းခံပါတယ်။ တကယ်လို့ ရုပ်သိမ်း ခွင့်ပြုဖို့တင်ပြတဲ့အမှုဟာ တရားစွဲဆိုခွင့်ပြုမိန့် ဒါမှမဟုတ် သဘောတူညီချက်နဲ့စွဲဆိုတဲ့ အမှု ဖြစ်ရင် အဲဒီတရားစွဲဆိုခွင့်ပြုမိန့်၊ သဘော တူညီချက် ထုတ်ပေးခဲ့တဲ့ သက်ဆိုင်ရာအစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းရဲ့ သဘောတူခွင့်ပြု ချက် ရယူဖို့ဆောင်ရွက်ရပါတယ်။ အမှုရုပ်သိမ်း ပေးဖို့ လျှောက်ထားချက်မှာ ကျိုးကြောင်း ဆီလျော်မှုရှိတယ်။ လျှောက်ထားခွင့်ရှိသူက လျှောက်ထားတာ မှန်တယ်။ ဥပဒေနဲ့ ညီညွတ် တယ်ဆိုရင် ကျွန်မတို့ဥပဒေရုံးများအနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးမှာဖြစ်သလို တရားစွဲ အဖွဲ့အစည်းတွေထံမှလည်း သဘောထား အမြန်ဆုံးရရှိရေး ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ဥပဒေရုံးတွေရဲ့ လုပ်ငန်းဆောင် ရွက်မှုအပေါ်မှာ ကျေနပ်မှုမရှိလို့ တိုင်တန်း လာရင် ဘယ်လိုဆောင်ရွက်ပါသလဲ။
ဖြေ။ ဥပဒေအရာရှိတွေအပေါ် လာဘ်ပေး လာဘ်ယူကိစ္စရှိလို့ တိုင်ကြားလာခဲ့ရင် ကျွန်မတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးအရေးယူပါ မယ်။ ဥပဒေအရာရှိတွေရဲ့ အပြောအဆို၊ အပြု အမူ၊ လုပ်ငန်းဆောင်ရွက်မှုကြောင့် ကျေနပ်မှု မရှိလို့ တိုင်တန်းတာမျိုးဆိုရင်တော့ တစ်ဆင့် မြင့် ဥပဒေရုံးက အဖွဲ့နဲ့စိစစ်ပါမယ်။ အဲဒီကိစ္စ နဲ့ ပတ်သက်လို့ သက်ဆိုင်ရာဥပဒေရုံးက ဆောင် ရွက်ချက်ဟာ နည်းလမ်းကျသလား၊ မကျသလား ကြည့်ပါမယ်။ ဥပဒေအရာရှိတွေရဲ့ ဆောင် ရွက်မှုမှားယွင်းတယ်ဆိုရင် ဥပဒေနဲ့အညီ ဆက်လက်အရေးယူမှာ ဖြစ်ပါတယ်။ ဥပဒေ အရာရှိရဲ့ဆောင်ရွက်ချက်က မှားယွင်းမှုမရှိပေ မယ့် အဲဒီဆောင်ရွက်ချက်ကို အမှုသည်တွေ က မကျေနပ်တာ၊ နားလည်မှုလွဲမှားတာမျိုးဆိုရင် တိုင်ကြားတဲ့သူကို ခေါ်ယူတွေ့ဆုံပြီး အကျိုး အကြောင်း ရှင်းပြပါမယ်။ တိုင်ကြားသူအနေနဲ့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သင့်တာ ကို အကြံပြုပေးမှာဖြစ်ပါတယ်။

No comments:

Post a Comment