Sunday, May 1, 2016

အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ရှိ အပင်ကြီးများအား တရားမဝင်ခုတ်လှဲမှုကြောင့် ဂေဟစနစ်ယိုယွင်းလာ



The Mirror Daily's photo.


မုံရွာ ဧပြီ ၃ဝ

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အတွင်းရှိ ပိတောက်၊ တမလန်း၊ သင်းဝင်၊ အင်ကြင်း၊ ပျဉ်းကတိုးစသည့် အပင်ကြီးများ တရားမဝင်ခုတ်လှဲခံနေရပြီး မကြာမီနှစ်များကလည်း ကုမ္ပဏီတစ်ခုမှ ရေနံရှာဖွေရန်အတွက် လူရာနှင့်ချီ တောထဲဝင်ရောက်၍ လမ်းများဖောက်ခြင်း၊ မိုင်းများခွဲခြင်းတို့ကြောင့် ဂေဟစနစ်ယိုယွင်းခဲ့ရ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

''အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်က မြန်မာနိုင်ငံသစ်တောတွေရဲ့ နောက်ဆုံးခံတပ်လို့တောင် ပြောလို့ရတယ်။ လူတွေဖျက်ဆီးမှုကြောင့် ဂေဟစနစ်တွေလည်း ပျက်စီးနေပြီ။ အရင်တွေ့နေကျ တိရစ္ဆာန်လေးတွေလည်း သိပ်မတွေ့ ရတော့ဘူး။ မြေပြိုမှုတွေလည်း တွေ့ နေရတယ်''ဟု သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုက ပြောသည်။

အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၁၆၂ ဦး ခွင့်ပြု ထားသော်လည်း လက်ရှိဝန်ထမ်း အင်အား ၇ဝ ဖြင့်သာ ထိန်းသိမ်းစောင့်ရှောက်နေရကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

''ဝန်ထမ်းမလုံမလောက်နဲ့ လုပ်နေရတယ်။ တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ရတဲ့ဧရိယာနဲ့ လက်ရှိ ခန့်ထားတဲ့ ဝန်ထမ်းအင်အားက မမျှဘူး။ အချိုးအစားနည်းနေတယ်။ အဲဒီအတွက် သစ်တောတွေထိန်းသိမ်း တဲ့နေရာမှာ လစ်ဟာမှုတွေရှိတယ်။ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့က သစ်တောဌာနတစ်ခုတည်း ဆောင်ရွက်လို့မရဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ တက်ညီလက်ညီ ပူးပေါင်းပါဝင်မှ အောင်မြင်မှာ။ ဥပဒေအရတရားစွဲရင် လည်း ထိရောက်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် ပေးရမယ်။ သစ်ခိုးဂိုဏ်းကြီးတွေ ဖမ်းတဲ့အခါ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အချိန်နဲ့တစ်ပြေးညီ လုပ်ရင်အောင်မြင်မှာပါ'' ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဧရိယာသည် ၂ဝဝ၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အတွင်း သစ်တောဧရိယာ ဟက်တာ ၁ ဒသမ ၅ သန်း လျော့နည်း သွားပြီး တစ်နှစ်လျှင် သစ်တောပျက်စီး မှု သုည ဒသမ ၃ဝ ရာခိုင်နှုန်းရှိခဲ့ ကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ သိရသည်။

''အလုပ်ဝင်တာ နှစ် ၃ဝ အတွင်း မှာ သစ်တောတွေ အတန်းအစားကျ ဆင်းသွားတယ်။ သစ်တောပြုန်းတီးမှု တွေ များလာတယ်။ သစ်တောတွေ ပြုန်းတာက သဘာဝဘေးဒဏ်ထက် လူတွေဖျက်ဆီးမှုကြောင့် ပိုပျက်စီး ပြုန်းတီးလာတယ်''ဟု ဦးအေးချိုက ပြောသည်။

သစ်တောများ ပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီ ဥတုအဆိုးရွားဆုံး နိုင်ငံများစာရင်း တွင် ဒုတိယအဆိုးဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ ချုပ်၏ ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြထားသည်။
''သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပျက်နေတာ သစ်တောတွေ ပြုန်းတီးမှုကြောင့် ဖြစ်နေတယ်ဆိုတာ လူတွေခေါင်းထဲ ရိုက်သွင်းရမယ်။ စားဝတ်နေရေးအတွက်လည်း အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်။ ထင်း၊ မီးသွေး အခြေခံလိုအပ်ချက်တွေကိုလည်း လုပ်ပေးရမယ်။ ထင်း၊ မီးသွေး ထုတ်လို့ရအောင် ကျေးရွာပိုင် စိုက်ခင်းတွေ၊ ပုဂ္ဂလိကစိုက်ခင်းတွေ အားပေးရမယ်''ဟု ၎င်းက သုံးသပ် ပြောကြားသည်။

''အလောင်းတော်ကဿပ အမျိုး သားဥယျာဉ်က သစ်တောကြိုးဝိုင်းထက် မြင့်တယ်။ ဒီထဲမှာ ဘယ်လိုမြေအသုံး ချမှုကိုမှ ခွင့်ပြုလို့မရဘူး။ သစ်တောထဲမှာ သဘာဝပေါက်နေတဲ့ သဘာဝ တောကြီးတွေရှိတယ်။ တောများတော့ ဂေဟစနစ်မျိုးစုံရှိတယ်။ ဂေဟစနစ် တွေ ပျက်သွားလို့မရဘူး'' ဟု ၎င်းက ထပ်မံပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်သည် ဧရိယာ ၃၄၆၆၃၉ ဒသမ ၃၉ ဧက ကျယ်ဝန်းပြီး တောရိုင်းတိရစ္ဆာန် ၉ဝ၇ မျိုး၊ တော အမျိုးအစား ခုနစ်မျိုးရှိပြီး ဂေဟစနစ် ပေါကြွယ်ဝသည့် တောကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။
(မင်းသစ်)

No comments:

Post a Comment