Sunday, May 1, 2016

တာဝါတိုင်များမှ ထုတ်လွှင့်သည့် ရေဒီယိုလှိုင်းနှုန်းများနှင့် ပြည်သူ့ကျန်းမာရေး


The Mirror Daily's photo.
နေပြည်တော် ဧပြီ ၃ဝ
ယနေ့ကမ္ဘာပေါ်တွင် မိုဘိုင်းတယ်လီဖုန်းများကို နေရာအနှံ့အပြားအသုံးပြုလျက်ရှိပြီး ကမ္ဘာတစ်ဝန်း မိုဘိုင်း ဖုန်းသုံးစွဲသူအရေအတွက်မှာ သန်းပေါင်း ၄၇ဝဝ ခန့်ရှိကြောင်းGSMAအဖွဲ့အစည်း၏ အချက်အလက်များအရ သိရှိရသည်။ မိုဘိုင်းဖုန်းဆက်သွယ်မှုများကိုBase Transceiver Stations ဟုခေါ်သော ရေဒီယိုစခန်းများရှိ င်္Fixed Antennas များမှ ထွက်ရှိသောရေဒီယိုမဂ္ဂနက်တစ်လှိုင်းများမှတစ်ဆင့် ဆက်သွယ်မှုများ ပြုလုပ်နိုင်ကြသည်။ ထိုသို့ဆက်သွယ်အသုံးပြုသောရေဒီယိုလှိုင်းများသည် လျှပ်စစ်သံလိုက်စက်ကွင်းများ(Electromagnetic Field) ဖြစ်ပြီး X Rays၊ Gamma Raysစသည့် Ionization ဖြစ်စေသောလှိုင်းများနှင့်မတူညီဘဲ လူ့ခန္ဓာကိုယ်ထဲတွင်လည်း Ionization မဖြစ်စေကြောင်း သိရှိရသည်။
မိုဘိုင်းဖုန်းအသုံးပြုမှုများကြောင့် ကျန်းမာရေးအပေါ်ထိခိုက်မှု ရှိ၊ မရှိ ဆန်းစစ်အကဲဖြတ်မှုများကို လွန်ခဲ့သောနှစ်ပေါင်း ၂ဝ ခန့်မှစ၍ လေ့လာဆန်းစစ်မှုအမြောက်အမြားပြုလုပ်ခဲ့ကြရာ ယနေ့အထိ မိုဘိုင်းဖုန်း အသုံးပြုမှုများကြောင့် ကျန်းမာရေးအပေါ်ထိခိုက်မှုမတွေ့ရှိရသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်ကိုလည်းတွေ့ရှိရသည်။
မိုဘိုင်းဖုန်းများသည် 0.1Watts မှ 2 Watts အတွင်းသာ ထုတ်လွှင့်နိုင်သည့် ရေဒီယိုလွှင့်ဖမ်းစက်များဖြစ်ပြီး ပါဝါဖွင့်ထားမှသာ ရေဒီယိုလှိုင်းထုတ်လွှင့်မှုရှိသည်။Handset အကွာအဝေးနီးအောင် အသုံးပြုလေ အသုံးပြုသူ များသို့ ရေဒီယိုလှိုင်းထိတွေ့မှုများလေဖြစ်သဖြင့် Hands Free Device များကိုအသုံးပြုခြင်းဖြင့် ရေဒီယိုလှိုင်း ထိတွေ့မှုကို လျှော့ချနိုင်သည်။ ထို့အပြင် ဖုန်းအသုံးပြုသည့် အကြိမ်အရေအတွက် ဖုန်းပြောသည့်အချိန် ကန့်သတ်ထားရှိခြင်းသည်လည်း ရေဒီယိုလှိုင်းများနှင့်ထိတွေ့မှုကိုလျှော့ချနိုင်သည့် နည်းလမ်းဖြစ်သည်။ ရေဒီယို လှိုင်းများသည် electro-medical ပစ္စည်းများနှင့် လေယာဉ်ပျံသန်းမှုများတွင် နှောင့်ယှက်မှုများရှိနိုင်သဖြင့် ဆေးရုံ များ၊ လေယာဉ်များပေါ်တွင် မိုဘိုင်းဖုန်းအသုံးပြုမှုကို တားမြစ်ထားသည်။
မိုဘိုင်းတယ်လီဖုန်းများ၏ ရေဒီယိုလှိုင်းစွမ်းအင် (RF Energy)များ ခန္ဓာကိုယ်သို့ မည်မျှရောက်ရှိနိုင်သည်ကိုSpecific Absorption Rate (SAR) ဖြင့် သတ်မှတ်ဖော်ပြသည်။SAR နှင့်စပ်လျဉ်း၍ စမ်းသပ်သတ်မှတ်သည့် အဓိကRegulation (၂)ခုမှာInternational Commission on Non-Ionizing Radiation Protection (ICNIRP)စံနှုန်းနှင့်Federal Communications Commission-FCC (USA)စံနှုန်းဟူ၍ စံနှုန်း နှစ်မျိုး သတ်မှတ်ကျင့်သုံးလျက်ရှိသည်။ အဆိုပါ စံနှုန်းနှစ်ခုစလုံးတွင် ခန္ဓာကိုယ်တစ်ခုလုံးအတွက် ပမာဏသတ်မှတ်ချက် (Whole Body SARျ)နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ-ဦးခေါင်း)သို့သက်ရောက်နိုင်သည့် အမြင့်ဆုံးပမာဏသတ်မှတ်ချက် (Spatial Peak SAR )ဟူ၍ အောက်ပါအတိုင်းသတ်မှတ်ထားရှိသည်။
မိုဘိုင်းဖုန်းထုတ်လုပ်တင်သွင်းသူများအနေဖြင့် ထုတ်လုပ်သည့် Hand Setများ၏SAR ပမာဏကို ကိုယ်တိုင်သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုစမ်းသပ်ခန်း (Lab) များ၏ ထောက်ခံချက်များ ရယူ၍လည်းကောင်း ထုတ်လုပ်တင်သွင်းမှုများဆောင်ရွက်လျက်ရှိကြသည်။ နိုင်ငံတကာစံချိန်စံညွှန်းကန့်သတ် ချက်များနှင့်ကိုက်ညီမှုမရှိသည့် Hand Set များကိုအသုံးပြုခြင်းသည် ကျန်းမာရေးအန္တရာယ်ရှိနိုင်သည့်အတွက် စံချိန်စံညွှန်းကိုက်ညီစွာထုတ်လုပ်ထားသည့် Hand Set များကိုသာ စိစစ်ရွေးချယ်အသုံးပြုသင့်သည်။
မိုဘိုင်းတယ်လီဖုန်းများနည်းတူ ရေဒီယိုစခန်း(Base Transceiver Station-BTS)များသည်လည်း ရေဒီယို လှိုင်းထုတ်လွှင့်မှုရှိသဖြင့် ¤င်းစခန်းများ၏ရေဒီယိုထုတ်လွှင့်မှုပမာဏကိုလည်း လူသားများအန္တရာယ် မဖြစ်စေရေး အတွက် အပြည်ပြည်ဆိုင်ရာကော်မရှင်တစ်ခုဖြစ်သည့် International Commission on Non-Ionizing Radiation Protection(ICNIRP) မှ ရေဒီယိုစခန်းများ၊ မိုဘိုင်းဖုန်းများအပါအဝင် ရေဒီယိုလှိုင်းထုတ်လွှင့်မှုအားလုံး နှင့်သက်ဆိုင်သည့်ွGuideline များသတ်မှတ်ထားရှိသည်။
ရေဒီယိုစခန်း (Base Transceiver Station-BTS)များတည်ဆောက်ရာတွင် သာမန်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် စိစစ်ရသည့် ခိုင်ခံ့မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုစသည့် အချက်များအပြင် ရေဒီယိုလှိုင်းများကြောင့်ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးထိခိုက်မှုများမဖြစ်ပေါ်စေရေးအတွက် (ICNIRP)မှ သတ်မှတ်ထားသည့် ရေဒီယိုလှိုင်းထုတ်လွှင့်မှုပမာဏနှင့်စပ်လျဉ်းသည့် Guideline များနှင့် ကိုက်ညီမှုရှိ၊ မရှိကို လည်း စိစစ်ဆောင်ရွက်ရသည်။
ယနေ့ကာလသည် နိုင်ငံတော်အနေဖြင့် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် တယ်လီဖုန်းသိပ်သည်းဆ အား အိမ်နီးချင်းနိုင်ငံများနည်းတူ တိုးတက်မြင့်မားလာစေရေးအတွက် တယ်လီဖုန်းများ အထူးသဖြင့် မိုဘိုင်း တယ်လီဖုန်းများ တိုးချဲ့တပ်ဆင်ပေးနိုင်ရန် ထပ်မံလိုအပ်သောရေဒီယိုစခန်း (BTS)များ အသစ်တိုးချဲ့တည်ဆောက် ခွင့်ပြုနိုင်ရေး သက်ဆိုင်ရာအော်ပရေတာများမှ တင်ပြလာသည်များအား အထက်ဖော်ပြပါအတိုင်း နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ စနစ်တကျစိစစ်ခွင့်ပြုပေးလျက်ရှိသည်။
နည်းပညာပိုင်းဆိုင်ရာတွက်ချက်မှုများအရ လွှင့်အား (၂ဝ)ဝပ်ရှိပြီး Antenna Gain 40dBi ရှိသည့် 900 MHz GSM ရေဒီယိုစခန်းတစ်ခု၏ ကျန်းမာရေးအန္တရာယ်ထိခိုက်မှုမရှိနိုင်ဟုသတ်မှတ်ထားသော အကွာအဝေးမှာ ၃ ဒသမ ၈ မီတာ(၁၂ ပေကျော်ခန့်)ရှိပြီး လွှင့်အား (50)Watt ရှိသော ရေဒီယိုစခန်းအတွက် အကွာအဝေးမှာ ၅ ဒသမ ၉ မီတာ(၂၁ ပေခန့်)ဖြစ်ကြောင်း သိရှိရသည်။ လွှင့်အားများသည့် ရေဒီယိုစခန်းအနည်းငယ်ဖြင့် နေရာဒေသတစ်ခုအား လွှမ်းခြုံမှုရရှိအောင် ဆောင်ရွက်ခြင်းထက် လွှင့်အားနည်းသည့် ရေဒီယိုစခန်းများပျံ့နှံ့စွာ တည်ဆောက်၍ ဆောင်ရွက်ပေးခြင်းသည် ကျန်းမာရေးအန္တရာယ်ပိုမိုလျော့ပါးစေသည်။
ရေဒီယိုလှိုင်းများကြောင့်ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးအန္တရာယ်သည် တာဝါကြီးခြင်း၊ သေးခြင်း၊ နိမ့်ခြင်း မြင့်ခြင်းပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ ထုတ်လွှင့်သည့် ရေဒီယိုလှိုင်းပမာဏအပေါ်တွင်သာ မူတည်ခြင်းဖြစ်သည်။ ထို့ကြောင့် ရေဒီယိုစခန်း (Base Transceiver Station-BTSြ)တစ်ခုတည်ဆောက်ခွင့်ပြုနိုင်ရေးစိစစ်ရာတွင် ထုတ်လွှင့်မည့်ပါဝါ၊ ရောက်ရှိနိုင်သည့် ရေဒီယိုလှိုင်းပမာဏတို့ကိုတွက်ချက်စိစစ်၍ ကျန်းမာရေးအရအန္တရာယ်မရှိနိုင်ဟု (ICNIRP) မှ သတ်မှတ်ထားသော ကန့်သတ်ချက်အတွင်းမှသာ ခွင့်ပြုခြင်းဖြစ်သည်။
သို့ဖြစ်၍ ပြည်သူများအတွက် ကျန်းမာရေးအန္တရာယ်များမဖြစ်ပေါ်စေရန် မိုဘိုင်းဖုန်းများ စနစ်တကျစိစစ် တင်သွင်းစေခြင်း၊ ရေဒီယိုစခန်း(Base Transceiver Station-BTS)များအတွက် တာဝါတိုင်များအသစ်တိုးချဲ့တည်ဆောက်စေခြင်းနှင့် ဆက်သွယ်ရေးစက်ပစ္စည်းများအား နိုင်ငံတကာသတ်မှတ်ချက်စံချိန်စံညွှန်းများနှင့်အညီ စိစစ်ခွင့်ပြုခြင်းတို့ကို စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment