Monday, May 2, 2016

ဦးပိန်တံတား၌ ခရီးသွားများ ပုံတူဘရိတ်ဓားပန်းချီကို စိတ်ဝင်တစားရေးဆွဲလာ

The Mirror Daily's photo.
မန္တလေး မေ ၁
ပြောင်းလဲမှုများနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာသော တောင်သမန်အင်းနှင့် ဦးပိန်တံတားသို့ ဧည့်သည်များစွာ လာရောက်လေ့ရှိသည်။ သန့်ရှင်းသာယာသော ဦးပိန်တံတားဖြစ်ရေးအတွက် စနစ်တကျ အမှိုက်ပစ်နိုင် ရန်လည်း ပြုလုပ်ပေးထားသည်။ ဦးပိန်တံတားရောက် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များမှာ ဦးပိန်တံတား အဆုံးအထိ လမ်းလျှောက်ခြင်း၊ တောင်သမန်ကျောက် တော်ကြီးဘုရားဖူးခြင်း၊ မယ်ဇယ်တန်းတွင် အနားယူခြင်း တံတားဇရပ်များပေါ်တွင်ထိုင်ကာ လေညင်းခံခြင်းများ ပြုလုပ်ကြသည်။
အချိန်ပေးနိုင်သူများက တောင်သမန်အင်းရေ ပြင်တွင် ငှက်လှေစီးလေ့ရှိကြသည်။ ဦးပိန်တံတားရောက် ဧည့်သည်များမှာ အမှတ်တရအဖြစ် အမရပူရအထည် များ၊ ရုပ်သေးရုပ်လေးများနှင့်အတူ အခြားလက်ဆောင် ပစ္စည်းများကို ဝယ်ယူကြသည်။ ဦးပိန်တံတားရောက် ဘုရားဖူးများမှာ တန်ဖိုးနည်းပန်းချီကားဟုခေါ်နိုင်သည့် လက်ရာမြောက်ဘရိတ်ဓားပန်းချီများကိုလည်း ဝယ်ယူကြသည်။ ပန်းချီကားတစ်ကားလျှင် ငွေကျပ်၂၅ဝဝ ပေးရသည်။ ကြိုတင်ရေးဆွဲထားသော ရှုခင်းပန်းချီကားများ၊ ဦးပိန်တံတားရှုခင်းများကို ကြိုက်နှစ်သက်မှုများပြား ကြသည်။
ဘုရားဖူးဧည့်သည်များမှာ တောင်သမန်ရောက် အမှတ်တရအဖြစ် ပုံတူပန်းချီကားများကို ရေးဆွဲခိုင်း လေ့ရှိသည်။ မိမိတို့ပုံနှင့် မိမိချစ်မြတ်နိုးသူတို့ ပုံများကို မိမိတို့ဖုန်းအတွင်းရိုက်ကူးထားပြီး ဘရိတ်ဓားပန်းချီ ဆရာကို ပုံတူရေးဆွဲခိုင်းကြသည်။ ပုံတူပန်းချီကို ဖုန်းအတွင်းမှ ဓာတ်ပုံကိုကြည့်ကာ ရေးဆွဲပေးကြသည်။ဦးပိန်တံတားရောက် ဧည့်သည်များမှာ ပုံတူရေးဆွဲခြင်းကို အထူးစိတ်ဝင်စားပြီး စောင့်ကြည့်ကာ အားပေးလေ့ရှိသည်။ အချို့သူများမှာ ပုံကိုပေးကာအပ်ထားပြီး ဦးပိန် တံတားပေါ်လမ်းလျှောက်ပြီးမှ ယူလေ့ရှိသည်။
မိနစ်ပိုင်းအတွင်း ရေးဆွဲပေးသည့်အတွက် ပုံတူဘရိတ်ဓားပန်းချီကို စိတ်ဝင်တစားရေးဆွဲခိုင်းကာ အမှတ်တရအဖြစ်ယူသွား လေ့ရှိသည်။ အချို့သောသူများမှာ မိမိလက်ဆောင်ပေး လိုသူ နာမည်ကိုပင်ရေးကာ အပြီးအစီးပြင်ဆင်သွားလေ့ရှိ သည်။ ပုံတူရေးသည့်ဘရိတ်ဓားပန်းချီကားများကို လူငယ် အများစု ရေးဆွဲခိုင်းမှုများပြားလျက်ရှိကြောင်း သိရသည်။
(တိမ်တမန်)

No comments:

Post a Comment