Monday, May 2, 2016

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဥရောပနိုင်ငံများနှင့် ရုရှားနိုင်ငံသို့ ခရီးထွက်ခွာ

The Mirror Daily's photo.
ကျိုတို မေ ၁
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ယခုလနှောင်းပိုင်းတွင် ဂျပန်နိုင်ငံ အီ-ရှီမာဒေသ၌ ဂျီ-၇ ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် ပြင်ဆင်မှုတစ်ရပ်အနေဖြင့် ဥရောပခေါင်းဆောင်များနှင့် ကြိုတင်တွေ့ဆုံရန် ဥရောပနိုင်ငံ များနှင့် ရုရှားနိုင်ငံသို့ ယနေ့ထွက်ခွာသွားခဲ့ကြောင်း အင်န်အိတ်ခ်ျ ကေ သတင်းတစ်ရပ်အရ သိရသည်။
ယင်းအနေဖြင့် ဂျီ-၇ နိုင်ငံ့ခေါင်းဆောင်များနှင့် ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားကြောင်း ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
အခက်အခဲအကျပ်အတည်းများအကြား ကမ္ဘာ့စီးပွားရေးကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဂျီ-၇ ခေါင်းဆောင်များက ဆွေးနွေး ကြမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဥရောပနိုင်ငံများအကြား ရင်ဆိုင်ဖြေရှင်းနေရသည့် ရွှေ့ပြောင်း လုပ်သားပြဿနာများနှင့်ပတ်သတ်ပြီး ဂျီ-၇ ခေါင်းဆောင်များက အစည်းအဝေးတွင် ပေါင်းစပ်ညှိနှိုင်းအဖြေရှာမည်ဖြစ်သည်။
ဝန်ကြီးချုပ်သည် အီတလီနိုင်ငံတွင် ပထမဆုံးခရီးတစ်ထောက် နားမည်ဖြစ်ပြီး ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံ များသို့ ခရီးဆက်မည်ဖြစ်ကြောင်း သိရသည်။ ဥရောပနိုင်ငံများသို့သွားရောက်ပြီးနောက် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
ယင်းအစည်းအဝေးပွဲတွင် ခေါင်းဆောင်နှစ်ဦးက ဆီးရီးယား၊ ယူကရိန်းအရေးကိစ္စရပ်များအပါအဝင် ဂျပန်နိုင်ငံက ပိုင်ဆိုင်သည်ဟု ကြေညာထားပြီး ရုရှားနိုင်ငံက ထိန်းချုပ်ထားသော ကျွန်းလေးကျွန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးကြမည်ဖြစ်သည်။
ယူကရိန်းအရေးပြီးနောက် အေးစက်သွားသည့် အထက်ပါကိစ္စရပ်များဆိုင်ရာ နှစ်နိုင်ငံ ဆွေးနွေးမှုကို ပြန်လည်အသက်ဝင်လာရန် ဝန်ကြီးချုပ် အာဘေး က ဆန္ဒရှိကြောင်းပြောကြားသည်။
ဂျပန်အစိုးရအနေဖြင့် အဆိုပါကျွန်းလေးကျွန်းကို ဂျပန်နိုင်ငံ ၏ ရှေးအမွေအနှစ် တစ်ခုဖြစ်သည်ဟု အခိုင်အမာပြောကြားလျက် ရှိသည်။ ၄င်းတို့ကို ဒုတိယကမ္ဘာစစ်ပြီးနောက် တရားမဝင် ကျူးကျော်ခြင်းခံခဲ့ရသည်ဟု ဂျပန်အစိုးရက ဆိုသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment