Saturday, May 28, 2016

ရန်ကုန်မြို့တွင်ယာဉ်စည်းကမ်းဖောက်ဖျက်မှုများအား အလေးထားဆောင်ရွက်သွားမည်


The Mirror Daily's photo.
သတင်း- ဇာဏီ၊ ဓာတ်ပုံ- ဟန်စိန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာများ လျော့နည်း ကျဆင်းရေးအတွက် အလျင်အမြန်ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ မေ ၂၆ ရက်က လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်း တင်သွင်းသည့်အဆိုကို အတည်ပြုဆုံးဖြတ် ပေးခဲ့သည်။
ထိုနေ့ကကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ယာဉ်များ စည်းကမ်းမဲ့မောင်းနှင်ခြင်းသည် ယာဉ်ကြောကျပ်တည်းခြင်း၏ အဓိက အကြောင်းအရင်းတွင် ပါဝင်သည့်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာစေရန် ပညာပေးစည်းရုံးမှုများ ပြုလုပ်ပြီးနောက် လိုက်နာခြင်းမရှိပါက ထိရောက်သည့် ပြစ်ဒဏ်ချမှတ်မှုများ ပြုလုပ်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ထည့်သွင်းဆွေးနွေးခဲ့သည်။
''ယာဉ်ကြောပိတ်ဆို့မှုဟာ များသောအားဖြင့် လိုင်းကားတွေ စည်းကမ်းမဲ့ ပြေးဆွဲတာ၊ ရပ်ချင်သလိုရပ်တာ၊ ကိုယ်သွားရမယ့် ယာဉ်ကြောအတိုင်းမသွား ကြတာ၊
လမ်းမကြီးတွေပေါ်ချထားတဲ့ လမ်းလယ်တုံးတွေကြောင့်နဲ့ လမ်းမကြီးတွေပေါ်မှာ စည်းကမ်းမဲ့ရပ်ချင်သလိုရပ်တဲ့ ယာဉ်တွေကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေအဖြစ်များ တာတွေ့ရပါတယ်''ဟု ရန်ကုန်မြို့ ဝန်ထမ်း ဦးမြင့်ဆွေက ပြောသည်။
''လမ်းလယ်တုံးတွေ၊ စည်းကမ်းမဲ့ရပ်တဲ့ယာဉ်တွေကြောင့် ကျွန်တော်တို့ ယာဉ်တွေ သွားလာရတာခက်ပါတယ်။ လမ်းလယ်တုံးတွေက စည်းကမ်းဖောက်တဲ့ယာဉ်တွေ မဖောက်နိုင်အောင်ထားတာဖြစ်လို့ ဖယ်သင့်တာလောက် ဖယ်ရင်ရပါတယ်။ ယာဉ်မောင်း တဲ့သူတွေအများစုက စည်းကမ်းဖောက်ကြလို့ လိုအပ်သင့်သလောက်လိုအပ်ပါတယ်။ စည်းကမ်းဖောက်တဲ့ယာဉ်တွေကို အဓိကကျတဲ့ ယာဉ်ကြောတွေမှာ ပိုက်စိပ်တိုက်ရှာဖွေ၊ ချက်ချင်းဖမ်း၊ ချက်ချင်းအရေးယူ၊ အမြဲလုပ်သွားတဲ့စနစ်ကို ပြောင်းသွားရင်တော့ လမ်းလယ်တုံးတွေ ဘယ်နေရာမှမလိုတော့ပါဘူး''ဟု အငှားယာဉ်မောင်း ကိုဇော်ကိုသက်က ပြောသည်။
ယခုအခါ လမ်းလယ်တုံးများကို နေရာတိုင်းဖယ်ရှားခြင်းမပြုလုပ်သေးဘဲ အနော်ရထာ လမ်း၊ မဟာဗန္ဓုလလမ်း၊ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့ရှိ လမ်းလယ်တုံးများကို ဖယ်ရှားသွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ရန်ကုန်မြို့အတွင်း စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များကို ဖယ်ရှားအရေးယူလျက်ရှိပြီး အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်ရှိ လမ်းလယ်တုံးများကို ဖယ်ရှားလျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ယာဉ်ကြောပိတ်ဆို့မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ''ကျွန်မတို့အနေ နဲ့ကတော့ ယာဉ်ကြောပိတ်ဆို့မှုကို နည်းလမ်းပေါင်းစုံနဲ့ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ နိုင်ငံခြားပညာရှင်တွေဆီက နည်းလမ်းတွေကိုလည်း စမ်းသပ်ဖို့ကြိုးစားနေပါတယ်''ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့နိုင်ရေး အတွက် နေ့စဉ် ယာဉ်စီးရေ လေးသိန်းခန့်သွားလာနေသော ရန်ကုန်မြို့လမ်းများပေါ်မှ စည်းကမ်းမဲ့ယာဉ်များကို ဦးစားပေးအရေးယူလျက်ရှိပြီး မြို့ပတ်ရထားလမ်းများအဆင့် မြှင့်တင်ခြင်း၊ မီးပွိုင့်စနစ်များပြောင်းလဲခြင်း၊ လမ်းလယ်တုံးများဖယ်ရှားခြင်း၊ အများပိုင် သယ်ယူပို့ဆောင်ရေးယာဉ်များ တိုးချဲ့ပြေးဆွဲခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment