
မင်းမင်းဇော် (ကလေး)
''မြန်မာ့စီးပွားရေးဘဏ်ကနေ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို ထုတ်ချေးမယ့်အတိုင်းအတာ ငွေပမာဏလိုအပ် ချက်လုံလောက်မှုမရှိတဲ့အခါမှသာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ချေးယူဖို့ဆောင်ရွက်ထားတာဖြစ်ပါ တယ်။ တကယ်လို့ချေးယူမယ်ဆိုရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၉၁ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ဗဟိုဘဏ်က အစိုးရအဖွဲ့ကို ချေးနိုင်ပါ တယ်''ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောသည်။
မေ ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး (၂၄) ရက်မြောက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၏ စိုက်ပျိုး စရိတ်အတွက် ဗဟိုဘဏ်ထုတ်ချေးမည့် ငွေကျပ်ဘီလီယံ ၅ဝဝ ကို ငွေစက္ကူရိုက်နှိပ် ထုတ်ချေးသွားမည်ဟူသည့် ရှင်းလင်းတင်ပြချက်နှင့် စပ်လျဉ်း၍ သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များအပေါ် မေ ၂၅ ရက်က ထိုကဲ့သို့ တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။
''ဘီလီယံ ၅ဝဝ ကို ကျွန်တော်တို့ကို ထုတ်ချေးမယ်။ အဲဒီပမာဏအထိ ငွေစက္ကူတွေရိုက်နှိပ်ထုတ်ဝေ ချေးရမယ် ဆိုတာ အပြည့်အဝမှန်ကန်မှုမရှိပါဘူး။ တကယ်လိုအပ်လို့ ချေးခဲ့ရင်တောင် ဘီလီယံ ၅ဝဝကို တစ်ချိန်တည်း တစ်ပြိုင်တည်းချေးယူမှာမဟုတ်ဘဲ လိုအပ်သလောက်ကို သာ အလီလီချေးယူတဲ့ ပုံစံမျိုးနဲ့ရယူမှာဖြစ်ပါတယ်။ ပထမ တစ်ခုကို ချေးယူပြီးရင် နောက်ပြန်ဝင်လာတာနဲ့ ပြန်ထေမိ တဲ့အခါ နောက်တစ်ခု ထပ်လိုချင်မှ လိုတော့မှာဖြစ်တယ်။ အရင်ယူထားတာကိုလည်း တစ်နှစ်အတွင်းအချိန်မီ ပြန်ဆပ်နိုင်အောင်ကြိုးစားမယ်။ ဒီလိုစနစ်နဲ့သွားရင် ငွေစက္ကူတွေ ရိုက်နှိပ်ချေးယူရမယ်။ ငွေစက္ကူတွေ ဖောင်းပွမှုဖြစ်မယ်ဆိုတဲ့ ဖိအားတွေ စိုးရိမ်စရာမလိုတော့ ပါဘူး''ဟု ၄င်းကဆိုသည်။
''လယ်ယာမြေဧကများစွာအတွက် ဘဏ္ဍာငွေ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်ကတွက်ချက်ပြီး အဆိုပြုတင်ပြပါတယ်။ နှစ်စဉ် အစိုးရအနေနဲ့ လယ်သမားတွေကို ထုတ်ချေးဖို့ဆိုတာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တွက်ချက်တင်ပြ တဲ့ဘဏ္ဍာငွေလိုအပ်ချက်အပေါ် မူတည်ပါတယ်။ ဒီနှစ် အတွက် တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ ကျပ်ဘီလီယံ ၁၇၇၆ ဘီလီယံလိုအပ်တယ်လို့ အဆိုပြုထားပါတယ်။ ဒီအဆိုပြုချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လွှတ်တော်မှာရှင်းလင်း တင်ပြထားပါတယ်''။
''ဒီလိုအပ်ချက်ကို အစိုးရက တာဝန်ယူဖြည့်ဆည်း ဆောင်ရွက်ပေးရမှာဖြစ်တဲ့အတွက် မြန်မာ့စီးပွားရေးဘဏ် က ဖြည့်ဆည်းပေးခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ အပ်ငွေများများ လက်ခံထားတာမရှိတဲ့အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ရန်ပုံငွေနဲ့ မလုံလောက်ပါဘူး။ ဒါကြောင့် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်အတွက် အစိုးရကိုယ်စား မြန်မာ့စီးပွားရေးဘဏ်က ငွေကိုထုတ်ချေးတယ်။ မြန်မာ့ စီးပွားရေးဘဏ်ကလည်း လယ်သမားတွေရဲ့ အကျိုးစီးပွား အတွက် အစိုးရကသတ်မှတ်ထားတဲ့ အတိုးနှုန်းနဲ့ ထုတ်ချေးပါတယ်။ ဒါကြောင့် မြန်မာ့စီးပွားရေးဘဏ်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပါတယ်။ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တောင်သူလယ်သမားတွေကို အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ထုတ်ချေးမှာဖြစ်တယ်။ ချေးငွေတွေဟာ တစ်နှစ်တစ်နှစ် တိုးမြှင့်လာတဲ့အတွက် မြန်မာ့စီးပွားရေး ဘဏ်အနေနဲ့ သူတို့ရဲ့အပ်ငွေ လက်ကျန်အခြေအနေ၊ ငွေဝင်၊ ငွေထွက်အခြေအနေတွေကို ကြည့်ရတယ်။ တကယ်လို့ မြန်မာ့စီးပွားရေးဘဏ်သာ ချေးဖို့မလုံလောက်ခဲ့ ရင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေယူဖို့ အရံအဖြစ် စီစဉ်ထားတာဖြစ်ပါတယ်။ ဘီလီယံ ၅ဝဝ လုံးလုံးလည်း ယူချင်မှယူဖြစ်မှာ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်ရဲ့ အခြေအနေကိုမူတည်ပြီး လုံးဝမလိုအပ်ရင် လုံးဝမယူပါ ဘူး''ဟု ၄င်းက ထပ်မံရှင်းပြသည်။
''မြန်မာ့စီးပွားရေးဘဏ်က မလုံလောက်မှသာ ဗဟို ဘဏ်ကချေးယူမှာဖြစ်တယ်။ နောက်တစ်နည်းက ဗဟို ဘဏ်ကမယူရင် အစိုးရအနေနဲ့ ငွေတိုက်စာချုပ်တွေ၊ ငွေတိုက်လက်မှတ်တွေထုတ်ရောင်းပြီး သင့်တော်တဲ့အတိုး နှုန်းနဲ့ ယူရင်လည်းရပါတယ်။ ဘွန်းတွေရောင်းချပြီး ဖြည့်ဆည်းတာတွေလည်း ရှိပါတယ်။ အဲဒီမှာ မြင့်မားတဲ့ အတိုးနှုန်းပေးရမယ်။ တောင်သူလယ်သမားကို ချေးတဲ့ နေရာမှာ အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့သာ ချေးပေးချင်တဲ့ အတွက် မြင့်မားတဲ့အတိုးနှုန်းတွေဟာ အစိုးရအတွက် အရှုံးတွေဖြစ်ပေါ်ပြီး အစိုးရမှာ ဝန်ထုပ်ဝန်ပိုးတွေဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ကချေးယူဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။
''ဗဟိုဘဏ်ကချေးယူမယ်ဆိုတိုင်း ငွေစက္ကူတွေ မဖြစ်မနေရိုက်ရမယ်လို့ မဆိုလိုပါဘူး။ ဗဟိုဘဏ်အနေနဲ့ ရှိနေတဲ့ အရင်းအမြစ်တွေနဲ့ လုံလောက်တယ်ဆိုရင် ပထမ ထုတ်ချေးပေးမယ်။ အဲဒီမှာ လက်ကျန်အနေနဲ့ မလုံလောက်တော့ဘူးဆိုမှသာ ငွေစက္ကူရိုက်နှိပ်မှာ ဖြစ်ပါ တယ်။ ငွေစက္ကူရိုက်နှိပ်ဖို့ဆိုတာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေအရ ဗဟိုဘဏ်ကသာ ရိုက်နှိပ်ခွင့်ရှိပြီး ငွေကြေး တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းရမယ့်တာဝန်လည်းရှိ ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ တတ်နိုင်သမျှ ဗဟိုဘဏ်က မချေးယူပါဘူး။ ဗဟိုဘဏ်ကချေးယူတာကို တတ်နိုင်သမျှ လျှော့ချသွားမှာဖြစ်ပါတယ်။ အဲဒီလိုလျှော့ချနိုင်အောင် မြန်မာ့စီးပွားရေးဘဏ်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ် ပါတယ် ''ဟု ချေးယူနိုင်မည့်အစီအစဉ်များနှင့် စပ်လျဉ်း၍ အဆိုပါ အမြဲတမ်းအတွင်းဝန်က ရှင်းလင်းသည်။
''မနှစ်ကလည်း ဗဟိုဘဏ်ကနေ ဘီလီယံ ၄ဝဝ ချေးယူမယ်လို့ ကြိုတင်ညှိနှိုင်းခဲ့ပေမယ့် မယူဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ့စီးပွားရေးဘဏ်ရဲ့ အခြေ အနေနဲ့ လုံလောက်မှုရှိခဲ့လို့ပါပဲ။ တစ်နှစ်ကလည်း ဗဟို ဘဏ်ကနေ မချေးယူခဲ့ရပါဘူး။ ဒီနှစ်အတွက်လည်း လုံလောက်မှုရှိမယ်လို့ မျှော်မှန်းထားပါတယ်။ တကယ်လို့ မလုံလောက်ခဲ့ရင်ဆိုပြီး ဗဟိုဘဏ်ကချေးယူနိုင်အောင် ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ချေးငွေကိုတစ်လုံးတစ်ခဲ တည်းယူမှာမဟုတ်ဘဲ အလီလီစနစ်နဲ့ ချေးယူဖို့တွေ၊ ထုတ်ယူရင် ဘယ်လောက်၊ ပြန်ဆပ်ရင်ဘယ်လောက်ဆိုတာ တွေ၊ တစ်နှစ်အတွင်းမှာ ပြန်ဆပ်ဖို့တွေ၊ အတိုးနှုန်းကို သုံးလ တစ်ကြိမ်ပေးဖို့တွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ လယ်သမားတွေ စိုက်ပျိုးစရိတ် ငွေလုံလောက်အောင် ဖြည့်ဆည်းဖို့ နည်းလမ်းမျိုးစုံနဲ့ စဉ်းစားရမှာဖြစ်ပါတယ်။ ဘဏ္ဍာငွေရရှိနိုင်မှု အရင်းအမြစ် တွေအပေါ် မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ တောင်သူလယ်သမားတွေရဲ့ ချေးငွေလိုအပ်ချက်၊ တစ်ဖက်ကလည်း မြန်မာ့စီးပွားရေးဘဏ်ရဲ့ အပ်ငွေ လက်ကျန် အခြေအနေနဲ့ ငွေဝင်၊ ငွေထွက်အခြေအနေ အပေါ် မူတည်ပြီး လိုအပ်ရင် လိုအပ်သလောက်သာ ဗဟိုဘဏ်ကနေ ရယူမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆိုသည်။
ခေတ်အဆက်ဆက်အစိုးရအဖွဲ့များ၏ စိုက်ပျိုး စရိတ်ချေးငွေ ပုံမှန်ထုတ်ချေးနိုင်ခဲ့မှုများနှင့် စပ်လျဉ်း၍ လည်း ¤င်းက ''ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်အနေနဲ့ စိုက်ပျိုးရေးလုပ်ကိုင်တဲ့ တောင်သူလယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ချေးခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန် ရေးကောင်စီအစိုးရခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ အစိုးရခေတ်၊ ဒီမိုကရေစီခေတ် ပြီးခဲ့တဲ့ အစိုးရ သက်တမ်းကာလတွေမှာ ပုံမှန်ထုတ်ချေးခဲ့ကြတာဖြစ်ပြီး အခုလက်ရှိ အစိုးရလက်ထက်မှာလည်း ပုံမှန်ထုတ်ချေး နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။
တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ အဓိက တာဝန်ယူထုတ်ချေးတာဖြစ်ပါတယ်။ ထုတ်ချေးတဲ့နေရာမှာ အဓိက ချေးငွေ ၃ မျိုးခွဲခြားပြီး ထုတ်ချေးတယ်လို့သိရပါ တယ်။ အဓိကချေးငွေကတော့ စပါးစိုက်မယ့်ရာသီကို ကိုက်ညှိပြီးချေးတဲ့ မိုးချေးငွေဖြစ်ပြီး ကျန်တာက မိုးကြို ချေးငွေ၊ ဆောင်းချေးငွေတွေ ဖြစ်ပါတယ်။ ချေးငွေနှုန်း သတ်မှတ်ချက်ကတော့ နှစ်အလိုက်ပြောင်းလဲမှုတွေရှိပါ တယ်။ မနှစ်က ချေးငွေဆိုရင် တစ်ဧကကို တစ်သိန်းနှုန်း ချေးခဲ့ပြီး အခု ၂ဝ၁၆-၂ဝ၁၇ မှာ တစ်ဧကကို တစ်သိန်းခွဲ နှုန်းထုတ်ချေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်''ဟု ဆို သည်။
No comments:
Post a Comment