တွေ့ဆုံမေးမြန်း - အလင်းသစ်၊ ဓာတ်ပုံ - ငွေကြယ်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သည် ရက် ၁ဝဝ စီမံချက်အဖြစ် ဝိသာခါ တန်ဆောင်း၊ ဒဂုံသီရီဘေးမဲ့ကန်ကြီးပြုပြင် မွမ်းမံခြင်းအပါအဝင် ယဉ်ကျေးမှုနှင့်သက်ဆိုင် သည့် အနုပညာအထက်တန်းကျောင်း(ရန်ကုန်၊ မန္တလေး)တို့ကို ပြုပြုမွမ်းမံမှုများ၊ ဘုရင့်နောင် ခေါင်းလောင်းကြီးအား ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်စာရင်းဝင်ရေးတို့ကို လုပ်ဆောင်သွားမည် ဖြစ်သောကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ အဆိုပါလုပ်ဆောင်ချက်များ အပါအဝင် အခြားသောအကောင်အထည်ဖော် မည့် လုပ်ငန်းစဉ်များကိုလည်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ အား တွေ့ဆုံမေးမြန်းထားသည်။
သူရဦးအောင်ကို (ပြည်ထောင်စုဝန်ကြီး )
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
---------------------------------------------
မေး။ ။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ရက် ၁ဝဝ စီမံချက်ကဘာတွေလဲ ဆိုတာနဲ့ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်ပေးသွား မလဲဆိုတာ သိလိုပါတယ်ခင်ဗျာ။
ဖြေ။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနမှာ အများပြည်သူစိတ်ဝင်စားမှုအများဆုံး က ပညာရေးနဲ့ပတ်သက်တဲ့အရာတွေ ဖြစ်ပါ တယ်။ သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆိုပြီးတော့ သုံးခုရှိပါတယ်။ ပညာရေးရာမှာဆိုရင် သာသနာ့နွယ်ဝင်တွေ ဖြစ်တဲ့ ကိုရင်လေးတွေ၊ ဦးဇင်းတွေ၊ ရဟန်း တော်တွေကို ပထမငယ်၊ ပထမလတ်၊ ပထမ ကြီး၊ ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ စသဖြင့် ဗုဒ္ဓရဲ့ဓမ္မတွေကို သင်ကြားပေးတဲ့ အဆင့်ဆင့် ပညာရေးစနစ်ပါဝင်သလိုပဲ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘုန်းတော်ကြီးသင်ပညာရေး စနစ်လည်း ပါဝင်ပါတယ်။
မေး။ ဘုန်းတော်ကြီးသင်ပညာရေးစနစ် ကို ဘယ်တုန်းက စတင်ခဲ့တယ်ဆိုတာလည်း ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။
ဖြေ။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာဦးစီးဌာနလက်အောက်က ဌာန စိတ်တစ်ခုအဖြစ်နဲ့ ဖွဲ့စည်းပြီးမှ သင်ကြားခွင့်ပြု ခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာတော့ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ပယ်ဖျက် ခဲ့ပါတယ်။ ၁၉၈၉၊ ၁၉၉ဝ ခုနှစ်မှာတော့ ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီလို ဖွင့်လှစ်ပေးလိုက် တာကလည်း ဘုန်းတော်ကြီးတွေရော၊ ဆင်းရဲ တဲ့ နိုင်ငံသားတိုင်းရင်းသား မိဘတွေကရော တောင်းဆိုတင်ပြမှုကြောင့် ဖြစ်ပါတယ်။
မေး။ မြန်မာတစ်နိုင်ငံလုံးမှာ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းပေါင်း ဘယ် လောက်ရှိပါသလဲ။ အဲဒီမှာ သင်ကြားပေးနေ တဲ့ ဆရာဆရာမတွေကိုရော ဘယ်လို အထောက်အပံ့တွေ ပေးထားပါသလဲဆိုတာလည်း သိချင်ပါတယ်။
ဖြေ။ မြန်မာနိုင်ငံအရပ်ရပ်မှာ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းပေါင်း ၁၅၆၈ ကျောင်းရှိပါတယ်။ အဲဒီကျောင်းတွေမှာ ဆင်းရဲ တဲ့ ကလေးငယ်တွေ၊ မိဘမဲ့ကလေးငယ်တွေ စုစုပေါင်း သုံးသိန်းကျော်က ပညာသင်ကြား နေကြပါတယ်။ လုပ်အားပေးနေတဲ့ ဆရာ ဆရာမက ၇၇ဝဝ ကျော်ရှိပါတယ်။ လုပ်အား ပေးတယ်လို့ ပြောတဲ့နေရာမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ကြား ပေးနေတဲ့ ဆရာ ဆရာမတွေဟာ နိုင်ငံ့ဝန်ထမ်း မဟုတ်ပါဘူး။ လုပ်အားစေတနာအလျောက် လာရောက် သင်ကြားပေးနေတဲ့ ဆရာ ဆရာမ တွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင် ရာ ကျောင်းအုပ်ဘုန်းတော်ကြီးများက သက် ဆိုင်ရာကျေးရွာတွေမှာ အလှူခံပါတယ်။ အလှူငွေနဲ့ပဲ မုန့်ဖိုးသဘောမျိုးထောက်ပံ့ကြေး ပေးနိုင်တာပါ။
လွှတ်တော်မှာတင်ပြီးတော့မှ တစ်နိုင်ငံလုံး မှာရှိတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း က လုပ်အားပေး ဆရာ ဆရာမတွေကို လစဉ်ထောက်ပံ့ကြေးသဘောနဲ့ ပေးအပ်ခဲ့တဲ့ အခါမှာ မူလတန်းပြအဆင့်ကို တစ်လ ၃၆ဝဝဝ၊ အလယ်တန်းပြအဆင့်ကို ၄၁ဝဝဝ၊ အထက်တန်းပြတဲ့ ဆရာဆရာမတွေကို ၄၅ဝဝဝ လောက် ချီးမြှင့်ထောက်ပံ့ပေးနိုင်ခဲ့ ပါတယ်။ ၂ဝ၁၄-၂ဝ၁၅ မှာလည်း ပမာဏ အားဖြင့် ၃ ဒသမ ၄ ဘီလီယံလောက်အထိ ထပ်ပြီးထောက်ပံ့ပါတယ်။ ၂ဝ၁၅-၂ဝ၁၆ မှာ လည်း ဆက်ပြီးထောက်ပံ့ပါတယ်။
မေး။ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေရဲ့ အခက်အခဲနဲ့ လက်ရှိဖြစ်ပေါ် နေတဲ့ အခြေအနေကိုလည်း သိပါရစေ။
ဖြေ။ နိုင်ငံ့ဝန်ထမ်း ဆရာဆရာမဖြစ်ဖို့ ဆရာဖြစ်သင်တန်းတွေကို TTC မှာ တက်ရ ပါတယ်။ ပြီးမှ နိုင်ငံ့ဝန်ထမ်းခန့်ရတာဖြစ်ပါ တယ်။ သင်ကြားပေးနေတဲ့အထဲမှာ ဘွဲ့ရလည်း ပါတယ်။ ၁ဝ တန်းအောင်တွေလည်းပါတယ်။ ၁ဝ တန်းမအောင်တဲ့ လုပ်အားပေး ဆရာ ဆရာမတွေလည်းပါပါတယ်။ အဲဒီအခါမှာ ဆရာအတတ်သင် သိပ္ပံတွေ၊ ကောလိပ်တွေ တက်ဖို့ အများစုက ကန့်သတ်ချက်ရှိပါတယ်။ တချို့လည်း ဘွဲ့ရလို့သင်တန်းပေးလိုက်တဲ့အခါ မှာ၊ သင်တန်းပြီးတဲ့အခါမှာ သူတို့က အစိုးရ အခြေခံပညာကျောင်းများကို ကြိုးစားပြောင်း ရွှေ့သွားလို့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေမှာတော့ သင်တန်းမတက်ရသေး တဲ့၊ ဘွဲ့မရသေးတဲ့ ဆရာ ဆရာမတချို့သာ ကျန်ခဲ့တဲ့အခက်အခဲလည်း ကြုံတွေ့နေရပါ တယ်။ ဒီကိစ္စကတော့ ပညာရေးမူဝါဒနဲ့လည်း သက်ဆိုင်ပါတယ်။ မူလကတော့ နိုင်ငံတော် အစိုးရအနေနဲ့ မူအရ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို မူလတန်းလွန်အဆင့် ထိပဲ သင်ကြားမှုပြုခဲ့သော်လည်း လိုအပ်ချက် အရ တချို့ကို အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ် သင်ကြားပေးပါတယ်။
တချို့လည်း အထက်တန်းအထိ တိုးချဲ့ ဖွင့်ဖို့လိုပါတယ်။ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်းလောက်လည်း ပေးထားတာရှိ ပါတယ်။ ဥပမာ-မန္တလေးက ဖောင်တော်ဦး ကျောင်းတို့၊ စလေကျောင်းတို့၊ ရန်ကုန်မင်္ဂလာဒုံ က တောတိုက်ဓမ္မရိပ်သာကျောင်းတို့ဆိုရင် အထက်တန်းအဆင့်အထိ သင်ကြားနေတဲ့ ကျောင်းတွေဖြစ်ပါတယ်။ ခြောက်ကျောင်းရှိပါ တယ်။ အဆိုပါ ခြောက်ကျောင်းအား အထက်တန်းကျောင်းအဖြစ်ရရှိရေး ဆောင် ရွက်သွားမှာဖြစ်ပါတယ်။
မကြာခင်မှာလည်း လွှတ်တော်ကြီးကနေ အမျိုးသားပညာရေးဥပဒေကို ပြဋ္ဌာန်းဖို့ရှိပါ တယ်။ အဲဒီအမျိုးသားပညာရေးဥပဒေမှာ အမျိုးသားပညာရေးဥပဒေဆိုတာကတော့ ခေါင်မိုးနဲ့တူပါတယ်။ သူ့မှာ ဒေါက်တိုင်တွေ ပါပါတယ်။ ဒေါက်တိုက်တစ်ချောင်းကတော့ အဆင့်မြင့်ပညာရေးဥပဒေ၊ နောက်တစ်ခုက အခြေခံပညာရေးဥပဒေ၊ နောက်ဒေါက်တိုင် တစ်ခုကတော့ ပုဂ္ဂလိကပညာရေးဥပဒေ ဖြစ်ပါ တယ်။ နောက်တစ်ခုက နိုင်ငံခြားက တိုက်ရိုက် လာရောက်ရင်းနှီးမြှုပ်နှံတဲ့ အခြေခံပညာ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေ အထိ ပါလာဖို့ရှိပါတယ်။ အမျိုးသားပညာရေး ဥပဒေပြဋ္ဌာန်းပြီးတာနဲ့ အဆင့်မြင့်တို့၊ အခြေခံ တို့၊ ပုဂ္ဂလိကတို့၊ နိုင်ငံခြားကလာရင်းနှီးမြှုပ်နှံ တဲ့ တက္ကသိုလ်တို့၊ ကောလိပ်တို့က ဆက်တိုက် ပေါ်ထွန်းလာမှာဖြစ်ပါတယ်။
အဲဒီအတွက်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ အဖွဲ့အစည်းတွေကလည်း ဥပဒေ မူကြမ်းတွေ ရေးဆွဲထားပြီးဖြစ်ပါတယ်။ အထက်တန်းပညာအဆင့်အထိ သင်ပေးတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ဆရာတော်တွေက တောင်းဆိုပါတယ်။ လောလောဆယ်တောင်းဆိုထားတာက ခြောက်ကျောင်းရှိပါတယ်။ သူတို့ကျောင်းတွေကို ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်း ကျောင်းအဖြစ်နဲ့ တရားဝင်အသိအမှတ်ပြုပေး ဖို့ တောင်းဆိုပါတယ်။ ကျောင်းအဆောက်အအုံ၊ ပရိဘောဂအားလုံး သူတို့တာဝန်ယူပါတယ်။ ကျောင်းအများစုကတော့ ဆရာဆရာမ ထောက်ပံ့ကြေးကိုပဲ ပညာရေးဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတော်က သို့မဟုတ် သာသနာ ရေးဝန်ကြီးဌာနကနေ တာဝန်ယူပေးဖို့ တင်ပြ တာတွေ ရှိပါတယ်။ ဒါကြောင့် မကြာခင်ဖြစ် ပေါ်လာမယ့် အနေအထားတွေရှိနေပါတယ် ဆိုတာ ပြောကြားလိုပါတယ်။
မေး။ တရားမဝင်ဖြစ်နေသေးတဲ့ ဘုန်း တော်ကြီးသင်ပညာရေးကျောင်းတွေရော ရှိပါသေးသလား။ ရှိရင်ရော ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ။ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၁၅၆၈ ကျောင်းရှိတဲ့အထဲမှာ အားလုံး က တရားဝင်ကျောင်းတွေဖြစ်ပါတယ်။ ယနေ့ အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ တရားမဝင် ကျောင်းတွေ မရှိသေးပါဘူး။
မေး။ နိုင်ငံတော်က အထောက်အပံ့ပေးဖို့ မျှော်လင့်နေတဲ့ကျောင်းတွေလည်း နိုင်ငံ အနှံ့အပြားမှာရှိပါတယ်။ အဲဒါတွေနဲ့ပတ်သက် ပြီး ဝန်ကြီးဌာနအနေနဲ့ ဘာတွေဆောင်ရွက် သွားဖို့ရှိပါသလဲ။
ဖြေ။ အဲဒီမေးခွန်းအတွက် လွှတ်တော် ကို သွားဖြေပေးခဲ့ပါတယ်။ ဖြေပေးတဲ့အခါ ကျတော့ ခုနထောက်ပံ့ထားခဲ့တဲ့ ၃၆ဝဝဝ တို့၊ ၄၁ဝဝဝ တို့၊ ၄၅ဝဝဝ တို့ဆိုတာတွေဟာ လက်ရှိကုန်ဈေးနှုန်းအခြေအနေနဲ့ လက်ရှိ စီးပွားရေးအခြေအနေနဲ့ဆိုရင်တော့ မုန့်ဖိုး လောက်ပဲ ရှိပါသေးတယ်။ အစိုးရကျောင်းတွေ မှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းဆရာ ဆရာမတွေနဲ့ တစ်ပြေးညီမဟုတ်ရင်တောင်မှ သင့်တင့်လျှောက်ပတ်တဲ့ မိသားစုအတွက် အထောက်အပံ့ဖြစ်ဖို့ တိုးမြှင့်ထောက်ပံ့မှု တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြ ပြီးမှ ဘတ်ဂျက်တွေကနေတစ်ဆင့် ထောက်ပံ့ သွားဖို့ အစီအစဉ်ရှိပါတယ်။
မေး။ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေက အစိုးရကျောင်းတွေလို ဖြစ်လာဖို့ဆိုတာကရော။
ဖြေ။ လိုင်းချင်းမတူပါဘူး။ အစိုးရ ကျောင်းတွေမှာ ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းစာသင်ခန်းအတွင်း ရောက်ရ မယ်ဆိုတဲ့ မူချမှတ်ပြီးတော့ ကျောင်းစာသင်ခန်း ရောက်အောင်လုပ်ကြပါတယ်။ သို့သော်လည်း အမေအဖေက ပန်းရန်၊ လက်သမားဆိုတော့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ဟိုနေရာရွှေ့၊ ဒီနေရာရွှေ့ စသဖြင့် ရွေ့လျားနေတဲ့ ကလေး ပေါင်းများစွာဟာ သိန်းနဲ့ချီပြီးတော့ရှိနေပါ တယ်။ နေပြည်တော်တည်ဆောက်စတုန်းက ဆို ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေ ရာပေါင်းများစွာ တွေ့ရပါတယ်။ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းမှာ သူတို့ကိုထား တာ မိဘက အကုန်အကျလုံးဝမရှိဘူး။ ရပ်ဝေးကကလေးဆိုရင် ကျောင်းမှာအဆောင် ထားပေးပြီး အစားအသောက်ပါ အခမဲ့ကျွေး ပါတယ်။ မြတ်ဗုဒ္ဓသာသနာတော်ကို မျိုးဆက် အလိုက် ဆက်ခံထိန်းသိမ်းတဲ့နေရာမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ အဆင့်ဆင့်အောင်မြင်လာတဲ့ ကျောင်းသားတွေ လူငယ်လူလတ်ပိုင်းတွေထဲမှာ သာသနာ့ဝန် ထမ်းမယ့် မျိုးဆက်တွေလည်း ပါလာနိုင်ပါ တယ်။ အထူးသဖြင့် ယဉ်ကျေးလိမ္မာသင်တန်း တွေ၊ အခြေခံဗုဒ္ဓဘာသာသင်တန်းတွေပေး ပါတယ်။ ပြီးရင် လောကနီတိ၊ ဗုဒ္ဓဝင် အဆုံး အမ၊ ဓမ္မတွေကိုလည်း သင်ပေးတာဖြစ်လို့ အစိုးရ အခြေခံပညာကျောင်းတွေနဲ့ လိုင်းချင်းတော့ မတူဘူးလို့ပြောခြင်းဖြစ်ပါတယ်။
မေး။ ကမ္ဘာအေးကုန်းမြေပေါ်က ဝိသာခါ တန်ဆောင်းကို ရက် ၁ဝဝ စီမံချက်ထဲမှာ ပြုပြင်ပြောင်းလဲသွားဖို့ရှိတယ်ဆိုတာ ရှင်းပြ ပေးစေချင်ပါတယ်ခင်ဗျာ။
ဖြေ။ ကမ္ဘာအေးကုန်းမြေမှာရှိတဲ့ ဝိသာခါ တန်ဆောင်းဟာ ၁၉၅၇ ခုနှစ်ကာလတွေတုန်း က မဟာပါသာဏလိုဏ်ဂူတည်ဆောက်တဲ့အခါ မှာ ဆဋ္ဌသင်္ဂါယနာတင်ဖို့ တည်ဆောက်တဲ့ အခါမှာ အတူပါလာတဲ့ အဆောက်အအုံဖြစ် ပါတယ်။ တစ်နည်းအားဖြင့် သမိုင်းဝင် အဆောက်အအုံဖြစ်ပါတယ်။ ဝိသာခါ တန်ဆောင်းကို အကြီးစားပြုပြင်ဖို့ နိုင်ငံတော် ကနေ ကျပ် ၈၄၇ သိန်းကျော် ခွင့်ပြုပါတယ်။ ရပ်ဝေးကနေပြီး ရန်ကုန်ကိုမရောက်ဖူးတဲ့သူ တွေ၊ ဆင်းရဲတဲ့သူတွေ ဘုရားဖူးလာတဲ့အခါမှာ အခမဲ့တည်းခိုနိုင်ဖို့အတွက် အကြီးစားပြင်ဆင် မွမ်းမံတာဖြစ်ပါတယ်။ လူ ၂ဝဝ တစ်ပြိုင်နက် တည်း တည်းနိုင်ပါတယ်။
မေး။ နှစ်ပေါင်း ၃ဝ ကျော်ကြာမြင့်နေပြီ ဖြစ်တဲ့ ဒဂုံသီရိဘေးမဲ့ကန်တော်ကြီး ပြန်လည် ပြုပြင်ဆယ်ဖို့နေတယ်ဆိုတော့ ဒီလိုမျိုး သာသနာဆိုင်ရာ နောက်ထပ်အဆောက်အအုံ တွေကိုရော ပြင်ဆင်သွားဖို့ရှိရင်လည်း ပြောပြ ပေးပါ။
ဖြေ။ ဒဂုံသီရိဘေးမဲ့ကန်ကြီးက ကမ္ဘာအေး ကုန်းမြေရဲ့ အနောက်ဘက်ခြမ်းမှာ တည်ရှိ ပါတယ်။ စုစုပေါင်း အကျယ်အဝန်း ၁၅ ဧက ခန့်ရှိပါတယ်။ ပျမ်းမျှရေအနက်က ကာလကြာ လာတဲ့အခါ နုန်းတွေပို့ပြီးတော့ လေးပေ၊ ငါးပေလောက်ပဲကျန်ပါတယ်။ ငါးတွေကတော့ အကောင်ရေ သိန်းသန်းချီရှိပါတယ်။ အခု အဲဒီငါးတွေကို ရွှေ့ပြောင်းပြီး အနက်ပေ ပျမ်းမျှ ၁၂ ပေကနေ ၁၅ ပေအထိဖြစ်အောင် တူးဖော်နေပါတယ်။ ကျပ်သိန်း ၂၁၂ဝ လောက် အကုန်အကျခံပြီး ရက် ၁ဝဝ စီမံကိန်းထဲမှာ ထည့်ပြီးလုပ်နေပါတယ်။ စီမံကိန်းကာလ အတွင်း ပြီးမြောက်မှာဖြစ်ပါတယ်။ အဲဒါကို အလှူရှင်တွေရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ လုပ် တာရှိပါတယ်။ အလားတူ နိုင်ငံရဲ့ တချို့နေရာ တွေမှာဆိုရင်လည်း ဒီလိုထိန်းသိမ်းဖို့လုပ်ငန်း တွေရှိရင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနရဲ့ လုပ်ငန်းတာဝန်တစ်ရပ်အနေနဲ့ ဆက် လက်ပြီး အလှူငွေနဲ့ ထိန်းသိမ်းသွားမှာ ဖြစ်ပါ တယ်။ ဥပမာ-ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရှမ်း ပြည်နယ်(အရှေ့ပိုင်း)မှာရှိတဲ့ မွေတော်ကက္ကူ ဒေသမှာ လေပြင်းမုန်တိုင်းတိုက်ခတ်တုန်းက စေတီပုထိုးပေါင်း ၂ဝဝဝ ကျော်အနက်က ၁၁ဝဝ လောက် ပျက်စီးသွားခဲ့ပါတယ်။
ပျက်စီးသွားတဲ့အခါမှာ ထုထည် ဥာဏ်တော်ကြီးမားတဲ့ စေတီက နှစ်ဆူပဲရှိတယ်။ ကျန်တဲ့စေတီတွေကတော့ ဥာဏ်တော် ကိုး တောင်၊ ဆယ်တောင်၊ တစ်ဆယ့်တစ်တောင် ထုထည်ဥာဏ်တော်သေးတဲ့စေတီတွေ ဖြစ်ပါ တယ်။ အေဒီ ၁၂ ရာစုကတည်းက တည်ထား ကိုးကွယ်ခဲ့တဲ့ ပုဂံခေတ် အလောင်းစည်သူ မင်းကြီးနဲ့ ခေတ်ပြိုင်တည်ထားခဲ့တဲ့ ရှေးဟောင်း အမွေအနှစ်တွေ ဖြစ်ပါတယ်။ ဒါတွေကို တစ်နှစ်အတွင်း ပြုပြင်ပြီးစီးဖို့အတွက်ကို အလှူငွေနဲ့ပဲ ဆောင်ရွက်နေပါတယ်။ နောင် လည်း လိုအပ်တဲ့နေရာတွေကို ဒီလိုပဲဆောင် ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ဗုဒ္ဓရဲ့ တရားဓမ္မတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ကျင့်ကြံတဲ့ ရဟန်းသံဃာတော်တွေ ဒီဘက် ခေတ်မှာ လျော့နည်းလာတာတွေ့ရပါတယ်။ ဒီအရာကို ရက် ၁ဝဝ အတွင်းမှာမဟုတ်ဘဲ အခြားအချိန်တွေမှာရော သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ဘယ်လို ဆောင်ရွက်သွားပါမလဲ။
ဖြေ။ နိုင်ငံအနှံ့က ဘုန်းတော်ကြီးကျောင်း တွေကို ရောက်တဲ့အခါ သာသနာမျိုးဆက်ပြတ် တဲ့ အနေအထားတွေ့ရပါတယ်။ ကျောင်းထိုင် ဆရာတော်ရှိပါတယ်။ တိုက်အုပ်၊ တိုက်ကြပ် ဆရာတော်နဲ့ ခန်းနေသံဃာရှိပါတယ်။ ကိုရင် ဆိုတာ မရှိသလောက်ပါ။ ကျောင်းသားဆိုတာလည်း တော်တော်ရှားပါးသွားပါတယ်။ သံဃာ တွေ အများစုကတော့ ကျောင်းမှာနေတဲ့ ကိုရင်၊ ကျောင်းမှာနေ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာတက်၊ အခြေခံအစိုးရ ကျောင်းတက်ရင်လည်း တက်ဆိုတဲ့သဘောနဲ့ ပါ။ သာသနာကွင်းဆက်မပြတ်အောင် ကိုရင် တွေ၊ ကျောင်းသားတွေ လိုအပ်ပါတယ်။ ဘုန်းတော်ကြီးကျောင်းများအနေနဲ့ ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများနဲ့ ချိတ်ဆက် လိုက်ရင် ဒီကိစ္စဟာရှင်းသွားမှာပါ။ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းတွေမှာ တက်နေ တဲ့ ကျောင်းသားတစ်ဝက်လောက်က မိဘ ဆင်းရဲတဲ့သူတွေ၊ မိဘမစုံလင်တဲ့သူတွေ ဖြစ် ပါတယ်။ ဒီကလေးတွေ ကျောင်းမှာပဲ နေ မယ်။ စားရေးသောက်ရေးအဆင်ပြေမယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း သွား တက်မယ်။ ပြီးရင် အတန်းပညာကိုလည်း သင်ပေးရင်းနဲ့ အခြေခံဗုဒ္ဓဘာသာအပါအဝင် ယဉ်ကျေးလိမ္မာသင်တန်းတွေလည်း ပို့ချတယ် ဆိုရင် သာသနာမျိုးဆက်မပြတ်အောင် ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို အကြံပေးထားပါတယ်။
မေး။ အခုတလောဖြစ်ပေါ်နေတဲ့ ဂေါပက လူကြီးတွေရဲ့ တာဝန်ထမ်းဆောင်မှုအပေါ် ပြည်သူတွေအနေနဲ့ တချို့တိုင်ကြားစာတွေ ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး သိလိုပါတယ်။
ဖြေ။ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုး တွေမှာ ဂေါပကအဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။ ကျန်တဲ့စေတီပုထိုးများမှာလည်း ဖွဲ့စည်းထားပါ တယ်။ အဲဒီလို ဖွဲ့စည်းထားတဲ့နေရာမှာ ပြည်ထောင်စုအဆင့်အစိုးရကနေ တိုက်ရိုက် စီမံကိုင်တွယ်တဲ့ ဂေါပကအဖွဲ့ကတော့ မြန်မာ နိုင်ငံရဲ့ အဓိကဖြစ်တဲ့ ရွှေတိဂုံစေတီတော်ရဲ့ ဂေါပကအဖွဲ့ဖြစ်ပါတယ်။ တခြားတန်ခိုးကြီးဘုရားပုထိုးတွေဖြစ်တဲ့ မဟာမြတ်မုနိဆိုရင် ဂေါပကအဖွဲ့ကို မန္တလေးတိုင်းဒေသကြီးအစိုးရ၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကွပ်ကဲပါတယ်။ ကျိုက်ထီးရိုးစေတီ ဆိုလည်း ပြည်နယ်အစိုးရ၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပူးပေါင်းကွပ်ကဲ ပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကလွဲရင် ကျန်တဲ့ စေတီပုထိုးတွေကို သက်ဆိုင်ရာဒေသ အစိုးရတွေက ကွပ်ကဲပါတယ်။ ပြီးခဲ့တဲ့မေလ ဒုတိယပတ်က မဟာမြတ်မုနိဘုရားကို ရောက် တဲ့အခါ ဂေါပကရဲ့လုပ်ငန်းဆောင်တာကိုလည်း လေ့လာစစ်ဆေးခဲ့ပါတယ်။ အစစအရာရာ ရာခိုင်နှုန်း ၉ဝ လောက် ကျေနပ်ခဲ့ပါတယ်။ စနစ်တကျနဲ့ အလှူငွေလည်း မလေမလွင့်ရ အောင် ထိန်းသိမ်းထားတာတွေ့ရပါတယ်။ အလှူငွေလည်း အတော်များပါတယ်။ များလွန်း လို့ ဘဏ်ငွေစုစာအုပ်နဲ့အပ်ရင်တောင် ဘဏ် တွေက လက်မခံချင်တော့တဲ့ အနေအထားမျိုး လို့ သူတို့တင်ပြတာနားထောင်ခဲ့ရပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးဆိုရင်လည်း အစဉ်အဆက်ဂေါပကအဖွဲ့တွေကို ပြည်ထောင်စု အဆင့်ကပဲ ကွပ်ကဲခဲ့ပါတယ်။ လက်ရှိဂေါပက အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ ဘုရားကြီးကို ထိန်းသိမ်း စောင့်ရှောက်တဲ့နေရာမှာ တိုးတက်မှုများစွာ ရှိပါတယ်။ ပြည်သူတွေ လှူဒါန်းတဲ့ အလှူငွေ ကတော့ ကျပ်ငွေဘီလီယံပေါင်းများစွာ ရှိပါ တယ်။ နိုင်ငံခြားငွေလည်း သန်းပေါင်းများစွာ ရှိပါတယ်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားမျိုးစုံ လည်း ရှိပါတယ်။ အဲဒီငွေတွေတောင်မှ ငွေစု စာအုပ်မှာထားမယ်ဆိုရင် ဘဏ်တွေက လက်မခံချင်တော့တဲ့ အနေအထားမျိုးလည်း ကြားရပါတယ်။ ဒီကိစ္စကိုလည်း ညှိနှိုင်းဖြေရှင်း သွားမှာဖြစ်ပါတယ်။ တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်တဲ့ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နဲ့ ပတ်သက်ရင်တော့ တိုင်စာအများဆုံးရတဲ့ ဂေါပကအဖွဲ့လည်း ဖြစ်ပါတယ်။ ဂေါပက အဖွဲ့ကနေ ဘုရားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ မှာ ကန်ထရိုက်ရသွားတဲ့သူတွေက စီးပွားရေး သိပ်ဆန်တာပဲတဲ့။ စီးပွားရေးဆန်တော့ ဘုရား ဖူးတွေ မကြာခဏစိတ်အနှောင့်အယှက်ဖြစ်ရ တယ်ဆိုပြီးတာ့ မကြာသေးခင်က နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများကလည်း မိန့်ကြားပါတယ်။ အဲဒီကိစ္စကို ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီး ဂေါပကအဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
တချို့သက်တမ်း လွန်တဲ့ ဂေါပကအဖွဲ့တွေကိုလည်း ရက် ၁ဝဝ စီမံကိန်းအတွင်းမှာ သီလ၊ သိက္ခာ၊ သမာဓိပြည့်စုံ တဲ့ လူကြီးသူမများနဲ့တာဝန်လွှဲပြောင်း ဆောင် ရွက်သွားဖို့ရှိပါတယ်။
မေး။ အခုခေတ်လူငယ်တွေအနေနဲ့ ဘာသာစာပေကို ဒီထက်ပိုပြီးချစ်မြတ်နိုးပြီး တန်ဖိုးထားလာစေဖို့အတွက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ဘယ်လို ဆောင်ရွက်ပေးလို့ရပါသလဲ။
ဖြေ။ အခုခေတ်လူငယ်တွေပေါ့။ အိမ် က သားသမီးတွေလည်း ပါပါတယ်။ သုတ စာပေရှိမယ်၊ ရသစာပေရှိမယ်၊ စာပေမျိုးစုံရှိပါ တယ်။ ကျွန်တော်တို့ခေတ်တုန်းကတော့ စာအုပ်စာပေလူ့မိတ်ဆွေဆိုပြီးတော့ လက်လှမ်း မီတဲ့စာမှန်သမျှကိုဖတ်ရှုပါတယ်။ အခုခေတ် လူငယ်မျိုးဆက်သစ်တွေကျတော့ စာဖတ်တာ အင်မတန်အားနည်းသွားတာ တွေ့ရပါတယ်။ စာပေတစ်ခုကို တစိုက်မတ်မတ်နဲ့ လေ့လာဖတ် ရှုတဲ့ အနေအထားမျိုးက အင်မတန်ရှားပါးတဲ့ အနေအထားဖြစ်သွားပါတယ်။ အထူးသဖြင့် တော့ အင်တာနက်ဖေ့စ်ဘွတ်ခ်နဲ့ပဲ အချိန် ကုန်နေပါတယ်။ မျက်စိကျန်းမာရေးလည်း ထိခိုက်ပါတယ်။ ဒါကို တာဝန်ရှိတဲ့ ဌာနအဖွဲ့ အစည်းများအနေနဲ့က မျက်စိကျန်းမာရေးကိုပါ ထိခိုက်စေတဲ့ အလွန်အကျွံ လူမှုစာမျက်နှာ တွေ အသုံးပြုတဲ့အရာတွေကို နည်းနည်းလေး ပညာပေးကန့်သတ်သင့်တယ်လို့ ထင်ပါတယ်။
တစ်ဖက်ကလည်း ယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက်ကို သာသနာ ရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ တစ်နိုင်ငံလုံး မြို့နယ်တိုင်း မှာ ယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်ပြီးတော့ မှ အခြေခံဗုဒ္ဓဘာသာနဲ့ လောကနီတိ စတဲ့ ကျင့်ဝတ်တွေ သင်ကြားနေပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် တစ်လ၊ နှစ်လသင်တာနဲ့တော့ လည်း တကယ်တော့မလုံလောက်ပါဘူး။ ဖြစ် နိုင်လို့ရှိရင် အခြေခံပညာကျောင်းများမှာပါ ယဉ်ကျေးလိမ္မာနဲ့ သက်ဆိုင်တဲ့ဘာသာရပ် တွေကို ဖော်ထုတ်သင်ကြားပေးမယ်ဆိုရင် တော့ အနာဂတ်ပြည်ထောင်စုတာဝန်ကို ဆက်ခံမယ့် ယဉ်ကျေးလိမ္မာတဲ့မျိုးဆက်သစ် တွေ ပေါ်ထွန်းလာမှာဖြစ်ပါတယ်။
မေး။ ကမ္ဘာအေးကုန်းမြေမှာရှိတဲ့ ရှေး ရိုးရာ ဝိသာခါတန်ဆောင်းကို ပြုပြင်သလိုမျိုး ယဉ်ကျေးမှုဘက်ကရော ဘယ်လိုတွေ ဆောင် ရွက်သွားဖို့ရှိသလဲ။
ဖြေ။ ဝိသာခါတန်ဆောင်းပြုပြင်မွမ်းမံ သလိုမျိုးပဲ ကမ္ဘာအေးကုန်းမြေတင်မကဘဲ နိုင်ငံရဲ့ တချို့မြို့တွေမှာလည်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီမံကွပ်ကဲတဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ကျောင်း တွေ စတဲ့ ယဉ်ကျေးမှုဘက်ကနေပြီးတော့ ထိန်းသိမ်းကွပ်ကဲတဲ့ ယဉ်ကျေးမှုအမွေအနှစ် တွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း အဆင့် လိုက် နိုင်ငံတော်ကိုတင်ပြ၊ ဘတ်ဂျက်တောင်းခံ ပြီးမှ ပြုပြင်မွမ်းမံထိန်းသိမ်းသွားဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဦးထွန်းအုံ (ညွှန်ကြားရေးမှူးချုပ်) အနုပညာဦးစီးဌာန
----------------------------------------------------------
ကျွန်တော်တို့ အနုပညာဦးစီးဌာနအနေနဲ့ ရက် ၁ဝဝ စီမံချက်မှာ အနုပညာဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ၊ ဇာတ်တော်ကြီးများ ကို ပြည်သူလူထုအား အခမဲ့ဖျော်ဖြေတင်ဆက် မှု၊ အနုပညာအထက်တန်းကျောင်းတွေကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ မြန်မာ တိုင်းရင်း သားတို့ရဲ့ ရိုးရာတူရိယာပစ္စည်းများဆိုင်ရာ စာအုပ်ထုတ်ဝေဖြန့်ချိရေး အဲဒီလေးခုကို ရက် ၁ဝဝ စီမံချက်မှာ ဆောင်ရွက်လျက်ရှိပါတယ်။အနုပညာဆိုင်ရာ သုတေသနစာတမ်း သုံးစောင်ဖတ်ကြားတင်သွင်းခဲ့တယ်။ တေး သီချင်းနဲ့ ဇာတ်သဘင်မှ အချိုးတေးကဗျာများ စာတမ်း၊ အနုပညာဇာတ်သဘင်သမားစဉ် စာတမ်း၊ ဇာတ်ဆောင်စရိုက်ဖန်တီးမှုစာတမ်း တို့ဖြစ်တယ်။ တေးသီချင်းနဲ့ ဇာတ်သဘင်မှ အချိုးတေးကဗျာအား စာတမ်းကနေ ကဗျာ တွေစပ်မယ်၊ တေးသီချင်းအနေနဲ့ ပါဝင်သွား မယ်။ အနုပညာဦးစီးဌာနအနေနဲ့ပြောရရင် ဇာတ်တော်ကြီးတွေရှိတယ်။ အဆို၊ အငို၊ အပြော ဆိုတာရှိတယ်။ တေးကဗျာကနေ မင်းသား တွေရဲ့ အဆိုတွေပါလာတယ်။ အငိုခန်းတွေ ပါလာတယ်။ အပြောတွေပါလာတယ်။ တစ် နည်းအားဖြင့် ပြောရရင် ဆို၊ ငို၊ ပြောတို့ဖြစ် ပါတယ်။ ဆို၊ ငို၊ ပြောတွေရဲ့ စကားလုံးတွေ အားလုံးဟာ အချိုးတေးကဗျာရဲ့ အရေး အသားတွေနဲ့ သွားရတာဖြစ်တဲ့အတွက် အနု ပညာရှင်တွေအတွက်၊ တေးသီချင်းစပ်ဆိုသူ များအတွက် အလွန်တန်ဖိုးရှိတဲ့ စာတမ်း တစ်စောင် ဖြစ်ပါတယ်။ အနုပညာဇာတ်သဘင်သမားစဉ်ဆိုတာ ကတော့ မြန်မာအဘိဓာန်ထဲမှာ သမားဆိုတာ ဘာကိုဖွင့်ဆိုထားသလဲဆိုရင် စဉ်ဆက်မပြတ် ပြုလေ့ပြုထရှိခြင်း၊ အလေ့အထတစ်ခုကို ဆောင်ရွက်ခြင်းဆိုပြီး အဓိပ္ပာယ်ဖော်ပြထား ပါတယ်။ စဉ်ဆိုတာကတော့ တန်းစီခြင်းလို့ ခေါ်ပါတယ်။ အဲဒါကြောင့် အနုပညာမှာ အလေ့အထရှိတာတွေကို အစီအစဉ်အလိုက် ဖော်ပြခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု အဆိုအကအရေးအတီး၊ အနုသုခုမပညာ၊ ခေတ်ဟောင်းပညာ စသည်အားဖြင့် ဒါတွေကို ထိန်းသိမ်းမယ်။ ဖော်ထုတ်မယ်။ ပြီးရင်မြှင့်တင် မယ်ဆိုတဲ့ ဦးတည်ချက်၊ တစ်နည်းအားဖြင့် လုပ်ငန်းတာဝန်တစ်ခုပါပါတယ်။ ဇာတ်ဆောင်စရိုက်ဖန်တီးမှုစာတမ်းကတော့ ဇာတ်လမ်းတစ်ပုဒ်မှာ ဇာတ်ဆောင် ဟာ အဓိကကျတယ်။ ဇာတ်ဆောင်ရဲ့စရိုက် အပေါ်မူတည်ပြီးတော့မှ ဇာတ်လမ်းဖန်တီး လာကြတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေရှိမယ်။ တီဗွီဇာတ်လမ်းတွေ၊ ရုပ်မြင်သံကြားဇာတ်လမ်း တွေ၊ ဇာတ်တော်ကြီးတွေ၊ ပြဇာတ်တွေ၊ အငြိမ့် တွေရှိမယ်။ အဲဒီမှာ သရုပ်ဆောင်နေတဲ့ အငြိမ့် ဆိုရင် လူရွှင်တော်၊ ပြဇာတ်ဆို ပြဇာတ်မှာပါတဲ့ ဇာတ်ကောင်တွေသရုပ်ဆောင်မယ်။ သရုပ် ဆောင်မှုအားလုံးဟာ သူ့ရဲ့စရိုက်ပေါ်မူတည် ပြီးမှ ဇာတ်လမ်းဖန်တီးမှုတွေ ဆောင်ရွက်ပါ တယ်။ ဒါကြောင့် ဇာတ်ဆောင်စရိုက် ဖန်တီးမှု ဆိုတဲ့ စာတမ်းကနေ အနုပညာလောကသား တွေအတွက်သာမက ဝတ္ထုရေးမယ့် စာရေး ဆရာတွေအတွက်ပါ တန်ဖိုးရှိတဲ့စာတမ်းဖြစ်ပါ တယ်။ ဒါကြောင့်မို့ ရက် ၁ဝဝ စီမံချက်ထဲမှာ ဒီစာတမ်းတွေဖတ်ကြားတင်သွင်းရတာ ဖြစ်ပါ တယ်။ နောက်ထပ် ရက် ၁ဝဝ စီမံချက်တစ်ခုဖြစ် တဲ့ ဇာတ်တော်ကြီးတွေကို အများပြည်သူကို အခဲမဲ့ဖျော်ဖြေတင်ဆက်ခြင်းမှာ ဘာနဲ့ဆက်စပ် နေလဲဆိုရင် စာတမ်းဖတ်ကြားမှုနဲ့ ဆက်စပ် နေတယ်။ မြန်မာတိုင်းရင်းသားတွေရဲ့ အဆို၊ အက၊ အရေး၊ အတီးတွေကို ဖော်ထုတ်မယ်။ ပြီးရင်ထိန်းသိမ်းမယ်။ မြှင့်တင်မယ်။ အခမဲ့ တင်ဆက်မယ့် ဇာတ်တော်ကြီးကတော့ သီရိဝံသ ဇာတ်ကြီးဖြစ်ပါတယ်။ အဲဒီဇာတ်ကြီးထဲမှာ ဆို၊ ငို၊ ပြောတွေပါတယ်။ အချိုးတေးကဗျာတွေ ရဲ့ စပ်ဆိုမှုတွေကို သရုပ်ဆောင်တွေကနေ ဆို၊ ငို၊ ပြောတွေနဲ့ အများပြည်သူကို ဖျော်ဖြေ တင်ဆက်မှာဖြစ်သလို ဇာတ်ဆောင်တွေက လည်း သမားစဉ်အတိုင်းသွားမယ်။ ဇာတ် ဆောင်စရိုက်တိုင်းကို သရုပ်ဆောင်မယ်။ ဒါကြောင့် စာတမ်းဖတ်ပွဲနဲ့ ဇာတ်ကြီးအခမဲ့ ဖျော်ဖြေတင်ဆက်မှုဟာ ဆက်စပ်ပြီးတော့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အများပြည်သူကို လည်း အပန်းလည်းပြေစေ။ အဆို၊ အက၊ အရေး၊ အတီးကိုလည်း အများပြည်သူကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရက် ၁ဝဝ စီမံချက်ကို ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ မြန်မာတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ် ကျေးမှု တူရိယာပစ္စည်းတွေကို သုတေသနပြု ထားပါတယ်။ တိုင်းရင်းသားတွေရဲ့ ရိုးရာ တူရိယာတွေကို ကွင်းဆင်းသုတေသနပြုတဲ့ အခါ ၂၉၉ မျိုးတွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲက တိုင်းရင်းသားတို့ရဲ့ တူရိယာ ၄၇ မျိုးကို စာအုပ် ထုတ်ဝေမှာဖြစ်ပါတယ်။ ဒီရက် ၁ဝဝ အတွင်း မှာ စာအုပ်ထုတ်ဝေမယ်။ ထုတ်ဝေပြီးရင် မြန်မာတိုင်းရင်းသားတွေအားလုံး သိသွား အောင် လေ့လာမှတ်သားလို့ရအောင် မှတ်တမ်းမှတ်ရာအဖြစ် ထားရပါတယ်။
အနုပညာဦးစီးဌာနအောက်မှာ ပန်တျာ ကျောင်း၊ ပန်းချီပန်းပုကျောင်းတွေရှိပါတယ်။ အဲဒီနှစ်ခုပေါင်းပြီးတော့မှ အနုပညာအထက် တန်းကျောင်းလို့ အမည်ပေးပြီး ပန်းချီပန်းပု ပညာတွေ၊ ပန်တျာပညာတွေ သင်ကြားပေး လျက်ရှိပါတယ်။ နံနက်ပိုင်းမှာ အတန်းပညာ သင်ပေးတယ်။ သတ်မှတ်အရည်အချင်းကတော့ ခုနစ်တန်းအောင်ဖြစ်ရမယ်။ စတက်တဲ့ နှစ်က ရှစ်တန်းကနေစတက်မယ်။ ဒုတိယ နှစ်က ကိုးတန်း၊ တတိယနှစ်ဟာ ဆယ်တန်း ဖြစ်မယ်။ သုံးနှစ်ပညာသင်မယ်။ နေ့လယ် ပိုင်းမှာ အနုပညာတွေကို သင်ကြားပေးနေတဲ့ ကျောင်း ဖြစ်ပါတယ်။
အဲဒီကျောင်းတွေကို လာရောက်ပညာ သင်တဲ့ ကလေးတွေဟာ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးတွေကို ထိန်းသိမ်း ရန် ဆန္ဒရှိတဲ့ လူငယ်လူရွယ်လေးတွေဖြစ်ပါ တယ်။ မျိုးဆက်သစ်လူငယ်တွေဖြစ်ပါတယ်။ ဒါကြောင့်အဲဒီလူငယ်လူရွယ်တွေကို အနုပညာ အထက်တန်းကျောင်းတွေမှာ စိတ်ရောကိုယ်ပါ စိတ်ချမ်းမြေ့စွာ ပညာကိုသင်ကြားလို့ရအောင် သူတို့နေထိုင်တဲ့ အခြေခံအဆောက်အအုံတွေ ကို အဆင့်မြှင့်တင်ခြင်းတွေ လုပ်နေပါပြီ။ ရက် ၁ဝဝ စီမံချက်မှာလုပ်မယ်။ အဆင့်မြှင့် တင်ခြင်းတွေကိုလည်း ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ဦးကျော်ဦးလွင် (ညွှန်ကြားရေးမှူးချုပ်)
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
