Friday, June 3, 2016

ပြည်သူ့အားကိုရယူ

အယ်ဒီတာအာဘော်

ရခိုင်ပြည်နယ်ကြီး အလျင်အမြန် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်သွားမည်။
နိုင်ငံတော်သမ္မတရုံးက မေ ၃ဝ ရက်တွင် '' ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီ''နှင့် လုပ်ငန်းကော်မတီလေးရပ်ဖြစ်သော (၁) လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီ၊ (၂) လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၊ (၃) ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ၊ (၄) ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ တို့ကို အမိန့်ကြော်ငြာစာများ ထုတ်ပြန်ဖွဲ့စည်းကာ လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် အင်တိုက်အားတိုက် အကောင်အထည်ဖော်လျက်ရှိပြီ ဖြစ်သည်။

''ရခိုင်ပြည်နယ်သည် သံယဇာတအလွန်ပေါများ ကြွယ်ဝသည့် ပြည်နယ်ကြီးဖြစ်ပြီး ရေ၊ မြေ၊ သစ်တော၊ သဘာဝတွင်းထွက်သယံဇာတ များ ပေါများကြွယ်ဝပါကြောင်း၊ ယင်းတို့ကို အကျိုးရှိရှိဖြင့် ပြည်ထောင်စု အစိုးရ၏ကွပ်ကဲမှုနှင့် ဒေသခံပြည်သူများ၊ အဖွဲ့အစည်းများကပါ စည်းလုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဆိုပါက ပြည်နယ်ကြီးတစ်ခု လုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းထားသကဲ့သို့ အမျိုး သားရင်ကြားစေ့ရေးအတွက် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ချစ်ခင်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုတို့ဖြင့် ပေါင်းစည်း နေထိုင်လုပ်ကိုင်ပြီး တိုင်းပြည်အတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြ ဖို့ အလွန်အလေးထားပါကြောင်း၊ ယင်းသို့ အလေးထားဆောင်ရွက်နေ ခြင်းကို ဒေသခံတာဝန်ရှိသူများနှင့် ပြည်သူများကလည်း အားတက် သရောကူညီပံ့ပိုးပေးကြပါရန် ပြောလိုပါကြောင်း''ဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဇွန် ၁ ရက်နေ့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူလူထုနှင့် တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

နိုင်ငံတစ်ခု သို့မဟုတ် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ထိုနိုင်ငံ၊ ထိုဒေသနေပြည်သူတို့၏ အသိစိတ်ဓာတ်ရှိရှိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှုတို့မရှိဘဲနှင့် အောင်မြင်မှုမရရှိနိုင် ကြောင်း နိုင်ငံတကာမှ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှု အတွေ့အကြုံများ က ပြဆိုလျက်ရှိသည်။ စင်စစ်အားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုဟူသည် လူကိုအခြေခံသည့်အလျောက် ပြည်သူလူထု၏ တစ်ခဲနက် ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှာ မဖြစ်မနေလိုအပ်သည်။ သို့ဖြစ်သည့်အလျောက် ဦးဆောင်မှုနှင့် ပြည်သူလူထုတို့ ကင်းကွာနေခြင်း၊ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေခြင်းကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်မလာအောင် သတိကြီးစွာရှောင်ရှားပြီး ပြည်သူလူထုပါဝင်လာ အောင်၊ မိမိတို့နေထိုင်ရာဒေသ မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပါဝင်ဆောင်ရွက်မည်ဟူသော ပြည်သူလူထု၏တကကြွမှုအရှိန် အဟုန် (mass-dynamism) ကိုပါရရှိအောင် စည်းရုံးဆောင်ရွက်သွား ရမည်ဖြစ်သည်။ ပြည်သူများကလည်း စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်။

ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရေခံ မြေခံကောင်းတို့ ရှိပြီးဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဟူသည် ဒင်္ဂါး တစ်ပြား၏ ခေါင်းနှင့်ပန်းသဖွယ် ခွဲခြား၍မရသော သဘောရှိသည်။ တည်ငြိမ်အေးချမ်းမှုမရှိဘဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်၍မရ။ ဒေသတည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်သူများ မှာ ဒေသခံပြည်သူများပင်ဖြစ်သည်။ ရေခံမြေခံကောင်းအပေါ်တွင် တည်ငြိမ်အေးချမ်းမှုကို ထူထောင်ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ အောင်မြင်စွာ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ ရခိုင်ဒေသ ဝပြော သာယာဖွံ့ဖြိုးတိုးတက်လာမည်မှာ ဧကန်မလွဲ။ ။

No comments:

Post a Comment