Wednesday, June 1, 2016

ထိန်းသိမ်းခံအလုပ်သမား ၃၆ ဦးအား ပြန်လည်လွှတ်ပေး

The Mirror Daily's photo.
ရမည်းသင်း မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီးစက်မှုဇုန်ရှိ Myanmar Veneer သစ်အခြေခံစက်ရုံမှ နေပြည်တော်သို့ လမ်းလျှောက် ဆန္ဒပြခဲ့သည့် အလုပ်သမားအဖွဲ့မှ ထိန်းသိမ်းခံခဲ့ရသော အဖွဲ့ဝင် ၅၁ ဦးအနက် ၃၆ ဦးကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရမည်းသင်းဗဟိုအကျဉ်းထောင်မှ လွှတ်ပေး လိုက်ပြီဖြစ်သည်။
စစ်ကိုင်းမြို့မှတစ်ဆင့် နေပြည်တော်သို့ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြရာ မေ ၁၇ ရက် ညနေပိုင်းက တပ်ကုန်း မြို့အဝင်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ယင်းထိန်းသိမ်းခံ အလုပ်သမား ၅၁ ဦးအနက် ကိုအောင်ဖြိုး၊ ကိုနိုင်ဦး၊ ကိုဝင်းကိုကို အပါအဝင် ဆန္ဒပြအလုပ်သမား အဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၆ ဦးတို့သည် ရမည်းသင်းမြို့ ဗဟိုအကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာခဲ့သည်။ ၄င်းတို့ကို စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပို့ဆောင်ပြီး ထိုမှ တစ်ဆင့် ၄င်းတို့၏ နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း ဥတ္တရခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ထံမှ သိရသည်။
ဦးစိုးအောင်က ''ဒီနေ့ လွှတ်ပေးလိုက်တာကတော့ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၆ ဦးပါ။ ဘာကြောင့် လွှတ်ပေးတာလဲဆိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲစစ်ဆေးချက်အရ အပြစ်မရှိဘူးလို့ ယူဆတဲ့ သူတွေကို လွှတ်ပေးလိုက်တာပါ။ ကျန်တာကတော့ ဒီအလုပ်သမားအဖွဲ့ရဲ့ ခေါင်းဆောင် ကိုခိုင်မင်းအပါအဝင် ၁၅ ဦးကျန်ပါသေးတယ်။ သူတို့ကိုတော့ လိုအပ်တာတွေ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အခု လွှတ်လိုက်တဲ့ အလုပ်သမားတွေကို အလုပ်ရှင် ကိုယ်တိုင်ကလည်း ပြောထားတာရှိပါတယ်။ အလုပ်ရှင်က သူတို့ ခန့်နိုင်တဲ့အင်အားကို ပြောထားတယ်။ အဲဒါကိုတော့ ခန့်ပေးမယ်။ နောက်ထပ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့အစီအစဉ်ကလည်း သူတို့ကို သပ်သပ် ဒီ့အပြင်နေရာ တွေမှာတော့ အလုပ်ရှာပေးမယ်ဆိုပြီး အရင်ကတည်းကလည်း ညှိနှိုင်းထားတာရှိပါတယ်။ သူတို့ဘက်က အဆင် မပြေလို့ပါ။ အခုလွတ်မြောက်တဲ့ အလုပ်သမားတွေအနေနဲ့ လိုအပ်ချက်တွေထပ်ပြီး တောင်းဆိုသွားမယ်ဆိုရင် ဥပဒေ ဘောင်အတွင်းကနေပဲ ဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်။ ဒီလို အလုပ်သမားတွေ ပြန်လွှတ်တာက ရက် ၁ဝဝ စီမံချက်လားဆိုတော့ ဟုတ်တယ်။
နောက်ထပ်လည်း ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးအကျဉ်းသား လို့ ယူဆထားတဲ့ သူတွေအကုန်လုံးကို စစ်ဆေးပြီးတော့ လွှတ်ပေးနေတာတွေရှိတယ်။ ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီး ဌာနနဲ့ပေါင်းပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်''ဟု ဆိုသည်။
ယနေ့လွတ်မြောက်လာသည့် ထိန်းသိမ်းခံဆန္ဒပြ အလုပ်သမားများအဖွဲ့မှ ကိုမင်းမင်းက ၄င်းတို့ ရုံးချိန်းရက် မှာ ဇွန် ၁ ရက်ဖြစ်သော်လည်း တစ်ရက်ကြို၍ လွတ် မြောက်လာခြင်းဖြစ်ကြောင်း၊ လွတ်မြောက်ရသည့်အကြောင်း ရင်းကိုလည်း ၄င်းတို့ကိုယ်တိုင် မသိရဟု ဆိုသည်။ ကျန်ရှိ နေသည့် ၁၅ ယောက်တွင် ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုခိုင်မင်း အပါအဝင် ကိုသိန်းဦး၊ ကိုဝင်းမင်းဦး၊ စောအန်း ထွန်းတို့ပါဝင်ကြောင်း သိရသည်။ ၄င်းတို့အနေဖြင့် အလုပ် သမားများအခွင့်အရေး ရိုးရိုးသားသား တောင်းဆိုခဲ့သည့် အတွက် နောင်တမရကြောင်း၊ ကျန်ရှိနေသည့် အလုပ်သမား ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကိုမင်းမင်းက ပြောသည်။ ဆန္ဒပြ အလုပ်သမားအများစုမှာ စစ်ကိုင်းမြို့ဒေသခံများဖြစ်ကြ ပြီး တပ်ကုန်း၊ စဥ့်ကိုင်၊ ကျောက်ဆည် စသည့် ဒေသများမှ သွားရောက်လုပ်ကိုင်သူများလည်း ပါဝင်သည်။
ထိန်းသိမ်းခံခဲ့ရပြီး ယနေ့လွတ်မြောက်လာသူများ ထဲတွင်ပါဝင်သည့် ဆန္ဒပြအလုပ်သမားများအဖွဲ့မှ ကိုနိုင်ဦး ကလည်း ''ထောင်ထဲမှာ အခက်အခဲကတော့ ထောင် စည်းကမ်းအတိုင်း နေရတာဆိုတော့ မစားချင်လည်းစား စားချင်လည်းစားရတာပေါ့။ အခုလွတ်လာပြီဆိုတော့ အရင်တောင်းဆိုထားတဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝရဖို့ ဆက်ပြီးတောင်းဆိုသွားပါမယ်။ နောက်ပြီး ကျန်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေ လွတ်မြောက် ဖို့အတွက် ဆက်ပြီးဆောင်ရွက်သွားမှာပါ။ အဖိနှိပ်ခံ အလုပ် သမားတွေအတွက် အခွင့်အရေးတွေ ပြန်ရဖို့အတွက်ဆိုရင် ရှေ့ကနေ နောင်တမရဘဲ ဆက်လက်ဆောင်ရွက်သွား ပါမယ်''ဟု ပြောပြသည်။
ယင်းဆန္ဒပြအလုပ်သမားများသည် တစ်ရက်လုပ်ခ ကျပ် ၃၆ဝဝ သာရရှိသည့်အတွက် ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ်နှင့် ခရီးစရိတ်များပါရရှိရေးတောင်းဆိုခဲ့ကြရာ ဖေဖော်ဝါရီလ အတွင်းက အဆိုပါစက်ရုံမှ အလုပ်ထုတ်ခံခဲ့ရသဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ ထိန်းသိမ်းခံခဲ့ရပြီး ယနေ့တွင် ၃၆ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
သတင်း-ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ-လှိုင်သန်းတင့်(ရမည်းသင်း)

No comments:

Post a Comment