Monday, May 2, 2016

နိုင်ငံတကာမြင်ကွင်း


The Mirror Daily's photo.


ဘရာဇီးအောက်လွှတ်တော်က ဘရာဇီးသမ္မတ ဒီလ်မာရူးဆက်ဖ်ကိုစွပ်စွဲပြစ်တင်ဖို့ အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။ ဧပြီ ၁၇ ရက်က ဆုံးဖြတ်ခဲ့တာပါ။ သမ္မတကိုစွပ်စွဲ အပြစ်တင်နိုင်ဖို့ဆိုရင် အောက်လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံက သဘောတူညီဖို့လိုပါတယ်။ အောက်လွှတ်တော်မှာ အမတ် ၅၁၃ ဦးရှိတဲ့အတွက် အနည်းဆုံးအမတ် ၃၄၂ ဦးက စွပ်စွဲအပြစ်တင်ဖို့ လက်ခံရပါမယ်။ ဧပြီ ၁၇ ရက် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ၃၆၇ ဦးက စွပ်စွဲအပြစ်တင်ဖို့ ထောက်ခံခဲ့ပြီး ၁၃၇ ဦးက ကန့်ကွက် ဆန့်ကျင်ခဲ့ပါတယ်။ ပျက်ကွက်မဲက ခုနစ်ဦးရှိပြီး ဆန္ဒမဲမပေးခဲ့တာက နှစ်ဦးပါ။ အောက်လွှတ်တော်ရဲ့ သမ္မတအပေါ် စွပ်စွဲပြစ်တင်ရေးဆုံးဖြတ်ချက်ကို အထက်လွှတ်တော် မှာပြန်ဆွေးနွေးဆုံးဖြတ်ကြမှာပါ။ အထက်လွှတ်တော်မှာ ဆုံးဖြတ်တဲ့အခါ မဲတစ်မဲသာရင်ကိုပဲ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားမှာပါ။
(ရဲရင့်လင်းလက်)
ထွက်ပေါ်နေတဲ့ သတင်းတွေအရ အမတ် ၈၁ဦး ရှိတဲ့ အထက်လွှတ်တော်မှာ ၄၅ ဦးက စွပ်စွဲပြစ်တင်ဖို့ကို ထောက်ခံပြီး ၁၉ ဦးက ဆန့်ကျင်ပါတယ်။ ၁၇ ဦးက မဆုံးဖြတ်ရသေးပါဘူး။ ပြောရရင်အထက်လွှတ်တော်က စွပ်စွဲပြစ်တင်ရေးကို အတည်ပြုဖို့က သေချာသလောက် ဖြစ်နေပါပြီ။ ဒီတော့ အထက်လွှတ်တော်က စွပ်စွဲပြစ်တင်ရေးကို အတည်ပြုခဲ့ရင် သမ္မတ ဒီလ်မာရူးဆက်ဖ်ရဲ့ အနာဂတ်ဘယ်လိုဖြစ်မှာလဲ။ သမ္မတ ဒီလ်ဟရူးဆက်ဖ်က ရာထူးကနေ ယာယီဆင်း ပေးရမှာဖြစ်ပြီး အထက်လွှတ်တော်က ခုံရုံးဖွဲ့စစ်ဆေး မှာပါ။ ဒီလိုသမ္မတ ဒီလ်မာရူးဆက်ဖ်ကို ခုံရုံးဖွဲ့စစ်ဆေးနေ ချိန်မှာ ဒုတိယသမ္မတ မိုက်ကယ်တီးမားက ယာယီသမ္မတ အဖြစ်တာဝန်ယူရမှာဖြစ်ပြီး ယာယီသမ္မတရဲ့ သက်တမ်း ဟာ အများဆုံး ရက်ပေါင်း ၁၈ဝ ပါ။ ခုံရုံးအဖွဲ့ကို တရားရုံးချုပ်တရားသူကြီးက ဦးဆောင်မှာပါ။ ခုံရုံးအဖွဲ့ ရဲ့ တွေ့ရှိချက်အပေါ်မူတည်ပြီး အထက်လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံ ၅၄ ဦးက စွပ်စွဲအပြစ်တင်ဖို့ အတည်ပြုခဲ့ရင် သမ္မတ ဒီလ်မာရူးဆက်ဖ်က ရာထူးကနေ အပြီးဖယ်ရှား ခံရမှာပါ။
ဘရာဇီးကွန်ဂရက်က သမ္မတဒီလ်မာရူးဆက်ဖ်ကို စွပ်စွဲပြစ်တင်ခဲ့တဲ့ဖြစ်ရပ်ကို နားလည်ဖို့ဆိုရင် ဘရာဇီးနိုင်ငံရဲ့ နောက်ခံဖြစ်ရပ်တွေကို သိဖို့လိုပါတယ်။ ဘရာဇီးနိုင်ငံဟာ လက်တင်အမေရိကမှာ အကြီးမားဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားပြီး လူဦးရေအရလည်း အများဆုံးပါ။ လူဦးရေ ၂ဝ၂ သန်းကျော်ရှိပါတယ်။ သမိုင်းကိုပြန်ကြည့်ရင် ဘရာဇီးနိုင်ငံမှာရှိခဲ့တဲ့ လူမည်းကျွန်အရေအတွက်က အမေရိကန်နိုင်ငံထက် ဆယ်ဆလောက်များပါတယ်။ အာဖရိကတိုက်ပြင်ပမှာ လူမည်းလူဦးရေအများဆုံး နိုင်ငံက ဘရာဇီးနိုင်ငံပါ။ ပြောရရင် ဘရာဇီးနိုင်ငံမှာ လူမည်းတွေတင်သာမဟုတ်ပါဘူး၊ လူမျိုးတော်တော်များများ စုစည်းနေထိုင်ကြတာပါ။ ဘရာဇီးနိုင်ငံလူဦးရေရဲ့ ၄၈ ရာခိုင်နှုန်းဟာ လူဖြူတွေပါ။ လူမည်းတွေက ရှစ်ရာခိုင်နှုန်း နီးပါးရှိပါတယ်။ လူမည်းလူဖြူသွေးနှောက ၄၃ ရာခိုင်နှုန်းပါ။ အာရှမျိုးနွယ်တွေက တစ်ရာခိုင်နှုန်းလောက်ရှိပြီး ဌာနေအင်ဒီယန်းတွေက သုည ဒသမ ၅ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ဘရာဇီးနိုင်ငံမှာ အသားအရောင်နဲ့ ပိုင်ဆိုင်ကြွယ်ဝမှုကို ယှဉ်တွဲကြည့်ရတယ်လို့ ပြောလေ့ရှိ ပါတယ်။ ချမ်းသာကြွယ်ဝသူတွေက လူဖြူတွေဖြစ်ပြီး လူမည်း၊ လူညို၊ လူဝါတွေနဲ့ ဌာနေအင်ဒီယန်းတွေက သာမန်ပြည်သူတွေပါ။
ဘရာဇီးနိုင်ငံကို ဆယ်စုနှစ်ငါးစု ကျော်ကျော်လောက် စစ်အာဏာရှင်တွေကပဲ အုပ်ချုပ်ခဲ့ပြီး ဒီမိုကရေစီစနစ်ကို ၁၉၈၅ ခုနှစ်ကျမှ စတင်ကျင့်သုံးခဲ့တာပါ။ ဘရာဇီးနိုင်ငံရဲ့ လက်ရှိအနေအထားကိုပြောရရင် ဘရာဇီးနိုင်ငံကို အလုပ်သမားပါတီက အုပ်ချုပ်နေတာ ၁၄ နှစ်ထဲရောက်နေပါပြီ။ အလုပ်သမားပါတီကို စတင်ထူထောင်ခဲ့တဲ့ လူလာဒါ ဆီလီမာက ဘရာဇီးသမ္မတအဖြစ် ၂ဝဝ၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ဆောင်ရွက်ခဲ့ပါတယ်။ သမ္မတဒီလ်မာရူးဆက်ဖ်က ဘရာဇီးနိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ၂ဝ၁၁ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင်တာဝန်ယူခဲ့ပြီး ၂ဝ၁၄ ခုနှစ်မှာ သမ္မတအဖြစ် ပြန်လည်ရွေးချယ် တင်မြှောက် ခံခဲ့ရပါတယ်။ ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတဒီလ်မာ ရူးဆက်ဖ်က ဆန္ဒမဲရဲ့ ၅၂ ရာခိုင်နှုန်းကိုရခဲ့ပြီး မဲအရေ အတွက်အရ ဆိုရင် ၅၄ သန်းကျော်ရရှိခဲ့ပါတယ်။ သမ္မတ ဒီလ်မာရူးဆက်ဖ်ဟာ အလုပ်သမားပါတီရဲ့ ခေါင်းဆောင် တစ်ဦးပါ။
အလုပ်သမားပါတီကိုစတင်ထူထောင်ခဲ့တဲ့ ဘရာဇီး သမ္မတ လူလာဒါဆီလီမာက လက်ဝဲဝါဒီတစ်ဦးဖြစ်ပြီး ဘရာဇီးပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ လူမှုဖူလုံရေးအစီအစဉ် (Fome Zero) ကို ၂ဝဝ၃ ခုနှစ်က စကျင့်သုံးခဲ့ပါတယ်။ ဒီလူမှုဖူလုံရေးအစီအစဉ်မှာ ဆင်းရဲ ချို့တဲ့သူတွေကို တိုက်ရိုက်ငွေကြေးထောက်ပံ့တဲ့ အစီ အစဉ် (Bolsa Familia)တွေပါသလို လယ်သမား ငယ်လေးတွေကို ထောက်ပံ့တာ၊ အသေးစားချေးငွေတွေ ထုတ်ပေးတာစတဲ့ လူမှုဖူလုံရေးအစီအစဉ် အမျိုးမျိုး ပါဝင်ပါတယ်။ ဘရာဇီးနိုင်ငံမှာ လူမှုဖူလုံရေးအစီအစဉ် တွေကို ဘယ်လောက်ထိထိရောက်ရောက် အကောင်အထည် ဖော်ခဲ့သလဲဆိုတာကို ကြည့်ရအောင်ပါ။ လူထုကျန်းမာရေး အသုံးစရိတ်ဟာ ၂ဝဝ၂ ခုနှစ်မှာ ဒေါ်လာ ၂၈ ဘီလီယံပဲ ရှိခဲ့ပေမယ့် ၂ဝ၁၃ ခုနှစ်မှာတော့ ဒေါ်လာ ၁ဝ၆ ဘီလီယံ အထိ သုံးဆခွဲကျော်ကျော်၊ လေးဆနီးပါးတိုးမြှင့်သုံးစွဲခဲ့ပါတယ်။ ပြည်သူ့ကျန်းမာရေးမှာ အဓိကရည်ညွှန်းကိန်းဖြစ်တဲ့ အရှင်မွေးကလေးငယ် ၁ဝဝဝ မှာ သေဆုံးတဲ့ကလေးငယ် က ၂ဝဝ၃ ခုနှစ်မှာ ၂၂ ဒသမ ၅ ဦးရှိပေမယ့် ၂ဝ၁၅ မှာ ၁၄ ဒသမ ၆ ဦးအထိကျဆင်းခဲ့ပါတယ်။ ပညာရေးအသုံး စရိတ်ကလည်း ၂ဝဝ၂ ခုနှစ်မှာ ဒေါ်လာ ၁၇ဘီလီယံ ပဲရှိ ပေမယ့် ၂ဝ၁၃ ခုနှစ်မှာ ဒေါ်လာ ၉၄ ဘီလီယံအထိ မြင့် တက်ခဲ့ပါတယ်။
ဒီလိုကျန်းမာရေး၊ ပညာရေး အသုံးစရိတ် တွေ တိုးမြှင့်သုံးစွဲခဲ့တဲ့အတွက် ဘရာဇီးပြည်သူ ၂၂သန်း နီးပါးဟာ ဆင်းရဲမွဲတေသူထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာ ဆင်းရဲချို့တဲ့မှုနှုန်းက ၃၅ ဒသမ ၈ရာခိုင် နှုန်း ရှိပေမယ့် ၂ဝ၁၃ ခုနှစ်မှာတော့ ၁၅ ဒသမ ၇ရာခိုင် နှုန်း အထိကျဆင်းခဲ့ပါတယ်။ ဆင်းရဲမွဲတေမှုနှုန်းကလည်း ၂ဝဝ၃ ခုနှစ်မှာ ၁၁ ဒသမ ၅ရာခိုင်နှုန်းရှိခဲ့ပေမယ့် ၂ဝ၁၃ ခုနှစ်မှာ ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။
အလုပ်သမားပါတီရဲ့ လူမှုဖူလုံရေးအစီအစဉ်တွေကြောင့် နဂိုကအဆင်မပြေခဲ့တဲ့ ဘရာဇီးပြည်သူတွေဟာ အိုးအိမ်တွေပိုင်ဆိုင်လာတယ်။ လျှပ်စစ်မီးကို သုံးစွဲနိုင်လာတယ်။ အခြေခံလူသုံးကုန်ပစ္စည်းတွေကို ပြည့်ပြည့်စုံစုံ သုံးစွဲနိုင်လာတယ်။ တက္ကသိုလ်တွေ တက်လာနိုင်တယ်။ လုပ်ငန်းခွင်ဆိုင်ရာ နည်းပညာကျောင်းတွေကို တက်လာနိုင်တယ်။ ပြောရရင် ဘရာဇီးပြည်သူတွေရဲ့ လူနေမှုအဆင့် အတန်းက သိသိသာသာ မြင့်တက်လာပါတယ်။ ဒီလိုမြင့် တက်လာတဲ့အတွက် သမိုင်းစဉ်တစ်လျှောက် လူတန်းစား ခွဲခြားမှုပြင်းထန်ခဲ့တဲ့ ဘရာဇီးနိုင်ငံမှာ ရေပေါ်ဆီအလွှာ လူဖြူတွေဟာ သူတို့သာ သီးသန့်ပိုင်ဆိုင်တယ်လို့ ယူဆ ထားတဲ့အရာတွေကို သာမန်ဘရာဇီးပြည်သူတွေက ပိုင်ဆိုင်လာတဲ့အခါ မနာလိုမျက်မုန်းကျိုးလာပါတယ်။ ဒါက ဘရာဇီးလူ့အဖွဲ့အစည်းရဲ့အခြေခံအက်ကြောင်းပါ။
ဒီအခြေခံ အက်ကြောင်းကို ပိုနက်ရှိုင်းလာအောင် ရိုက်သွင်းထိုးခွဲလိုက်တဲ့ ကိစ္စကတော့ ဘရာဇီးနိုင်ငံရဲ့ စီးပွားရေးဆုတ်ယုတ် ကျဆင်းလာတာပါ။ သမ္မတဒီလ်မာရူး ဆက်ဖ်ရဲ့ နိုင်ငံရေးဦးဆောင်နိုင်စွမ်း မခိုင်မာတာနဲ့ အလွဲလွဲအချော်ချော် စီမံခန့်ခွဲမှုတွေကြောင့် ဘရာဇီး စီးပွားရေးဟာ ဆုတ်ယုတ်ကျဆင်းလာပါတယ်။ ဒီလိုအခြေ အနေမျိုးမှာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးလာတာနဲ့ ကမ္ဘာ့လူသုံးကုန်ပစ္စည်းတွေ ဈေးနှုန်းကျဆင်းလာတဲ့အတွက် ပြည်ပပို့ကုန်အပေါ် မှီခိုနေရတဲ့ ဘရာဇီးနိုင်ငံရဲ့ စီးပွားရေး ဟာ ပိုအထိနာလာပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ဘရာဇီးနိုင်ငံ ရဲ့ စီးပွားရေးဟာ ၃ ဒသမ ၈ရာခိုင်နှုန်း ကျုံ့သွားပါတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်လိုငွေဟာ တိုင်းပြည်ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၁ဝ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၁၁ ရာခိုင်နှုန်းအထိ ခုန်တက်လာပါတယ်။ ဒီလို ဆိုးရွားလာတဲ့စီးပွားရေး အခြေအနေတွေကြောင့် ဘရာဇီးပြည်သူတွေအကြား သမ္မတဒီလ်မာရူးဆက်ဖ်အစိုးရအပေါ် မကျေနပ်မှုတွေ တိုးပွားလာခဲ့ပါတယ်။
အခြေအနေကိုမီးလောင်ရာ လေပင့်ဖြစ်စေခဲ့တာက ဘရာဇီးလူအဖွဲ့အစည်းအတွင်း အမြစ်တွယ်နေတဲ့ အကျင့်ပျက်လာဘ်စားမှုပါ။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဘရာဇီးရဲတပ်ဖွဲ့ဟာ အကျင့်ပျက လာဘ်စားသူကို စစ်ဆင်ရေးအသွင် (Operation Car Wash) နှိမ်နင်းလာပါတယ်။ နိုဝင်ဘာလ ၁၄ရက်မှာ ဘရာဇီးရဲတပ်ဖွဲ့ဟာ ဘရာဇီးနိုင်ငံရဲ့ ပြည်နယ်ခြောက်ပြည် နယ်မှာရှိတဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေကို ထိန်းသိမ်းခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ (Potrobras) ရဲ့ ဒါရိုက်တာ တချို့လည်း ပါဝင်ပါတယ်။
ဒီဒါရိုက်တာတွေကို ဒေါ်လာ ၂၂ ဘီလီယံတန်ဖိုး ရှိတဲ့ သံသယဖြစ်စရာ ကန်ထရိုက်ကိစ္စတွေကြောင့် ထိန်းသိမ်းတာပါ။ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် တရားရင်ဆိုင်နေရတဲ့ ကွန်ဂရက်အမတ်တွေနဲ့ အစိုးရ အရာရှိတွေက ၁၅ဝ ကျော်ရှိပါတယ်။ ဒီလိုတရားရင်ဆိုင် နေရတဲ့ နိုင်ငံရေးသမားတွေထဲမှာ သမ္မတဒီလ်မာရူးဆက်ဖ် ကို စွပ်စွဲပြစ်တင်ဖို့ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ အက်ဂွါဒိုကန်ဟားလည်း ပါဝင်ပါတယ်။ စွပ်စွဲ ပြစ်တင်မှုကြောင့် သမ္မတဒီလ်မာရူးဆက်ဖ်ရာထူးကနေ ယာယီဆင်းခဲ့ရရင် ယာယီသမ္မတတာဝန်ယူရမယ့် ဒုတိယသမ္မတမိုက်ကယ်တီးမားကလည်း တရားမဝင် အီသနောရောင်းဝယ်မှုတွေနဲ့ စွပ်စွဲခံထားရတာပါ။ ပြောရရင်အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယသမ္မတ တို့ဟာ အတိုက်အခံပါတီဖြစ်တဲ့ ဘရာဇီးဒီမိုကရေစီ လှုပ်ရှားမှုပါတီ (PMDB)ရဲ့ ခေါင်းဆောင်တွေဖြစ်ပြီး သမ္မတဒီလ်မာရူးဆက်ဖ်ရဲ့ နိုင်ငံရေးပြိုင်ဘက်တွေပါ။
အောက်လွှတ်တော်မှာ သမ္မတကို စွပ်စွဲပြစ်တင်ဖို့ မဲမခွဲခင် စုံစမ်းစစ်ဆေးရတဲ့ ကော်မတီရဲ့ အဖွဲ့ဝင် ၆၅ဦးမှာ ၃၆ ဦးဟာ အကျင့်ပျက်လာဘ်စားမှုနဲ့စွပ်စွဲခံထားရတဲ့ အမတ်တွေပါ။ သမ္မတဒီလ်မာရူးဆက်ဖ်ကို စွပ်စွဲပြစ်တင်ရတဲ့အခြေခံအကြောင်းရင်းက အကျင့်ပျက် လာဘ်စားမှု မဟုတ်ပါဘူး။ ၂ဝ၁၄ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်ရာမှာ မျက်နှာသာရဖို့ တိုင်းပြည်ရဲ့ ဘတ်ဂျက် လိုငွေကို အမှန်တကယ်ထက် လျှော့ပြခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်အပေါ် အခြေခံပြီး စွပ်စွဲပြစ်တင်ခဲ့တာ ပါ။ အတိုက်အခံ ဘရာဇီးဒီမိုကရေစီ လှုပ်ရှားမှုပါတီ (PMDB)ဟာ လူဖြူတွေကြီးစိုးတဲ့ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးအုပ်စုကြီး (Federation of Industries of Sao Paulo) ကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီပါ။
ဒါကြောင့် ဒုတိယသမ္မတ မိုက်ကယ်တီးမားဟာ ယာယီသမ္မတသာဖြစ်ခဲ့ရင် (ဖြစ်ဖို့လည်းများနေပါတယ်) အလုပ်သမားပါတီရဲ့ လူမှုဖူလုံရေးအစီအစဉ်တွေကို မြေလှန်ပြောင်းလဲပစ်ဖို့ ကြိမ်းဝါးနေပါတယ်။ ဘတ်ဂျက်လို ငွေလျှော့ချရေးအတွက် ခြိုးခြံချွေတာရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီလိုမြေလှန် ပြောင်းလဲဖို့ကြိုးစားမှာပါ။ ဒီလိုသာဆိုရင် လူမှုဖူလုံရေး အစီအစဉ်တွေရဲ့ အကျိုးကျေးဇူးခံစားနေရတဲ့ ဘရာဇီးပြည်သူတွေကို ဒုက္ခတွင်းထဲ တွန်းချသလိုဖြစ်ပြီး ဘရာဇီး နိုင်ငံရဲ့ လူဖြူ တွေကြီးစိုးတဲ့အပေါ်ယံရေပေါ်ဆီအလွှာနဲ့ အသားရောင် ပေါင်းစုံ ဘရာဇီးပြည်သူတွေရဲ့ အောက်ခြေလူတန်းစား တို့အကြား ပြင်းထန်တဲ့ပဋိပက္ခတွေ ဖြစ်ပွားလာနိုင်ပါ တယ်။
အလုပ်သမားပါတီရဲ့ အမာခံအဖွဲ့အစည်းဖြစ်တဲ့ မြေယာမဲ့ ကျေးလက်အလုပ်သမားများ လှုပ်ရှားမှုအဖွဲ့ (MST) ရဲ့ ခေါင်းဆောင်တစ်ဦးက ''အလုပ်သမားတွေ ဟာ သူတို့ဆန္ဒမဲကို လေးစားတယ်ဆိုတာကို ဘူဇွာတွေ သိစေရမယ်။ ဒီမိုကရေစီကို လေးစားတန်ဖိုးထားဖို့လိုတယ် ဆိုတာကို ဘူဇွာတွေ သိစေရမယ်'' လို့ကြိမ်းဝါးခဲ့ပါတယ်။ သမ္မတ ဒီလ်မာရူးဆက်ဖ်ကတော့ သူ့ကို စွပ်စွဲပြစ်တင်တဲ့ လုပ်ရပ်ဟာ အာဏာသိမ်းတဲ့လုပ်ရပ်ပဲလို့ ရှုတ်ချခဲ့ပါ တယ်။ ပြောရရင် သမ္မတဒီလ်မာရူးဆက်ဖ်ကို စွပ်စွဲ ပြစ်တင်တဲ့လုပ်ရပ်ဟာ ဘရာဇီးနိုင်ငံရဲ့ ဘူဇွာလူတန်းစားနဲ့ အခြေခံလူတန်းစားတွေကြားက အာဏာလွန်ဆွဲပွဲလို့ ပြောနိုင်ပါတယ်။ ။

No comments:

Post a Comment