Tuesday, June 28, 2016

ဆီစက်လုပ်ငန်းများ ဆက်လက်ရှင်သန်နိုင်ရန်အတွက်ဆွေးနွေးအဖြေရှာ၍ နိုင်ငံတော်သို့ တင်ပြမည်




The Mirror Daily's photo.


မန္တလေး ဇွန် ၂၇

မြန်မာနိုင်ငံတွင် ဆီစက်လုပ်ငန်း ၉ဝ ရာခိုင်နှုန်းခန့်မှာ ရပ်တန့်နေပြီး လည်ပတ်ရန်ခက်ခဲနေသည်ကို ဖြေရှင်းနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆီစက်လုပ်ငန်းရှင်များ က ဆွေးနွေးအဖြေရှာပြီးနောက် နိုင်ငံတော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

မန္တလေးမြို့ အောင်မြင်ခြင်းဟိုတယ်တွင် ဇွန် ၂၆ ရက်က ပြုလုပ်သော တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အမှုဆောင်များက ဆီစက်လုပ်ငန်းများ ရပ်ဆိုင်းနေရခြင်းကို နည်းလမ်းရှာ ဆွေးနွေးခဲ့ကြသည်။

''ဆက်လက်ရှင်သန်ဖို့ အမှန်တကယ် တွေ့ရတဲ့ အခက်အခဲတွေကို ဆွေးနွေးကြတယ်။ စားအုန်းဆီ တင်သွင်းတာတွေ၊ အရောအနှော လုပ်နေတဲ့ကိစ္စတွေကို ထိန်းသိမ်းမယ်ဆိုရင် ဆီစက်တွေ ပြန်လည်ရှင်သန်ကာ ဖွံ့ဖြိုးတိုးတက်လာမယ်။ Bi-product တွေတက်လာပြီး ထုတ်လုပ် မှုစရိတ်ကျလာမယ်''ဟု ၎င်းကပြောသည်။

ဆီစက်များ လည်ပတ်နိုင်ရေးအတွက် ကုန်ကြမ်း၊ စက်ယန္တရား၊ ကျွမ်းကျင်လုပ်သား၊ ဈေးကွက် သာမက ငွေကြေးပြည့်စုံရန်လိုအပ်ကြောင်း၊ အဓိကကုန်ကြမ်းဖြစ်သည့် မြေပဲနှင့် နှမ်းတို့မှာ အလုံးလိုက် ပြည်ပသို့ တင်ပို့နေသဖြင့် ယင်းမှ ထွက်ရှိလာသည့် ဆီနှင့် ပဲဖတ်၊ နှမ်း ဖတ်များလည်း ဆုံးရှုံးရသည်ဟုဆိုသည်။

''ဆီနဲ့ ပတ်သက်ပြီး ပြည်တွင်း သုံးစွဲမှုတစ်ခုတည်း အားကိုးလို့မရဘူး။ဥရောပနိုင်ငံတွေက မြန်မာဆီကို ကြိုက်ကြတော့ ပြည်ပဈေးကွက်ကို မျှော်မှန်းသင့်တယ်။ နိုင်ငံတော်ဘက်ကလည်း အားပေးဖို့လိုအပ်တယ်။ ကျန်းမာရေးအနေနဲ့လည်း ကျယ်ပြန့်စွာ အသိပေးဖို့လိုတယ်''ဟု ပဲခူးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များ အသင်း ဥက္ကဋ္ဌ ဦးသောင်းအေးက ပြောသည်။
ကျန်းမာရေးထိခိုက်နိုင်သော ဆီ များနှင့်ရောနှော၍ ဈေးကွက်တွင် ရောင်းချခြင်းများမရှိရန် အစိုးရဌာနများဖြစ်သည့် စားသုံးသူရေးရာနှင့် FDA တို့ ပူးပေါင်းပြီး တိကျစွာ အရေးယူခြင်းနှင့် အဓိကကုန်ကြမ်းများကို သင့်တင့်သည့်နှုန်းထားဖြင့် ဝယ်ယူနိုင်ရန် လုပ်ဆောင်ပေးပါက မြန်မာ့ဆီအစစ်ဈေးကွက် ရှင်သန်လာမည်ဟု ဆိုသည်။

''ရှမ်းပြည်မှာ မြေပဲထက် ဈေးပိုရတဲ့ ပြောင်းဖူးကို ပြောင်းစိုက်နေကြတော့ ကုန်ကြမ်းမလုံလောက်တော့ဘူး။ ဆီစက် ၃၂ ခုမှာ သုံးလုံးပဲ လည်ပတ်တာတောင် နေ့စဉ်မဟုတ်ဘူး။ ဈေးကွက်မှာစားအုန်းဆီကို အနံ့ထည့်ပြီး ရောင်းနေကြတယ်။ ဒါကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ တကယ် အရေးယူဖို့လိုတယ်''ဟု ရှမ်းပြည်နယ် ဆီစက်ပိုင်ရှင်အသင်းဥက္ကဋ္ဌ ဦးမြင့် ကြည်က ပြောသည်။

ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လျှင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတို့ တိုးတက်လာမည်ဖြစ်၍ ဆီစက်အလုပ်သမားများ အလုပ်အကိုင်ရရှိ နိုင်မည်ဖြစ်ပြီး ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုလျှော့ချပါက သွင်းကုန် တန်ဖိုးလျော့ကျ၍ ဆီစက်နှင့်ပတ်သက်သော စက်ကိရိယာများကို မြှင့်တင်ကာ နိုင်ငံခြားတင်ပို့ခြင်းဖြင့် ပို့ကုန် ကဏ္ဍမှ နိုင်ငံအတွက် ဝင်ငွေရမည်ဖြစ်ကြောင်း သိရသည်။
(အောင်ရဲသွင်)

No comments:

Post a Comment