သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်
ရန်ကုန် မေ ၂၆
နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှား လက်ရွေးစင်အသင်းတို့မှာ မေ ၂၈ ရက် ညနေ ၆ နာရီတွင် သုဝ္ဏကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ် သည်။
မြန်မာ့လက်ရွေးစင်အသင်းမှာ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲများ ဆက်တိုက်ယှဉ်ပြိုင်ကစားလျက်ရှိပြီး မလေးရှားအသင်းနှင့် ခြေစမ်းပွဲမှာ ပြင်ဆင်မှုများထဲမှ တစ်ခုဖြစ်နေသည်။ မြန်မာအသင်းသည် ဇွန်လဆန်းပိုင်းတွင် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ မလေးရှားအသင်းနှင့် ခြေစမ်းခြင်းဖြစ်သည်။ မလေးရှား လက်ရွေးစင် အသင်းမှာလည်း ဇွန်လဆန်းပိုင်းတွင် ယှဉ်ပြိုင်ရမည့် တီမောအသင်းနှင့် ၂ဝ၁၉ အာရှဖလားခြေစစ်ပွဲ play-off အဆင့်အတွက် ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲလာရောက်ကစားခြင်းဖြစ်သည်။ မြန်မာအသင်း နှင့် မလေးရှားအသင်းတို့မှာ တစ်နှစ်ကျော်အကြာတွင် ပြန်လည်တွေ့ဆုံခြင်းဖြစ်ပြီး နောက်ဆုံးတွေ့
ဆုံခဲ့ခြင်း မှာ ၂ဝ၁၄ ဆူဇူကီးဖလားပြိုင်ပွဲဖြစ်ကာ ထိုစဉ်က ဂိုးမရှိ သရေကျခဲ့သည်။ အဆိုပါ ခြေစမ်းပွဲအတွက် ကြိုတင် လက်မှတ်များကို
မေ ၂၇ ရက် (ယနေ့) တွင် စတင်ရောင်းချမည်ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်၊ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် ရောင်းချသွားမည်ဖြစ်ကာ အထူးတန်း ငွေကျပ် ၁ဝဝဝ၊ ရိုးရိုးတန်း ငွေကျပ် ၅ဝဝ သတ်မှတ်ထားသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲအတွက် မေ ၂၄ ရက်က စတင် လေ့ကျင့်ခဲ့ပြီး ပဏာမကစားသမား ၂၇ ဦးဖြင့် ပြင်ဆင်လျက်ရှိသည်။ မြန်မာအသင်း သည် မလေးရှားအသင်းနှင့် ခြေစမ်းပွဲကို ယခုကစားသမား ၂၇ ဦးစလုံးဖြင့် ယှဉ်ပြိုင် မည်ဖြစ်ပြီး လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှသာ လေးဦးလျှော့ချပြီး ၂၃ ဦးဖြင့် ယှဉ်ပြိုင် သွားမည်ဖြစ်သည်။ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဇွန် ၃ ရက်မှ ၆ ရက်အထိကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာအသင်းနှင့်အတူ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ- ဦးသန်းတိုးအောင်၊ နည်းပြချုပ်- ဂတ်ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြ- ဦးကြည်လွင်၊ ဦးဇော်ဝင်းထွန်း၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ ကြံ့ခိုင်ရေးနည်းပြ - မီရိုဆလပ်၊ အသင်းအတွင်းရေးမှူး - ဦးထွန်းထွန်းအောင်၊ ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ဖြိုး၊ ရန်အောင်လင်း၊ ပြည့်ဖြိုးအောင်၊ နောက်တန်း- ဇော်မင်းထွန်း၊ ဒေးဗစ်ဒန်း၊ သီဟထက်အောင်၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ နိုင်လင်းထွန်း၊ အောင်ဇော်၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ ကိုကိုဟိန်း၊ အလယ်တန်း-ရဲကိုဦး၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ ရန်အောင်ကျော်၊ ကြည်လင်း၊ သီဟဇော်၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ ဇင်ဖြိုးအောင်၊ ရှေ့တန်း-အောင်သူ၊ ကျော်ကိုကို၊ သန်းပိုင်၊ ဝင်းနိုင်စိုးနှင့် ဆောင်လမန်တို့ပါဝင်ကြသည်။
No comments:
Post a Comment