--------------------------------------------------------------
ကျွန်တော်တို့ဌာနအနေနဲ့ ရက် ၁ဝဝ အတွင်းမှာ အကောင်အထည်ဖော်ဖို့ကတော့ လုပ်ငန်းသုံးခု ရွေးချယ်ပါတယ်။ ပထမတစ်ခု ကတော့ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်ဆိုတာ တင်သွင်းခြင်းနဲ့ ကမ္ဘာ့အမွေအနှစ်ရရှိခဲ့တဲ့ အထိမ်းအမှတ်လိုဂို စိုက်ထူခြင်းဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ မှတ်တမ်းအမွေ အနှစ်တွေကို ယူနက်စကိုရဲ့ကြီးကြပ်မှုနဲ့ ကမ္ဘာ့ မှတ်တမ်းအမွေအနှစ်အစီအစဉ် အကောင် အထည်ဖော်ခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေ နဲ့ ၂ဝ၁၁ ခုနှစ်ကတည်းက ဝင်ရောက်ဆောင် ရွက်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ပထမဆုံး ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အနေနဲ့ မန္တလေး မှာရှိတဲ့ ကုသိုလ်တော်ကျောက်စာ ရရှိခဲ့ပါ တယ်။ ၂ဝ၁၅ အတွက်ကတော့ ပုဂံညောင်ဦး မြို့မှာရှိတဲ့ မြစေတီကျောက်စာလို့ခေါ်တဲ့ ရာဇကုမာရ်ကျောက်စာက ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ဖြစ်လာခဲ့ပါတယ်။တတိယအကြိမ်အနေနဲ့တော့ လျာထား တင်သွင်းတာက ပုဂံညောင်ဦးမြို့မှာရှိတဲ့ ရွှေစည်းခုံဘုရားကြီးရဲ့ ရင်ပြင်တော်မှာ ဘုရင့်နောင်မင်းတရားကြီးလှူဒါန်းတဲ့ ဘာသာ သုံးမျိုးနဲ့ ရေးထိုးထားတဲ့ခေါင်းလောင်း ဖြစ်ပါ တယ်။ ဒီခေါင်းလောင်းကြီးကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းတင်သွင်းဖို့ ဆောင်ရွက်နေ ပါတယ်။ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် လိုဂို စိုက်ထူခြင်းကတော့ မြစေတီဘုရားရင်ပြင်မှာ ရှိတဲ့ ရှေးဟောင်းသုတေသနပြတိုက်ထဲမှာ ရှိတဲ့ မြစေတီကျောက်စာတိုင်အနားမှာ စိုက် ထူပြီးတော့ စာတမ်းဖတ်ပွဲတွေလည်း ပြုလုပ် သွားမှာဖြစ်ပါတယ်။ ဒါဟာ ပထမဆုံး ရက် ၁ဝဝ အတွင်းဆောင်ရွက်မယ့် အစီအစဉ်ဖြစ် ပါတယ်။ဒုတိယဆောင်ရွက်မယ့်အစီအစဉ်ကတော့ ရန်ကုန်မြို့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို မွမ်းမံပြင်ဆင်ခြင်းဖြစ်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် က ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့တဲ့အိမ် တာဝါလိန်းလမ်းမှာ တည်ရှိပါတယ်။ အခုတော့ ဗိုလ်ချုပ်ပြတိုက်လမ်းဆိုပြီး အမည်ပြောင်းလဲ ခေါ်ပါတယ်။ အဲဒီမှာရှိတဲ့ အထွေထွေထိန်း သိမ်း မွမ်းမံခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရဲ့ ကူညီစစ်ဆေးပေးမှုနဲ့ ကြံ့ခိုင်မှုလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်သလို ပြသမှုကိုလည်း ပြောင်းလဲပြသသွားမှာဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းစီးခဲ့တဲ့ကားအတွက်လည်း အမြဲ တမ်းထားရှိမယ့် ကားဂိုဒေါင်တည်ဆောက် ပြီးတော့ ပြန်လည်ပြသသွားမှာဖြစ်ပါတယ်။ လေ့လာတဲ့ပြည်သူအတွက်လည်း အဆင်ပြေ အောင် ဆောင်ရွက်မယ့်လုပ်ငန်းတွေလည်း ရှိပါတယ်။ ရက် ၁ဝဝ အတွင်းမှာ အကောင် အထည်ဖော်ပြီးတော့ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)မတိုင်ခင် အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်သလို အခုလည်း လုပ်ငန်းတွေ စတင်နေပါပြီ။ တတိယလုပ်ငန်းစဉ်ကတော့ မန္တလေးမြို့ မှာရှိတဲ့ မန္တလေးယဉ်ကျေးမှုပြတိုက်ကို အဆင့် မြှင့်တင်ခြင်း ဖြစ်ပါတယ်။ မန္တလေးယဉ်ကျေးမှု ပြတိုက်က ၁၉၅၅ ခုနှစ်လောက်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၁၉၈၃ ခုနှစ်မှာ လက်ရှိ အာရ်စီသုံးထပ်အဆောက်အအုံ ခင်းကျင်းပြသခဲ့ပါတယ်။ ခင်းကျင်းပြသထား တာတွေကလည်း ခေတ်မမီတော့ပါဘူး။ ဒါကြောင့် ခေတ်နဲ့အညီ ပြန်လည်ခင်းကျင်း ပြသသွားဖို့ လျာထားပါတယ်။ မူလကလည်း လက်ရှိပြသထားတဲ့ ပြခန်းငါးခန်းအပြင် နောက်ထပ်ပြခန်းတစ်ခန်း ထပ်မံတိုးချဲ့ ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ မန္တလေး ယဉ်ကျေးမှုပြတိုက် ခင်းကျင်းပြသခြင်းလုပ်ငန်း ကိုလည်း ရက် ၁ဝဝ အတွင်းမှာ ပြီးစီးဖွင့်လှစ်ဖို့ လျာထားပါတယ်။

No comments:
Post a Comment