Thursday, June 2, 2016

ငြိမ်းချမ်းရေးဗိမာန်သစ် တည်ဆောက်ခြင်း

အယ်ဒီတာအာဘော်

ယခုရက်ပိုင်းများအတွင်း ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေးပြင်ဆင်မှု သတင်းများ အတွေ့ရများနေသည်။ အစိုးရဘက်မှ ပြင်ဆင်မှုများ ရှိသလို တိုင်းရင်းသားများဘက်ကလည်း ပြင်ဆင်မှုများရှိနေသည်။ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်မှာNLD ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ပထမဦးစားပေးနေရာ မှရှိခဲ့သည့်အတိုင်း ယခုအစိုးရသစ်အဖို့ ဤလုပ်ငန်းစဉ်ကို အားထည့်လုပ်ဆောင် တော့မည်ဖြစ်သည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဖွဲ့စည်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ ပြန်လည်ဖွဲ့စည်းရေးများ လုပ်ဆောင်နေသည်။ ထို့အပြင် ယခင်အစိုးရ လက်ထက်ကရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပြီး အဖွဲ့ များ၊ လက်မှတ်မရေးထိုးရသေးသော အဖွဲ့များအားလုံးနှင့် တွေ့ဆုံပြီး ၂၁ ရာစုပင်လုံကျင်းပမည့် အတွင်းသဘောအကြောင်းအရာများကိုလည်း ရှင်းပြဖို့ ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်သည်။
အလားတူပင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှလည်း ပြင်ဆင်မှုများပြုလုပ်နေသည်ကို ခပ်စိပ်စိပ် တွေ့မြင် လာနေရသည်။ NCA လက်မှတ်ရေးထိုးပြီး အဖွဲ့များတွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သလို၊ လက်မှတ်မထိုးရသေးသော အဖွဲ့များလည်း'ဝ'နယ်တွင် တွေ့ဆုံ ရန် ပြင်ဆင်လျက်ရှိသည်။ အလားတူ ၂၁ ရာစု ပင်လုံ မကျင်းပမီ တိုင်းရင်းသား နိုင်ငံရေးပါတီများပါဝင်သော ညီလာခံတစ်ရပ်ကျင်းပနိုင်ရန် ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း (NBF) က ကြိုးပမ်းသွားမည်ဟု မေ ၃ဝ ရက်နှင့် ၃၁ ရက် အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။ ENAC ခေါ် တိုင်းရင်းသားလူမျိုးများရေးရာစင်တာကလည်း ၂၁ ရာစုပင်လုံတွင် တင်သွင်းနိုင်ရန် တိုင်းရင်းသားအဖွဲ့အစည်းများ ဆွေးနွေးထားသည့် မူဝါဒ (၉) ချက်ကို ရေးဆွဲထားပြီးဖြစ်ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲများသို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စ(RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ D(SSPP/SSA)အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နှစ်ပေါင်း ၇ဝ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော ပထမပင်လုံနှင့် ၂၁ ရာစု ပင်လုံကြား ကြီးမားသော ကွာခြားချက်များရှိသလို တူညီချက်များလည်း ရှိနေပါသည်။ ပထမပင်လုံကာလက ကမ္ဘာတွင် ဖက်ဆစ်ဝါဒကျဆုံးဖြစ်သလို ယခုကာလသည်လည်း စစ်အေးအလွန်ကာလမှစ၍ အာဏာရှင်စနစ်များ ပြိုကွဲပြီး ဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံ ပိုများလာချိန်ဖြစ်သည်။ ပထမ ပင်လုံကာလက ဂျပန်ကို တွန်းလှန်တိုက်ခိုက်ခဲ့သော ဖဆပလအစိုးရ ရှိသလို ယခု ၂ဝ၁၅ ရွေးကောက်ပွဲတွင် တစ်ခဲနက် လူထုထောက်ခံမှုဖြင့် တက်လာ သော အစိုးရရှိနေသည်။ ထို့ပြင် ပထမပင်လုံကာလက ပုဂ္ဂိုလ်ရေးအရ ဗိုလ်ချုပ် အောင်ဆန်းအပေါ်တွင် တိုင်းရင်းသားများ ယုံကြည်မှုရှိသလို၊ ၂ဝ၁၅ ရွေးကောက် ပွဲ၌ ပြည်နယ်အများစုတွင်NLDအနိုင်ရခဲ့ခြင်းက လက်ရှိအစိုးရ၏ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် ယုံကြည်မှုရှိကြောင်း ပြဆိုနေပါသည်။ ထို့အပြင် ထိုအချိန်က တောင်တန်းဒေသအပေါ်ထားရှိခဲ့သော ဖဆပလ၏ နိုင်ငံရေးမူဝါဒ မှန်ကန်ခဲ့သလို ယခုအစိုးရအဖို့ဆိုလျှင်လည်း အတိုက်အခံဘဝ ၁၉၉ဝ အလွန် ကာလကတည်းက တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်စနစ်ကို ရပ်ခံလာ ခဲ့သော ပါတီဖြစ်နေပါသည်။ ထိုသို့ တူညီချက်များကြောင့် ၂၁ ရာစုပင်လုံ သည် 

 အောင်မြင်ရန် အခြေခံအကြောင်းအချက်ရှိသည်ဟု ဆိုနိုင်ပါသည်။
တစ်ဖက်တွင်မူ ထူးခြားသော ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်များ ရှိနေသည်။ ၄င်းမှာ ၂ဝ၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ ပေါ်ထွန်းလာ ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အင်နှင့်အားနှင့်ရှိနေသော အခြေ အနေပင်ဖြစ်သည်။NCA စာချုပ် ဆွေးနွေးပွဲများကာလက တိုင်းရင်းသားများ ဘက်မှတင်သွင်းသော အဆိုများကိုသာ အခြေခံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး သဘောတူညီချက်ရခဲ့သည်။ ယခုဆွေးနွေးပွဲတွင်လည်း အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တိုင်းရင်းသားပါတီများသည် အဓိက ဆွေးနွေးဖက်များ ဖြစ်လာမည်ဖြစ်ပါသည်။ အရေးကြီးသည်မှာ အောင်မြင်ရန် အခြေခံအကြောင်းအချက်များပေါ် အမှီပြု၍ ထူးခြားသော ဖြစ်ပေါ်လာမှုများကို ညှိနှိုင်းဖြေရှင်းကြရန်ဖြစ်သည်။ ''ငြိမ်းချမ်းရေးဆိုသည်မှာ နေ့စဉ်လျှောက်လှမ်းရမည့် ခရီးစဉ်ဖြစ်ပြီး အယူအဆများ တဖြည်းဖြည်း ပြောင်းလဲသွားခြင်း၊ တံတိုင်းဟောင်းများ တဖြည်းဖြည်းတိုက်စားသွားခြင်း နှင့် ဗိမာန်သစ်များ တိတ်ဆိတ်စွာ တည်ဆောက်သွားခြင်းပင်ဖြစ်သည်''ဟူသော 'ဂျွန်ဖစ်ဇရာကင်နေဒီ'၏ စကားအတိုင်း နှလုံးသွင်းကြဖို့ တိုက်တွန်း လိုက်ရပါသည်။

No comments:

Post a Comment