Sunday, May 29, 2016

ကျပ်သိန်းငါးထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်တွင် သိမ်းဆည်းရမိ

The Mirror Daily's photo.
တာချီလိတ် မေ ၂၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၃ဝ) တာချီလိတ်မှ တပ်ဖွဲ့ ဝင်များ၊ စစ်ဗျူဟာအဖွဲ့ (တာချီလိတ်)မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပါခုတ် ကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ)အုပ်စု ပါခုတ်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဝှေလေလန်ကျေးရွာမှ လွန်းကျိုင်းကျေးရွာဘက်သို့ စိုင်းဖတ်အွန်နွန်း(ခ)အိုက်ပီး မောင်းနှင်လာသော SHN 9G---- MARK-X အမျိုးအစား အဖြူရောင်ယာဉ်အား စစ်ဆေးရှာဖွေရာ မော်တော်ယာဉ် နောက်ဖုံးအတွင်းမှ ပီနံအိတ်ဖြင့်ထည့်လျက် တစ်တုံးလျှင် အလေးချိန် သုည ဒသမ ၃၅ ကီလိုဂရမ်ခန့်စီပါ ဘိန်းဖြူဘလောက်တုံး ၉၇ တုံး စုစုပေါင်းအလေးချိန် ၃၃ ဒသမ ၉၅ ကီလိုဂရမ်ခန့် ဒေသတန်ဖိုး ကျပ်သိန်းပေါင်း ၅၄၃၂ သိန်းခန့်အား သိမ်းဆည်းရမိခဲ့သည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဖတ်အွန်နွန်း(ခ)အိုက်ပီး၏ ဝန်ခံထွက်ဆိုချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများမှာ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလေလန်ကျေးရွာတွင်နေထိုင်သူ စိုင်းငင်း(ခ)ဖိုးစီ၏ ပစ္စည်းများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် စိုင်းငင်း၏နေအိမ်အား နံနက် ၃ နာရီ ၁၅ မိနစ်တွင် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိုင်းငင်းအား မတွေ့ရှိရဘဲ တိမ်းရှောင်လျက်ရှိသည်။
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဖတ်အွန်နွန်း(ခ)အိုက်ပီး (၃၅)နှစ်နှင့် စိုင်းငင်း (ခ)ဖိုးစီ (၃ဝ)နှစ်တို့အား ဝမ်ပုံနယ်မြေရဲစခန်းက မယ(ပ)၈/၂ဝ၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိသည်။
(မောင်ယဉ်ကျေး)

No comments:

Post a Comment