Saturday, May 28, 2016

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပြည်ထောင်စုအစိုးရနှင့် အချိတ်အဆက်မိမိ ညှိနှိုင်းဆောင်ရွက်ရန်လို



 
 
 
 
 
နေပြည်တော် မေ ၂၇

ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေး နှင့် တရားဥပဒေစိုးမိုးရေးကိုချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ တရား မျှတခြင်းကို ကရုဏာဖြင့် ဖြေရှင်းဆောင် ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြား လိုက်သည်။
ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ် သည်။

အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က အစိုးရအုပ်ချုပ်ရေးယ္တရား အသစ် စတင်ဆောင်ရွက်သည့်ကာလတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို သိလိုပါကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင် မည့်နည်းလမ်းများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များသည် ပြည်ထောင်စုအစိုးရ နှင့် အချိတ်အဆက် မိမိညှိနှိုင်းဆောင်ရွက် ရန် လိုအပ်ကြောင်း၊ အချိတ်အဆက်မိ မှသာ အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း။

သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ် များကိုလည်း ညှိနှိုင်းဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနအနေဖြင့်လည်း တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ နှင့် ပြည်ထောင်စုအစိုးရတို့အကြား ဆက်သွယ်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာ သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွား ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၌ တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းလမ်းညွှန်မှာကြားသည်။

ယနေ့ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံသား များ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်သူများ၏ ဒီမိုကရေစီအခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ချိန်ခွင်လျှာ ညီမျှအောင် စီမံဆောင်ရွက်ရန်၊ ပြည်သူများထံမှ မြေယာပြဿနာဆိုင်ရာ တင်ပြချက်များ ကို ဖြေရှင်းဆောင်ရွက်ကြရာတွင် တရား မျှတခြင်းကို ကရုဏာဖြင့် တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ရန်၊ ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဖွဲ့စည်း ထားပြီးဖြစ်သည့်အပြင် မြေယာသိမ်း ဆည်းမှုများရပ်ဆိုင်းထားရေး ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက် ကြရန်၊ အုပ်ချုပ်ရေးကိစ္စရပ်များ ဆောင် ရွက်ရာတွင် ဥပဒေအရာရှိချုပ်နှင့် ဥပဒေ ပညာရှင်များ၏ သဘောထားကို အလေး ထားဆောင်ရွက်ကြရန်၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများ လျော့ နည်းပပျောက်စေရန်အတွက် အုပ်ချုပ် ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများသာမက လူငယ်လူရွယ်များနှင့် ၄င်းတို့၏ မိဘများ ပါဝင်လာရေး အလေးထားဆောင်ရွက် ကြရန်၊ လူငယ်လူရွယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု တွင်ကျယ်နေခြင်း များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီအမံတစ်ခု ချမှတ်ဆောင်ရွက်ရန်၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင် ရေး မဏ္ဍိုင်ကြီးသုံးရပ်အကြား ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သော်လည်း လုပ်ပိုင်ခွင့်ကျော်လွန်၍ ဆောင်ရွက် သည့်အနေအထားမျိုးမဖြစ်စေရေး သတိပြုဆောင်ရွက်ရန်၊ နိုင်ငံတကာအဖွဲ့ အစည်းများ သွားလာမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများနှင့် ပြည်ထောင်စုအစိုးရအကြား ထိထိ ရောက်ရောက်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment