Wednesday, June 1, 2016

လာမည့်နွေရာသီ ရန်ကုန်တွင် ဓာတ်အားမဂ္ဂါဝပ် ၄ဝဝ ကျော် ထပ်မံရရှိရေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြိုးပမ်းမည်

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-မင်းထက်
 
ရန်ကုန် မေ ၃၁

လာမည့်နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာ ရရှိနိုင်ရန်အတွက် မဂ္ဂါဝပ် ၄ဝဝ ကျော် ထပ်မံဖြည့်ဆည်းပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
''အခုနှစ်ပြီးခဲ့တဲ့ နွေရာသီမှာ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ပြတ်တောက်မှုဟာ တော်တော်လေးကို ပြဿနာတစ်ရပ်အဖြစ် ရုန်းကန်ခဲ့ရပါတယ်။ အကြောင်း ကတော့ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ မြေအောက်လိုင်းတွေကြောင့်ရော၊ တည်ဆောက်ခဲ့တဲ့ နည်းစနစ်တွေရဲ့ အားနည်းမှုတွေကြောင့်ပါ။ နောက်ပိုင်း ဒီလိုအပ်ချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရေရှည်တည်တံ့ဖို့ လုပ်ဆောင်ကြိုးပမ်းသွားပါမယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့က ဓာတ်အားထုတ်လုပ်မှုကို ကိုင်တွယ်ရတာမဟုတ်ပါဘူး။ ဖြန့်ချိပေးမှုအပိုင်းကိုပဲ ကြီးကြပ်ကွပ်ကဲ ပေးရတာဖြစ်တယ်။ ဒါပေမယ့် လာမယ့် နွေရာသီမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွက် မဂ္ဂါဝပ် ၄ဝဝ ကျော်လောက် နောက်ထပ် ထပ်မံဖြည့်ဆည်းရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကြိုးပမ်းလုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်''ဟု ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့မှုနှင့် ပြန်လည်ရရှိရေး ဆောင်ရွက်မှုအခြေ အနေနှင့်ပတ်သက်၍ မီဒီယာရှင်းလင်းပွဲ တွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပြည်သူများသို့ အပြည့်အဝရရှိစေရေးနှင့် လျှပ်စစ် ပြတ်တောက်မှုပြဿနာများ ရင်ဆိုင် ကြုံတွေ့နေရခြင်းကြောင့် တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး ကော်ပိုရေးရှင်းအနေဖြင့် ပြုပြင်ထိန်း သိမ်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အား လေလွင့်မှုဖြစ်ပေါ်စေသည့် သစ်ပင်၊ သစ်ကိုင်းအချို့တို့ကိုလည်း ခုတ်ထွင် ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ထိုသို့ပြုလုပ်နေစဉ်အတွင်း လျှပ်စစ် ပြတ်တောက်မှုများကို မည်သည့်မြို့နယ်၊ မည်သည့်ဒေသတို့တွင် ဖြစ်ပေါ်နိုင်မည် ကိုလည်း သက်ဆိုင်ရာအနေဖြင့် ရုပ်သံ မီဒီယာ၊ သတင်းစာတို့အပြင် FM ရေဒီယိုလိုင်းများမှလည်း ပြည်သူများသို့ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီး လျှပ်စစ် သုံးစွဲမှုသည် မဂ္ဂါဝပ် ၁၁၅ဝ နှင့် ၁၂ဝဝ ဝန်းကျင်ရှိသဖြင့် နိုင်ငံတစ်ဝန်း လျှပ်စစ် သုံးစွဲမှုအနက် ထက်ဝက်ကျော်ရှိမည် ဖြစ်သည်။ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ အနေဖြင့် လူဦးရေထူထပ်များပြားပြီး အလုပ်အကိုင်အခွင့်အလမ်း များပြား သည့် စက်မှုဇုန်များ၊ ဟိုတယ်များ၊ ပြည်ပ ကုမ္ပဏီလုပ်ငန်းများ တစ်နေ့ထက်တစ် နေ့တိုးပွားလာခြင်းကြောင့် လျှပ်စစ် လိုအပ်ချက်ပြဿနာမှာ ရင်ဆိုင်နေရဆဲ ဖြစ်သည်။

''ရန်ကုန်မှာက နိုင်ငံတစ်ဝန်းသုံးစွဲ နေတဲ့မဂ္ဂါဝပ် ထက်ဝက်လောက် သုံးစွဲ နေတာပါ။ ဒါပေမယ့် ခေတ်စနစ်ရဲ့ တိုးတက်လာမှုနဲ့အတူ လိုအပ်ချက်က တော့ ရှိနေဦးမယ်။ ဘာကြောင့်လဲဆို တော့ ရန်ကုန်မှာ အထပ်မြင့် အဆောက် အအုံ ၂ဝဝ ကျော်လောက် ဆောက်ဖို့ ရှိပါတယ်။ ဒါ့အပြင် စီမံကိန်းသစ်တွေ၊ တန်ဖိုးနည်းအိမ်ရာတွေလည်း ထပ်မံ ဆောက်ဖို့ ရှိနေပါတယ်။ ဒီအတွက် လာမယ့် နွေရာသီမှာ နောက်ထပ် မဂ္ဂါဝပ် ၄ဝဝ လောက်ရဖို့ကို ကြိုးပမ်းသွားပါမယ်'' ဟု ဝန်ကြီးချုပ်က ပြောကြားသည်။ 

တိုင်းဒေသကြီး အစိုးရအနေဖြင့် လာမည့် နွေရာသီတွင် လျှပ်စစ်မီး လုံလောက်စွာရရှိရေးအတွက် မဂ္ဂါဝပ် ၄ဝဝ ကို နိုင်ငံတကာမှ လုပ်ငန်းရှင်များ ဖြင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ရာတွင် ဂက်စ်အင်ဂျင် တာဘိုင်များဖြင့် လုပ်ဆောင်သွားမည် ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း တစ်ယူနစ် ငွေကျပ် ၁၃ဝ မှ ဖြန့်ဖြူးပြီး ငွေကျပ် ၁၅ဝ ကျော်အထိ ပေးဆောင်ရနိုင်ခြင်း ကြောင့် ယင်းလုပ်ငန်းအတွက် ဖြန့်ချိသူ၊ ရောင်းချသူနှင့် ဝယ်ယူသုံးစွဲသူများ အကြား အပြန်အလှန်ဆွေးနွေးညှိနှိုင်း မှုများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများအတွက် တိုင်းဒေသကြီး အစိုးရအနေဖြင့် ယခုကတည်းက အကောင်အထည် ဖော်လျက်ရှိပြီး လာမည့်နွေရာသီအမီ ကြိုးပမ်းသွား မည်ဖြစ်သည်။ 

ယခုအခါ ရန်ကုန်မြို့တွင် ဓာတ်အား ပေးရုံ လေးရုံရှိပြီး တာဘိုင် ၆၁ လုံးဖြင့် မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးမှ တစ်ယူနစ်
၅၇ ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးရေးကော်ပိုရေးရှင်းက ဝယ်ယူကာ အနည်းဆုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း အခြေခံ ထားပြီး မီတာသုံးစွဲမှုပေါ်မူတည် ၍ဖြန့်ဖြူးကောက်ခံပေးလျက်ရှိကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment