Tuesday, June 28, 2016

တိမ်မြုပ်ပျောက်ကွယ်နေပြီဖြစ်သည့် သီရိဝံသ ရာဇဝင်ဇာတ်ကြီးဖြင့် ဖျော်ဖြေတင်ဆက်




The Mirror Daily's photo.
ရန်ကုန် ဇွန် ၂၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်နှင့်အညီ ကျင်းပသည့် ဖျော်ဖြေပွဲတွင် သီရိဝံသ ရာဇဝင်ဇာတ်ကြီးကို ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံတွင် ကပြဖျော်ဖြေတင်ဆက်ခဲ့သည်။

ယနေ့ခေတ်လူငယ်များ မြန်မာ့ရိုးရာယဉ်ကျေးမှုကို သိရှိခံစားပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အနု ပညာကို ချစ်ခင်မြတ်နိုး တန်ဖိုးထား တတ်စေရန် ရည်ရွယ်၍ အဆိုပါပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အနုပညာဦးစီးဌာန ထုတ်လုပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဆွေက ''ဝန်ကြီးဌာနအနေနဲ့ ကိုယ့်အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိမ်မြုပ်ပျောက်ကွယ်နေပြီဖြစ်တဲ့ ရိုးရာရှေးဟောင်း ဆို၊ ငို၊ ပြောကိုအခြေခံတဲ့ သီရိဝံသ ရာဇဝင်ဇာတ်ကြီးကို ပြည်သူတွေကို အခမဲ့ ဖျော်ဖြေ တင်ဆက်တာပါ''ဟု ပြောသည်။

ယမန်နေ့ညတွင် ကျင်းပသည့် ဖျော်ဖြေပွဲတွင် သီရိဝံသရာဇဝင်ဇာတ် ကြီးအပြင် ကဗျာလွတ်ယိမ်းအက၊ နဝရတ်ကိုးသွယ် လှမျိုးခြယ်အက၊ ပွဲဦးအလင်္ကာအက (မင်းညီနောင်)၊ မြူးကြွလှပသေတ္တာအက၊ ကောင်းချီး သင်္ခါ နန်းတွင်းယိမ်းအက၊ စည်တို အတီးစုံတွဲအက၊ ထာဝရမြန်မာယိမ်း အက (တိုင်းရင်းသားအက)များနှင့် နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။

သီရိဝံသ ရာဇဝင်ဇာတ်ကြီးသည် အင်းဝခေတ် သာလွန်မင်းတရားကြီး လက်ထက် မကျီးစင်ရွာကို နောက်ခံ ရာဇဝင်အခြေခံထားသည့် ဇာတ်ကြီးဖြစ်ပြီး ဇူလိုင် ၉ ရက်တွင်လည်း မန္တလေးမြို့တွင် ဆက်လက်ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း အနုပညာဦးစီးဌာနမှ သိရသည်။
သတင်း-မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment