Wednesday, June 29, 2016

(29.6.2016) ကြေးမုံစာတည်းရှုထောင့်

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မျှော်လင့်ချက်ရောင်ခြည်
==========================================
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာဒုက္ခသည်များ၏ ပြဿနာဖြေရှင်းရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက် အရေးပါသော သဘောတူညီချက်များ ရရှိခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ(ငြိမ်း)နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာ သဘောတူညီချက်၊ အလုပ်သမားအလုပ်ခန့် ထားရေးဆိုင်ရာ သဘောတူညီချက်နှင့် အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို နှစ်နိုင်ငံ အလုပ် သမားရေးရာဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်ရှိထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည်တစ်သိန်းကျော် ခိုလှုံနေထိုင် နေဆဲဖြစ်သည်။ ၄င်းတို့မှာ တိုင်းရင်းသားဒေသများတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ပဋိပက္ခများကြောင့် အစုအပြုံလိုက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသူများဖြစ်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃ဝ ကျော်ပင် ရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဒုက္ခသည်များအားလုံးနေရပ် ပြန်လာနိုင်ရေးအတွက် မြန်မာအစိုးရသစ်အနေဖြင့် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ကို တွေ့ရသည်။
နောက်ထပ်ပြဿနာကြီးတစ်ခုမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအရေးဖြစ်သည်။ ဤပြဿနာမှာလည်း အစိုးရအဆက်ဆက်က လျစ်လျူရှုခဲ့သောပြဿနာဖြစ်သည်။ ပြည်ပရောက် မြန်မာများသည် ကိုယ့်ပြဿနာကိုယ်ရှင်းဆိုသောပုံစံဖြင့် နှစ်ပေါင်းများစွာ ရင်ဆိုင်နေခဲ့ကြ ရခြင်းဖြစ်သည်။ အစိုးရနှင့် အစိုးရကိုယ်စား သံရုံးများက လုံးဝတာဝန် မယူသော ပုံစံမျိုးဖြစ်ခဲ့သည်။
ယခုထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာပြည်သူများအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိသည်ဆိုသည်ကို အသိအမှတ်ပြုကြောင်း၊ နိုင်ငံသားများ လုပ်ကိုင်နေကြသည့်အတွက် အစိုးရတွင် တာဝန်မရှိဟု မည်သည့်အခါ မျှပြောမည်မဟုတ်ကြောင်း၊ ၄င်းတို့ကို မည်သည့်အခါမျှ လျစ်လျူရှုမည် မဟုတ်ကြောင်း၊ ၄င်းတို့မှာ အစိုးရတာဝန်ဖြစ်ကြောင်း၊ ထိုသို့ တာဝန်ယူရ သည်ကို ဂုဏ်ယူကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြား သွားခဲ့သည်။ လက်တွေ့တွင်လည်း လတ်တလောဖြေရှင်းနိုင်သမျှကို ဖြေ ရှင်းခြင်း၊ နောင် အစီအစဉ်များအတွက် လမ်းညွှန်ခြင်းများပြုလုပ်ခဲ့သည် ကို တွေ့ရသည်။
မြန်မာအလုပ်သမားများအရေးကို ဆောင်ရွက်နေသည့် မြန်မာအဖွဲ့ အစည်း ၁၃ ဖွဲ့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး လိပ်ကျွန်းလူသတ်မှု၊ ရနောင်းလူသတ်မှုများအပါအဝင် ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ၏ ဒုက္ခမျိုးစုံခံစားနေရမှုများကို နားထောင်ခဲ့သည်။ ထိုင်းနိုင်ငံသို့ အလုပ် သမားစေလွှတ်ရာတွင် အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ချိုးဖောက်နေသော အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်း၊ ထိုသို့သောကုမ္ပဏီများမှာ နှစ်ဖက်စလုံးတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။
မြန်မာသံရုံး၏အဓိကတာဝန်တစ်ခုမှာ ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ပြီး မြန်မာ နိုင်ငံသားများ ပြဿနာပေါ်လျှင် သံရုံးကလိုက်ပါဖြေရှင်းပေးရမည်ဖြစ် ကြောင်း၊ ရာဇဝတ်မှု ချိုးဖောက်၍ ထောင်ထဲရောက်နေလျှင်သော်မှ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားဆိုလျှင် စောင့်ရှောက်ရမည်၊ ကူညီရမည်၊ မှန်မှန် သွားတွေ့ရမည်၊ ကိုယ့်နိုင်ငံသားများကို ပစ်မထားရဘူး၊ ပေးသင့်ပေးထိုက်
သည့် အကူအညီအားလုံးပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယခုလိုအပ်နေသည်မှာ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသားများ
နှင့်တန်းတူအခွင့်အရေးရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရေး
တို့ဖြစ်သည်။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်း၊ ဥပဒေပါ ခံစားခွင့်များမရှိခြင်း စသည့် ပြဿနာများပေါ်ပေါက်လျှင် ဆက်သွယ်ရန် ဖုန်းနံပါတ်များကို မြန်မာအလုပ်သမားများသိရှိအောင် လုပ်ဆောင်သွား မည်ဟုသိရသည်။ ယခုတွေ့ဆုံပွဲများတွင်ပင် ထိုင်းဒေသခံအာဏာပိုင်များ
က မြန်မာအလုပ်သမားများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံမှု အဆင်မပြေအောင်လုပ်ဆောင်မှုများရှိခဲ့သော်လည်း ထိုင်းဝန်ကြီးချုပ်နှင့် အထက်ဆင့်ပုဂ္ဂိုလ်များ၏တုံ့ပြန်မှုက အားရစရာရှိခဲ့သည်ကိုတွေ့ရသည်။ အလုပ်သမားများ ဒုက္ခရောက်ချိန်တွင် Hot Line ဖုန်းနံပါတ်များ ထုတ်ပြန် ပေးမည်ဟုပင် ထိုင်းဝန်ကြီးချုပ်ကဆိုခဲ့သည်။
မည်သို့ဆိုစေ နိုင်ငံခေါင်းဆောင်တစ်ဦးက မိခင်တစ်ဦးသဖွယ် အသေးစိတ်မှာကြားပြောဆိုချက်များ၊ ညှိနှိုင်းဆောင်ရွက်ချက်များက အမိမဲ့သား ရေနည်းငါးပမာဖြစ်နေသူ မြန်မာအလုပ်သမားများ၊ ဒုက္ခသည် များအတွက် အားဆေးတစ်ခွက်ဖြစ်နိုင်ပါသည်။ တကယ်လက်တွေ့ဘဝများ တွင်လည်း ထိုအကျိုးဆက်များကို မြန်မာအလုပ်သမားများနှင့်ဒုက္ခသည် များ ခံစားသွားရမည်ဟု ယုံကြည်မိပါကြောင်း။

No comments:

Post a Comment