Saturday, May 28, 2016

ဆွမ်ပရာဘွမ်နှင့် ခေါင်လန်ဖူးဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရေး ဆန်အိတ်များတင်ပို့နေပြီ

မြစ်ကြီးနား မေ ၂၇

ပူတာအိုခရိုင်၌ ဧပြီနှင့် မေလအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပွားခဲ့သဖြင့် ဆွမ်ပရာဘွမ်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် လမ်း၊ တံတား များ ပျက်စီးပိတ်ဆို့ခြင်းတို့ကြောင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စားနပ်ရိက္ခာပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် မိုးတွင်းရိက္ခာဆန်ဖူလုံရေးတို့အတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်များတင်ပို့လျက်ရှိသည်။
အဆိုပါ ရိက္ခာဆန်တင်ပို့မှုကို ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်၍ ပို့ဆောင်ရန် စီစဉ်ထားရှိသော ရိက္ခာဆန် နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန မှ ခေါင်လန်ဖူးဒေသနေ ပြည်သူများ အတွက် စားနပ်ရိက္ခာဆန်များကို ပူတာအိုမြို့သို့ ပို့ဆောင်လျက်ရှိရာ မိုးရွာသွန်းမှုများသဖြင့် ကုန်းကြောင်း မှ ကြန့်ကြာနိုင်၍ တပ်မတော် လေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ဆန်အိတ်ပေါင်း ၂၈ဝ ကို ပို့ဆောင် ပေးခဲ့သည်။

ထို့နောက် ရိက္ခာဆန်များ ပူတာအိုလေဆိပ်သို့ ရောက်ရှိလာရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းထိုက်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာ မြတ်သူတို့၏ ကြီးကြပ်မှု ဖြင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ခလရ(၄၆)တပ်မတော်သားများ ပူးပေါင်းမှုဖြင့် လေဆိပ်မှ သိုလှောင်မည့် နေရာသို့ ကားသုံးစီးဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကြသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ခေါင်လန်ဖူးမြို့နယ်အတွက် ထောက်ပံ့ ဆန်အိတ် ၁၂ဝဝ ကို အဆိုပါလေယာဉ်ဖြင့် ဆက်လက်ပေးပို့သွားမည်ဖြစ်ပြီး ဆန်အိတ်များ ခေါင်လန်ဖူးမြို့နယ်သို့ အမြန်ရောက်ရှိရေးအတွက် ရာသီဥတုအခြေ အနေအရ အချိန်မီဆက်လက်ပေးပို့နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၂၈ ရက်တွင်လည်း ဆန်အိတ်များကို တပ်မတော်လေယာဉ်ဖြင့် ပူတာအို မြို့သို့ ထပ်မံပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြစ်ကြီးနား-ပူတာအို ကားလမ်းအတိုင်း ဆန်အိတ်များကို ပထမအကြိမ် ဧပြီ ၁၁ ရက်က မော်တော်ယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့ပြီး အဆိုပါ ဆန်အိတ်များကို ပူတာအို မြို့မှတစ်ဆင့် ခေါင်လန်ဖူးဒေသသို့ ထပ်မံပေးပို့သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါဆန်အိတ်များကို ပူတာအိုခရိုင်ရှိ မြို့နယ်များနှင့် ခေါင်လန်ဖူးမြို့ပေါ်ရှိ ဝန်ထမ်းများ၊ ဒေသခံပြည်သူများထံ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment