Friday, June 3, 2016

အနုပညာဗဟိုဌာနတွေဆောက်တယ်ဆိုတာ ဗဟိုကော်မတီနဲ့မဆိုင်၊ အကျိုးတူလုပ်ငန်းရှင်တွေက သမ္မတဟောင်းကို လှူတာမဟုတ်၊ဆောက်လုပ်ရေးဝန်ကြီးဌာန အကောင့်ထဲကိုလွှဲပေးခြင်းဖြစ်၊ အလှူရှင်က ပုဂ္ဂလိကဆန်ဆန်လှူတဲ့ သီးသန့်အလှူငွေသာဖြစ်

The Mirror Daily's photo.
နေပြည်တော် ဇွန် ၂
''မီဒီယာတွေမှာရေးသားထားသလို အဂတိလိုက်စားမှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ လုံးဝမရှိပါဘူး။ လုပ်ထုံးလုပ်နည်းတွေအရ တစ်ဦးတစ်ယောက် တည်း ဆုံးဖြတ်ချက်ချရတာမျိုးမဟုတ်ဘဲ ဗဟိုကော်မတီနဲ့ဆုံးဖြတ်ရတဲ့ကိစ္စ တွေဖြစ်ပါတယ်။ ပြည်သူလူထုပိုင်တဲ့ ကျောက်မျက်ရတနာတွေကနေရရှိတဲ့ အကျိုးအမြတ်တွေကို ပြည်သူလူထုဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သုံးစွဲခဲ့ခြင်းသာ ဖြစ်ပါတယ်''ဟု သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က ယနေ့နံနက်ပိုင်းတွင်ပြုလုပ်သည့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ ရန်ပုံငွေသုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
၎င်းက ''ကျွန်တော်နဲ့ပတ်သက်ပြီး မီဒီယာတွေမှာ ရေးသားဖော်ပြထားတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ပုဂ္ဂိုလ်ရေးအရရှင်းလင်းရခြင်းဖြစ်ပါတယ်။ သူတို့ရေးသားဖော်ပြချက်တွေက ရောထွေးနေတယ်။ သူတို့အထင်နဲ့သူတို့ ရေးသားတာတွေ၊ စုံစမ်းမေးမြန်းခြင်းမရှိဘဲရေးသားမှုတွေ၊ အချက်အလက် မပြည့်စုံဘဲရေးသားဖော်ပြတာတွေဟာ ပုဂ္ဂိုလ်ရေးအရအများကြီးထိခိုက်မှု တွေရှိတယ်''ဟု ပြောသည်။
သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးရဲထွဋ်က ''ကျွန်တော်က တစ်သီးပုဂ္ဂလအနေနဲ့လာတက်ခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အငြိမ်းစားသမ္မတကြီးနဲ့အတူ တာဝန် ထမ်းဆောင်ခဲ့ပြီး အနုပညာဗဟိုဌာနနဲ့ပတ်သက်လို့ ကျွန်တော့်ဖေ့ဘုတ်မှာလည်း ရှင်းပြထားပါတယ်။ အခု ဘာတွေရှင်းလင်းတယ်ဆိုတာသိချင်လို့ လာတက်ခြင်း ဖြစ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့ ကျွန်တော့်အမြင်ကိုပြောရရင် ဒီကိစ္စတွေအားလုံးရဲ့အခြေခံဟာ ကျောက်မျက်ဗဟိုကော်မတီနဲ့ကျောက်မျက် လုပ်ငန်းရှင်းများအသင်းဟာ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့တဲ့အတွက် နားလည်မှုလွဲတယ်။ ငွေပမာဏများတဲ့လုပ်ငန်းတွေ အတွက် ပွင့်လင်းမြင်သာဖို့လိုတယ်လို့ မြင်တယ်။
''ဒီကိစ္စကိုပြန်ကြည့်ရင် ဒါဟာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းအဖွဲ့ထဲမှာဖြစ်တဲ့ ပြဿနာဖြစ်တယ်။ တိုင်ကြားတယ်လို့ နာမည်ထွက်တဲ့ သူတွေမှာလည်း အသင်းရဲ့အမှုဆောင်တွေအများကြီးပါတယ်။ ဖြစ်သင့်တာက အသင်းရဲ့အမှုဆောင်အစည်းအဝေးတွေ၊ သင်းလုံးကျွတ်အစည်းအဝေးတွေမှာ ဒီကိစ္စတွေကို စာရင်းရှင်းခိုင်းဖို့လိုတယ်။ မရှင်းရင် တိုင်သင့်ရင်တိုင်ရမယ်''ဟု ပြောသည်။
မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က ''ကျွန်တော်က ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ကို စတင်တည်ထောင်ခဲ့တဲ့သူတွေထဲက အသင်းချုပ်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲလိုတည်ထောင်ခဲ့ပြီးမှ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းဆိုတာ ဖြစ်လာတာပါ။ အရင်က ကျောက်မျက် ရတနာပြပွဲကုန်ကျငွေတွေကို နိုင်ငံတော်က အကုန်အကျခံရတယ်။ နောက် ကျောက်မျက်လုပ်ငန်းရှင်များအသင်းပေါ်ပေါက်လာတဲ့အခါ ကုန်ကျငွေတွေ အတွက် ညှိနှိုင်းသတ်မှတ်ထားတဲ့အခွန်ကောက်ပါတယ်။ အခု တစ်ရာခိုင်နှုန်း ကောက်ပါတယ်။ အဲဒီလိုကောက်လို့ရတဲ့ ငွေကြေး သန်း ၈ဝ ကျော်ကို ကျောက်မျက်ရတနာပြပွဲခန်းမကြီးတွေ၊ သင်တန်းကျောင်းတွေ၊ ဂိုထောင်တွေ၊ ရွှေကြာပင်ခန်းမတွေ ဆောက်ခဲ့ပါတယ်။ အလှူငွေတွေနဲ့ပတ်သက်လို့ကတော့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းသာမက ကျောက်မျက်ရတနာ ဗဟိုကော်မတီကလည်း ထိန်းသိမ်းပါတယ်။ ၂ဝဝ၆ ခုနှစ်ကတည်းက စတင် ရရှိခဲ့တဲ့ငွေတွေကို ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ကျောက်မျက် ဗဟိုကော်မတီကနေ ကျောက်မျက်အသင်းသူ၊ အသင်းသားတွေ၊ သတင်းမီဒီယာ တွေကို ရှင်းလင်းမပြခဲ့တဲ့အတွက် အခုလိုပြဿနာပေါ်လာရခြင်းဖြစ်တယ်''ဟု သူ၏အမြင်ကို ပြောပြသည်။
ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာမြင့်အောင်က ''ကျွန်တော်က အခု ဘယ်ပါတီဝင်မှမဟုတ်ပါဘူး။ သမ္မတဟောင်း ဦးသိန်းစိန်က အခု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဖြစ်တယ်။ ဒီလိုရေးသားဖော်ပြ မှုတွေဟာ ပါတီကိုသိက္ခာချတာ၊ ပါတီကိုထိုးနှက်တာလို့ထင်တယ်။ ပုဂ္ဂိုလ်ရေး အရတိုက်ခိုက်တာဖြစ်တယ်။ ဒါတွေကို ဥပဒေကြောင်းအရ အရေးယူဖို့သင့်တယ် လို့မြင်တယ်။ မမှန်မကန်တာ၊ မဟုတ်တာကိုတော့ မဟုတ်ကြောင်း၊ မမှန် ကြောင်း၊ ဥပဒေကြောင်းအရ တုံ့ပြန်ရမှာဖြစ်တယ်။ မတုံ့ပြန်ရင် အမှားက အမှန်လိုဖြစ်သွားမယ်။ ဒါကြောင့် ဥပဒေကြောင်းအရ အရေးယူသင့်တယ်၊ တုံ့ပြန်သင့်တယ်လို့ ပုဂ္ဂိုလ်ရေးအရ မြင်ပါတယ်။
''တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်တဲ့နေရာမှာ မီဒီယာတွေအနေနဲ့ ဝေဖန် သုံးသပ်ပံ့ပိုးကူညီကြရမှာဖြစ်ပါတယ်။ ပွဲဆူအောင်၊ သိက္ခာကျဆင်းအောင်၊ နစ်နာအောင်မလုပ်သင့်ပါဘူး။ တိုက်ရိုက်လုပ်သူတွေ၊ အားပေးကူညီသူတွေ၊ ပံ့ပိုးသူတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူသင့်တယ်လို့ ပုဂ္ဂိုလ်ရေးအရမြင်ပါ တယ်။ ကျွန်တော်က မည်သူရဲ့တိုက်တွန်းချက်၊ စေ့ဆော်ချက်မှမပါဘဲ အခုလို ရှင်းလင်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်နဲ့ ပတ်သက်တယ်ဆိုတာတွေကို ဘာလုပ် ရမယ်ဆိုတာ ကျွန်တော်စဉ်စားသွားမယ်။ မီဒီယာတွေအနေနဲ့ လုပ်ငန်းရှင်တွေ ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေကိုပဲဖြစ်ဖြစ် အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်''ဟု ပြောသည်။
ပြည်ထောင်စုဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း ''အခုဟာက အုပ်ချုပ်မှု အာဏာအရ လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဆီကို တိုင်တာ မဟုတ်ဘူး။ လွှတ်တော်မှာဖွဲ့စည်းထားတဲ့ သတ္တုနဲ့ဆိုင်တဲ့ကော်မတီတွေ၊ တိုင်ကြားစာနဲ့ပတ်သက်တဲ့ကော်မတီတွေကို တိုင်ကြားတာမဟုတ်ဘဲနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အထုတ်ခံရတဲ့သူတွေများများပါဝင် တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များကော်မရှင်ကို တိုင်ကြားတယ်ဆိုတာကတော့ အသင်းရဲ့ကိစ္စထက် ပိုပြီးနက်နဲတဲ့ နိုင်ငံရေး အကြောင်းအရာတွေများရှိမလားလို့ စဉ်းစားစရာဖြစ်ပါတယ်။
''ဒီလိုဖြစ်တာကိုပြန်ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေးအရ ရည်ရွယ်ထိုးနှက်တဲ့ ကိစ္စတွေအများကြီးပါတာကို တွေ့ရမှာဖြစ်တယ်။ ဥပမာ ရွှေလယ်တော ကော်ဖီဆိုင်ကိစ္စပေါ့။ ဒါဟာလည်း ဆင်တွေကြားထဲမှာ ယုန်ဝင်ဖမ်းတာနဲ့တူနေ တယ်လို့မြင်တယ်။ ဒါတွေဟာ အများကြီးစဉ်စားစရာ ကောင်းပါတယ်။
''သတင်းမီဒီယာဆိုတာ ထူးခြားတဲ့သတင်းတွေ၊ ပြည်သူတွေသိသင့်တယ် ဆိုတဲ့သတင်းတွေ ရေးသားတင်ပြရမှာ မီဒီယာရဲ့တာဝန်ပါ။ ဒီလိုရေးသားတင်ပြ တဲ့အခါ အခြားသူတွေရဲ့ နိုင်ငံရေးအကျိုးအမြတ်အလို့ငှာ အသုံးချခံဘဝတွေ မဖြစ်ဖို့လိုတယ်လို့ ထင်တယ်။ သတင်းတစ်ခုကြားရင် သတင်းရဲ့နောက်ကြောင်း ရာဇဝင်ကို ပြန်လည်စိစစ်စေချင်ပါတယ်။
''ဒီနေ့သတင်းစာရှင်းလင်းပွဲကတော့ သူတို့အနေနဲ့ ဒီကိစ္စမှာ အဂတိ လိုက်စားတာမရှိဘူး။ တာဝန်အတိုင်း မှန်မှန်ကန်ကန်လုပ်တယ်ဆိုတာပြော သွားတာတွေ့ရတယ်။ သို့သော် တိကျတဲ့အချက်အလက်တွေကို အခုထက်ပိုပြီး ထုတ်ပြန်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေ ပိုပြီးရှင်းလင်းသွားမှာဖြစ်တယ်။ ဘဏ်မှာ ငွေစာရင်းရှိတယ်ဆိုရင် ငွေစာရင်းကို ဘဏ်ကနေတောင်းပြီး ထုတ်ပြန်ပေး သွားရင် ပိုရှင်းလင်းသွားမှာဖြစ်တယ်''ဟု ဆိုသည်။
''အနုပညာဗဟိုဌာနတွေဆောက်တယ်ဆိုတာ ဗဟိုကော်မတီနဲ့မဆိုင်ပါဘူး။ အကျိုးတူလုပ်ငန်းရှင်တွေက သမ္မတဟောင်းကိုလှူတာမဟုတ်ပါဘူး။ ဆောက်လုပ် ရေးဝန်ကြီးဌာန အကောင့်ထဲကိုလွှဲပေးတာဖြစ်တယ်။ သမ္မတဟောင်းကတစ်ဆင့် သွားတာလည်းမဟုတ်ဘူး။ အသင်းရန်ပုံငွေ၊ ဗဟိုကော်မတီရန်ပုံငွေလည်း မဟုတ်ဘူး။ အလှူရှင်က ပုဂ္ဂလိကဆန်ဆန်လှူတဲ့ သီးသန့်အလှူငွေဖြစ်တယ်။ ဒါတွေကို အစည်းအဝေးခေါ်ယူရှင်းပြရင် အားလုံးရှင်းသွားမှာဖြစ်တယ်။ ကျွန်တော်သိရသလောက်ကတော့ ဘယ်သူမှ အလွဲသုံးစားမလုပ်ကြပါဘူး။ စာရင်းဇယားတွေရှိပေမယ့် ပွင့်လင်းမြင်သာစွာရှင်းလင်းမှုတွေမရှိလို့ အခုလို ဖြစ်ရတာပါ''ဟု အသင်းဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က ရှင်းပြသည်။
ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ ရန်ပုံငွေဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သည့်တိုင်ကြားစာကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သူ များတွင် တစ်ဦးအပါအဝင်ဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြီးက ''ဒီနေ့ ဒီနေရာမှာ သတင်းစာရှင်းလင်းသလို ရန်ကုန်မှာလည်း ရှင်းလင်းနေပါတယ်။ အလုပ် အမှုဆောင် ၁၅ ဦးလက်မှတ်ထိုးတိုင်ကြားတယ်။ ဒီနေ့ ရှင်းလင်းသွားတာတွေမှာ အားနည်းချက်၊ အားသာချက်တွေ တွေ့ရတယ်။ ရှင်းလင်းတဲ့သူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းမြို့ ကျောက်မျက် ရတနာအသင်းမှာ ဇွန် ၇ ရက်မှာ တရားဝင်သတင်းစာရှင်းလင်းသွားမယ်။
''ငွေ ၉၃ သန်းဟာ ဘာကြောင့်၊CSR ရန်ပုံငွေသုံးတာ ဘာကြောင့်၊ ဘယ်အစည်းအဝေးခွင့်ပြုချက်နဲ့သုံးတယ်၊ ဘယ်အတွက် ဘာပေါ့။ အမှန်တရား ရဲ့နောက်ကွယ်မှာ ဘယ်အရာမှ ဖုံးလို့မရပါဘူး။ ကိုယ့်သမိုင်းကို ကိုယ်ကိုယ်တိုင် ရေးကြရတာဖြစ်ပါတယ်။ ရိုးသားပွင့်လင်းမှုမရှိလို့ တိုင်ကြားရတာ ဖြစ်တယ်။ ခေါင်းဆောင်ဆိုတာ ရိုးသားပွင့်လင်းရမှာဖြစ်တယ်။ အမှန်တရားပေါ်စေချင် တယ်''ဟု ပြောကြားခဲ့သည်။
(မောင်ဖိုးဇော်)

No comments:

Post a Comment