Friday, June 3, 2016

ကျပ်သန်း ၁ဝဝဝ အကုန်အကျခံ၍ သဘာဝဘေးဒဏ်ခံနိုင်မည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံနှစ်လုံး ကိုကိုးကျွန်း၌ ဆောက်မည်

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-ဖိုးလုံး

ရန်ကုန် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်း၌ သဘာဝဘေးအန္တရာယ်ခံနိုင်မည့် ပြည်သူများခိုလှုံရာ မုန်တိုင်းဒဏ်ခံအဆောက်အအုံနှစ်လုံးကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျပ်သန်း ၁ဝဝဝ အကုန်အကျခံကာ ယခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

''ကိုကိုးကျွန်းမှာ သဘာဝဘေးအန္တရာယ်ခံနိုင်မယ့် အဆောက်အအုံတွေကို တည်ဆောက်ပေးဖို့ ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အထူးစီမံကိန်းဖြစ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်ပြင်ပရှိ မြို့နယ်တွေနဲ့ကျေးရွာတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေကို အကောင်အထည်ဖော်မှုအစီအစဉ်မှာ ထည့်သွင်းထားပြီးဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန် (ဆဋ္ဌမနေ့) အစည်းအဝေးတွင် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း လွှတ်တော်သို့ အဆိုတင်သွင်းမေး မြန်းသော ကိုကိုးကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံအဆောက်အအုံများဆောက်လုပ် ပေးရန် ရှိ မရှိ၊ ရှိပါကမည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်၊ မရှိပါက မည်သည့် အတွက်ကြောင့် ဆောက်လုပ်ပေးနိုင်ခြင်းမရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းမှု တွင် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့နှင့် မိုင် ၂၆ဝ ကျော်ဝေးသော ကိုကိုးကျွန်းမြို့ကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရ စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးကြည်တင် ဦးဆောင်သော အဖွဲ့သည် ပြီးခဲ့သည့် မေ ၁ဝ ရက်က အရေးကြုံလာ၍ ပြည်သူများ ခိုလှုံနိုင်ရန် မုန်တိုင်းဒဏ်ခံအဆောက်အအုံများဆောက်လုပ်ပေးမှုနှင့်ပတ်သက်၍မြေပြင်သို့ ကွင်း ဆင်းလေ့လာချက်များပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုမြေပြင် လေ့လာတွေ့ရှိချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခဲ့ရာ ပြည်သူ ၃ဝဝ ကျော် ခိုလှုံနိုင်မည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ နှစ်လုံးတည်ဆောက်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အတည်ပြုခဲ့ပြီး ယခုဘတ်ဂျက်အတွင်းမှာပင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းမုန်တိုင်းဒဏ်ခံအဆောက်အအုံနှစ်လုံးအတွက် လျာ ထားငွေမှာ ရှက်တာတစ်လုံးလျှင် ငွေကျပ်သန်း ၅ဝဝ စီဖြင့် စုစုပေါင်းငွေကျပ်သန်း ၁ဝဝဝ အကုန်အကျခံ တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံရဲ့ လုံခြုံရေးအရအရေးကြီးပြီးတော့ အစွန်ဆုံးကျွန်းတစ်ကျွန်း လည်းဖြစ်တဲ့ ကိုကိုးကျွန်းမြို့နယ်မှာ ဘေးအန္တရာယ်စီမံကိန်းအပါအဝင် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက ဒေသခံပြည်သူလူထုအတွက် လုံခြုံစွာခိုလှုံနိုင်ရန် ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံအဆောက်အအုံတွေတည်ဆောက်ပေးဖို့အတွက် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့လက မြေပြင်ကို သွား ရောက်လေ့လာပြီးပါပြီ။ အခုနှစ်ဘတ်ဂျက်အတွင်းမှာပဲ အကောင်အထည်ဖော် တည် ဆောက်ပေးမှာပါ''ဟု တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင်၌တည်ရှိပြီး ရန်ကုန်မြို့နှင့် ရေမိုင် ၂၆ဝ ကျော်ကွာဝေးကာ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် ကျွန်းတစ်ကျွန်းဖြစ် သည်။ ကိုကိုးကျွန်းမြို့ ပေါ်၌ ပြည်သူများနေထိုင်သည့် ရပ်ကွက်နှစ်ခုရှိပြီး စုစုပေါင်း လူဦးရေတစ်ထောင်ကျော်နေထိုင်ကာ အဓိကရေလုပ်ငန်းနှင့် စိုက်ပျိုးမွေး မြူရေး လုပ်ငန်းတို့ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေထိုင်လျက်ရှိသည်။ အဆိုပါ ကျွန်း ပတ်ပတ်လည်တွင် ကျောက်ဆောင်၊ ကျောက်စူးများရှိခြင်းကြောင့် သင်္ဘောဆိုက် ကပ်ရန် မလွယ်ကူသဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ ကျွန်းပေါ်နေပြည်သူများ အတွက် အခက်အခဲများစွာ ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။ ကိုကိုးကျွန်းသည် မြန်မာနိုင်ငံ၏ အစွန်ဆုံး၌တည်ရှိပြီး နိုင်ငံလုံခြုံရေးအတွက် အရေးကြီးဆုံးကျွန်း တစ်ကျွန်းဖြစ်သည်။
(မြန်မာ့အလင်း)

No comments:

Post a Comment