Tuesday, June 28, 2016

ပခုက္ကူမြို့နယ် နုံးပို့လျှပ်စစ်မြစ်ရေတင်မှ ရေပေးဝေနိုင်တော့မည်




The Mirror Daily's photo.


ပခုက္ကူ ဇွန် ၂၇

ပခုက္ကူမြို့နယ် နုံးပို့ကျေးရွာအနီး နိုင်ငံတော်က ၂ဝဝ၄ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သောနုံးပို့လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့၍ ရေပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံပွဲကို ဇွန် ၂၄ ရက်က အဆိုပါ စီမံကိန်းရှင်းလင်းဆောင်တွင် ကျင်းပသည်။

အဆိုပါ နုံးပို့လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ၂ဝဝ၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ပြည့်စုံလုံ လောက်သော လျှပ်စစ်ဓာတ်အားမရရှိမှုကြောင့် ကြန့်ကြာမှု များဖြစ်ပွားခဲ့ကြောင်း၊ ယခုအခါ ပခုက္ကူမြို့ ဗုဒ္ဓကုန်းရပ် တွင် လျှပ်စစ်ဓာတ်အားခွဲရုံ သီးသန့်တည်ဆောက်ပြီးဖြစ်၍ မြစ်ရေတင်လုပ်ငန်းများ ကောင်းမွန်စွာလည်ပတ်နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ နုံးပို့လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ ရေသောက်ဧက ၈ဝဝဝ အထိအကျိုးပြုနိုင်မည် ဖြစ်ပြီး စိုက်ပျိုးရေရရှိလာမှုနှင့်အတူ သီးထပ်သီးညှပ်သီးနှံများ စိုက်ပျိုးလာနိုင်ခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာခြင်း၊ ဒေသဝမ်းစာဖူလုံရေးအထောက်အကူ ပြုနိုင်ခြင်း၊ ပတ်ဝန်းကျင်ဒေသများ စိမ်းလန်းစိုပြည် လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ခံစားနိုင်မည်ဖြစ်သည်။

နုံးပို့လျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် ပင်မမြောင်း ၅ ဒသမ ၃၇၉ မိုင်၊ လက်တံမြောင်း ၁၂ ဒသမ ၃၂၁ မိုင်၊ လက်တံခွဲမြောင်း ၆ ဒသမ ၃၃၅ မိုင်ရှိပြီး ဧရာဝတီ မြစ်ရေကို ရေတင်အဆင့်လေးဆင့်ဖြင့် တစ်ရက်လျှင် ရေ ၃၅၇ ဧကပေ ပေးဝေနိုင်ကြောင်း ယင်းစီမံကိန်းအချက်အလက်များအရသိရသည်။

နုံးပို့လျှပ်စစ်မြစ်ရေတင်စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံတောင်သူတစ်ဦးဖြစ်သူ ဦးညီညီက မိမိတို့ ဆယ်နှစ်ခန့်စောင့်စားလာရသည့်စီမံကိန်းမှ ရေများ စတင်ပေးဝေနိုင်တော့မည်ဖြစ်သည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ စီမံကိန်းမြောင်းများအတွင်း ပါဝင်သော မြေယာများအတွက် နစ်နာမှုများရှိပါကြောင်း၊ သို့သော်လည်း မိုးကိုသာ မျှော်လင့်နေရသည့်ဘဝမှ ရေအတွက် မကြောင့်ကြရတော့သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ကိုင်လာနိုင်တော့မည်ဖြစ်ကြောင်း၊ သီးထပ် သီးညှပ်များ စိုက်ပျိုးနိုင်ခြင်းဖြင့် ဝင်ငွေများတိုးတက်လာ မည်ဖြစ်၍ ဝမ်းသာရပါကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်ကို၊ ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးမြင့်ဦးနှင့် ရေသောက် ဧရိယာတွင်ပါဝင်သည့် ညောင်ပင်၊ နံဂါတ်၊ အောင်သာ၊ အနောက်မကျီးကန်၊ ရှင်မကန်ကျေးရွာတို့မှ တောင်သူများတက်ရောက်ကြသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့က ရေမြောင်းများ စမ်းသပ်ရေလွှတ်နေပြီဖြစ်၍ သီးနှံများ စိုက်ပျိုးရေးနှင့် ရေပေးဝေနိုင်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးပြီး တောင်သူများ၏ မေးမြန်းတင်ပြချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ပခုက္ကူမြို့နယ်သည် မိုးရွာသွန်းမှုအနေဖြင့် နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၂၂ ဒသမ ၇၇ လက်မသာရရှိသည့် ဒေသဖြစ်ကြောင်း မိုးလေဝသမှတ်တမ်းများအရ သိရသည်။
သတင်းမုဆိုး(ပခုက္ကူ)

No comments:

Post a Comment