Friday, June 3, 2016

နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တ သုနန္ဒ ဘဝနတ်ထံပျံလွန်တော်မူ

The Mirror Daily's photo.
ရန်ကုန် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ သတိပဋ္ဌာန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုနန္ဒသည် သက်တော် (၈၂) နှစ်၊ သိက္ခာတော် (၆၂) ဝါအရ ၁၃၇၈ ခုနှစ် ကဆုန်လပြည့်ကျော် ၉ ရက် (မေ ၃ဝ ရက်၊ တနင်္လာနေ့) နံနက် ၄ နာရီ တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
ဘဒ္ဒန္တ သုနန္ဒ၏ ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း။ ။ ဆရာတော် လောင်းလျာသည် မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် ရုံးပင် ကန်ရွာ ခမည်းတော် ဦးထွန်းရှိန်-မယ်တော် ဒေါ်တင်မေတို့မှ ၁၂၉၆ ခုနှစ် ပထမဝါဆိုလဆန်း ၁၂ ရက် (သောကြာနေ့)တွင် ဖွားမြင်တော်မူ သော သားရတနာဖြစ်သည်။
ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူခြင်း။ ။ ဆရာတော်လောင်းလျာ သည် ၁၃ဝ၆ ခုနှစ်တွင် နွားထိုးကြီး မြို့နယ် ရေတွင်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တ ပညာဓဇကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၁၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ အောက်လယ်ဦးရပ်နေ ဦးခန်းစိန်-ဒေါ်စံတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မိုးကုတ်မြို့ သတိပဋ္ဌာန် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝကို ဥပဇ္ဈာယ်ပြုလျက် တောင်တောရ ကျောင်း ခဏ္ဍသိမ်၌ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ပရိယတ္တိစာပေသင်ယူဆည်းပူတော်မူခြင်း။ ။ ဆရာတော်လောင်းလျာသည် နွားထိုးကြီးမြို့နယ် ရေတွင်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တ ပညာဓဇ၊ ဘဒ္ဒန္တ သြဘာသ၊ ဇီးတောရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တ သီလာစာရ၊ မိုးကုတ်မြို့ သတိပဋ္ဌာန်ကျောင်းဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝနှင့် အုတ်ဖိုကျောင်းဆရာတော် ဘဒ္ဒန္တ ဥကံ္ကသ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မြို့ ပုဗ္ဗာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ခေမိန္ဒ၊ ဘဒ္ဒန္တ ဓမ္မာနန္ဒ၊ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သူရိယာဘိဝံသ၊ ဘဒ္ဒန္တ ဝိသုဒ္ဓါဘိဝံသ၊ ဘဒ္ဒန္တ စန္ဒောဘာသာ ဘိဝံသ၊ ဘဒ္ဒန္တ ဥာဏောဘာသဆရာတော်တို့ထံ၌ ပရိယတ္တိစာပေများကို သင်ယူ ခဲ့သည်။
သာသနာရေးဆောင်ရွက်တော်မူခြင်း။ ။ ဆရာတော်သည် မိုးကုတ်မြို့ သတိ ပဋ္ဌာန်ပရိယတ္တိစာသင်တိုက်အပြင် မြို့နယ်အသီးသီး၌လည်း သတိပဋ္ဌာန် ပရိယတ္တိစာသင်တိုက်ခွဲပေါင်း ကိုးကျောင်းကို ဖွင့်လှစ်ထူထောင်ခဲ့ခြင်း၊ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်တွင်လည်း မိုးကုတ်မြို့နယ် သံဃနာယကအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းဓိုရ်နှင့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်သြဝါဒါစရိယအဖြစ် လည်းကောင်း သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းတာဝန် များကို ထမ်းဆောင်ခဲ့သည်။
ဘွဲ့တံဆိပ်အလှူခံရရှိတော်မူခြင်း။ ။ ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယတို့ဖြင့် သယ်ပိုးဆောင်ရွက်တော်မူသော ဆရာတော် ဘဒ္ဒန္တ သုနန္ဒသည် ၁၃၅၃ (၁၉၉၂)ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်မြတ်ကိုလည်းကောင်း၊ ၁၃၆၅(၂ဝဝ၄)ခုနှစ် တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်မြတ်ကိုလည်းကောင်း အလှူခံရရှိတော်မူသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း။ ။ ဆရာတော်ကြီးသည် သာသနာတော် အကျိုးသယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော် (၈၂)နှစ်၊ သိက္ခာတော်(၆၂)ဝါ အရ ၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက် (၃ဝ-၅-၂ဝ၁၆၊ တနင်္လာနေ့) နံနက် ၄ နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာန မှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment