Monday, May 2, 2016

အလုပ်သမားနေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပ၊ ကမ္ဘာ့မြို့ကြီးများ၌ စုဝေးချီတက်ပွဲများနှင့် ဆန္ဒပြပွဲများ ပြုလုပ်

The Mirror Daily's photo.
ဆိုးလ် မေ ၁
ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံများ၌ အလုပ်သမားနေ့ (မေဒေး)အထိမ်းအမှတ် အခမ်းအနားများ၊ စုဝေးချီတက်ပွဲများနှင့် ကန့်ကွက်ဆန္ဒပြပွဲများကို မေ ၁ ရက်က ပြုလုပ်ခဲ့ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ပြင်သစ်နိုင်ငံ ဘော်ဒေါက်မြို့၌ မေဒေးနေ့ အထိမ်းအမှတ် လူထုစည်းဝေးပွဲကို ကျင်းပခဲ့ရာတွင် အလုပ်သမား ရေးရာ ပြုပြင်ပြောင်းလဲရေး အစိုးရအဖွဲ့၏ ဆောင်ရွက် ချက်များနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြသည်။
ပြင်သစ်နိုင်ငံ၌ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းကို လျှော့ချနိုင်ရန် ရည်ရွယ်လျက် အစိုးရအဖွဲ့က ပြုပြင်ပြောင်းလဲရေး အစီအစဉ်ချမှတ်ဆောင်ရွက်နေသော်လည်း အလုပ်သမား ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်အချို့နှင့်ပတ်သက်၍ အလုပ် သမားများက မကျေမနပ်ဖြစ်လျက် ရှိကြသည်။
ဂျာမနီနိုင်ငံရှိ ဘာလင်မြို့နှင့် ဟမ်းဘတ်မြို့များ၌ မေဒေးနေ့ အထိမ်းအမှတ် စုဝေးချီတက်ပွဲများတွင် အလုပ်သမားထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြသည်။
ဟမ်းဘတ်မြို့၌ အကြမ်းဖက်မှုများ ကြိုးကြား ကြိုးကြား ဖြစ်ပေါ်ခဲ့သည်ဟု သတင်းများပေါ်ထွက်ခဲ့သည်။
တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ တက်ဆင်ရင်ပြင်၌ မေဒေးနေ့အထိမ်းအမှတ်အခမ်းအနား မပြုလုပ်ရန် အစိုးရ ၏ တားမြစ်ပိတ်ပင်ချက်ကို ဆန့်ကျင်သူအလုပ်သမား ထောင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြု ကာ လူစုခွဲခဲ့ရသည်။
အမေရိကန်ပြည်ထောင်စု ဆီယက်တယ်မြို့၌ အဓိကရုဏ်းများ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့က လုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ၌ မေဒေးနေ့ လူထုစည်းဝေးပွဲ တွင် အလုပ်သမား သိန်းနှင့်ချီကာ ပါဝင်ဆင်နွှဲခဲ့ကြသည်။ အစိုးရအဖွဲ့က ဆောင်ရွက်နေသော အလုပ်သမား ရေးရာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။
သမ္မတ ပတ်ကွန်ဟေး၏ အလုပ်သမားပြုပြင်ပြောင်းလဲ ရေး ဥပဒေကြမ်းအရ အလုပ်သမားများအား အလုပ်မှ ရပ်နားမှုကို ကုမ္ပဏီများက အလွယ်တကူ ပြုလုပ်နိုင်စေရန် ခွင့်ပြုပေးထားမှုနှင့်ပတ်သက်၍ အလုပ်သမားများက ကန့်ကွက်ဆန္ဒပြကြသည်။
အာရှဒေသရှိနိုင်ငံများ၏ မြို့ကြီးများ၌ အလုပ်သမား အခွင့်အရေးများနှင့် လုပ်ခလစာ တိုးတက်ရရှိရေးအတွက် အလုပ်သမားများက တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ရိုက်တာ။

No comments:

Post a Comment