Friday, June 3, 2016

(3.6.2016) ကြေးမုံစာတည်းရှုထောင့်


တိုင်းရင်းသားများအရေး ဦးစားပေးဖြည့်ဆည်း
===============================
တိုင်းရင်းသားပြည်သူများ စုပေါင်းနေထိုင်ရာဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့သည်မှာ ရှေးရှေးကာလများကတည်းကပင်ဖြစ်သည်။ ခေတ် အဆက်ဆက်အစိုးရများအနေဖြင့် တိုင်းရင်းသားပြည်သူများအရေးကို အလေးထားအကောင်အထည်ဖော်ပေးနေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့သော်လည်း တိုင်းရင်းသားပြည်သူများနေထိုင်ရာဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များ ရှိနေဆဲပင်ဖြစ်သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး အရပ်သားအစိုးရလက်ထက်တွင်လည်း တိုင်းရင်းသားပြည်သူများအရေးကို ဦးစားပေးဖော်ဆောင်ပေးသည်ကို မြင်တွေ့ရသည်။ ဦးစွာပထမ အကြောင်းအမျိုးမျိုးကြောင့် တည်ငြိမ် အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်ရှိနေသော ရခိုင်ပြည်နယ် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေရန် စတင်အကောင်အထည်ဖော်လာသည်ကို တွေ့ရ သည်။ ပြည်နယ်များဖွံ့ဖြိုးတိုးတက်မှုအရေးတွင် အဓိကကျသည့်အချက်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရေးပင်ဖြစ်သည်ကို တွေ့ရသည်။ တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဆိုသည့်အတိုင်း တည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းကွာဝေးနေသောဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုမှာလည်း နောက်ကျကျန်ရှိနေမည်မှာ အမှန်ဖြစ်သည်။
ရခိုင်ပြည်နယ်အနေဖြင့်မူ လူမျိုးရေးအခြေခံအကြောင်းတရားတို့ကြောင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်သင့်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များရှိနေသေးသည်ကိုတွေ့ရသည်။ အမှန်တကယ်တွင် ရခိုင်ပြည်နယ် အနေဖြင့် သယံဇာတပေါများကြွယ်ဝသည့် ပြည်နယ်ဖြစ်ပြီး ရေ၊ မြေ၊ သစ်တော၊ သဘာဝတွင်းထွက်သယံဇာတများ ပေါများကြွယ်ဝသည့် ပြည်နယ်ဖြစ်သည်။
အမှန်တကယ်တွင် ယင်းတို့ကို အကျိုးရှိရှိဖြင့် ပြည်ထောင်စုအစိုးရ၏ ကွပ်ကဲမှုနှင့် ပြည်နယ်အစိုးရ၏ စနစ်တကျစီမံဆောင်ရွက်မှု၊ ဒေသခံအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင် ရွက်သွားကြမည်ဆိုပါက ပြည်နယ်ကြီးတစ်ခု အစောပိုင်းကာလကတည်းက ဖွံ့ဖြိုးတိုးတက်လာနေမည်ဖြစ်သည်။ သို့သော်လည်း အကြောင်းကြောင်းသော အခြေအနေအမျိုးမျိုးတို့ကြောင့် ပဋိပက္ခများ၊ အထင်အမြင်လွဲမှားမှုများ ဖြစ်ပွားခဲ့ပြီး စည်းလုံးညီညွတ်မှုလိုအပ်ကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု လိုအပ်မှုများရှိနေခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရည်မှန်း ထားသကဲ့သို့ အမျိုးသားရင်ကြားစေ့ရေးအတွက် အားလုံးစည်းစည်း လုံးလုံးညီညီညွတ်ညွတ်ဖြင့် ချစ်ခင်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ လူသားအချင်းချင်း စာနာထောက်ထားမှုတို့ဖြင့် အတူတကွပေါင်းစည်း နေထိုင်ကြပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ကြရန် လိုအပ်ပေသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ ယခုအခါ ပြည်ထောင်စုအစိုးရ၏ စီမံခန့်ခွဲမှုလမ်းရှစ်ခု(လမ်းမိုင် ပေါင်း ၅၁၄ မိုင် ၆ ဖာလုံ)နှင့် ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် လမ်း ၄၈ ခု(လမ်းမိုင်ပေါင်း ၇၈၂ မိုင် ၄ ဖာလုံ)ကို ဆောင်ရွက်ပေးထားသည်။ ပြည်နယ်ဆက်သွယ်ရေးအတွက် မာန်အောင်၊ မြေပုံ၊ ကျိန္တလီ၊ စစ်တွေ၊ ငပလီ၊ သံတွဲမြို့များတွင် အိတ်ချိန်းလိုင်းများ တိုးချဲ့ပေးသွားမည်ဟု သိရ သည်။ ထို့အပြင် ကျောင်းကုန်း၊ ဂွ၊ သံတွဲ ဖိုက်ဘာဆက်ကြောင်းကိုလည်း အပြီးသတ်ဆောင်ရွက်ပြီး မိုဘိုင်းဆက်သွယ်ရေးစခန်းသစ်များကို တည်ဆောက်ပေးသွားမည်ဟု သိရသည်။
ထို့အပြင် ရေကြောင်းပို့ဆောင်ရေး၊ ဆိပ်ကမ်းတင်ပို့ရေး၊ ကုန်းလမ်း ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးမှအစ အဘက်ဘက်ကဖွံ့ဖြိုးတိုးတက်လာအောင် ရက် ၁ဝဝ စီမံကိန်းများဖြင့်လည်းကောင်း၊ ရေရှည်စီမံကိန်းများဖြင့်လည်းကောင်း ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက အားကြိုးမာန်တက် အကောင်အထည်ဖော်ဆောင်ရွက်ပေးနေပြီဖြစ်ရာ ပြည်နယ်အတွက် အားတက်ဖွယ်ဖြစ်သည်။
ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်ကဆောင်ရွက်ပေးနေသလို ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများကလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ လူမှုဘဝလိုအပ် ချက်များ ပြည့်စုံစေရေးအတွက် နိုင်ငံတော်ဦးဆောင်မှုဖြင့် စည်းစည်း လုံးလုံးညီညီညွတ်ညွတ် လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment