Monday, May 30, 2016

ကျောင်းအပ်နှံရေးစီမံချက်အပြင် ပညာရေးဝန်ကြီးဌာနမှ မူဝါဒ (၈)ခုကို ရက် ၁ဝဝ စီမံချက်အဖြစ် ဆောင်ရွက်မည်


ပညာရေးဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက် 

တွေ့ဆုံမေးမြန်း-မေဦးမိုး၊ ဇူလိုင်မိုး၊
ဓာတ်ပုံ-မေဦးမိုး၊ တင်စိုး(မြန်မာ့အလင်း)

ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ ကျောင်းနေအရွယ်တိုင်း စာတတ်မြောက်ရမည့် စီမံချက်သည်လည်း မြန်မာ့ပညာရေး၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်တက်လာပြီး ရက်ပေါင်း ၁ဝဝ အတွင်း စီမံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကျောင်းသားလူငယ်များ၏ အကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးအား တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ပညာရေးဝန်ကြီးဌာနအနေ
နဲ့ ဆောင်ရွက်သွားမယ့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် တွေအကြောင်းကို ရှင်းပြပေးပါ။
ဖြေ။ ။ အစိုးရသစ်လက်ထက်မှာ ပြည်သူလူထုကို တင်ပြခဲ့
တဲ့ ပညာရေးမူဝါဒအပေါ် အခြေခံပြီးတော့ ရက်ပေါင်း ၁ဝဝ ကာလအတွင်း ဆောင်ရွက်မယ့် ပညာရေးကဏ္ဍပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်တွေ ရှိပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ ပညာရေးကဏ္ဍဟာ သက်ဆိုင်ပါတယ်။ အိမ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့နယ်တိုင်းမှာ ကျောင်းသား ကျောင်းသူတွေရှိ တာကြောင့် အားလုံးသိရှိထားပြီး ညီညီညွတ်ညွတ် အင်တိုက်အား တိုက်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော် ရှင်းပြ ပေးပါမယ်။ လုပ်ငန်းစဉ်အားလုံးပေါင်း (၈)ခုကို ရက် ၁ဝဝ အတွင်းမှာ စတင်ဆောင်ရွက်သွားဖို့ရှိပါတယ်။
မေး။ ။ ဝန်ကြီးပြောတဲ့ ရက်ပေါင်း ၁ဝဝ အတွင်း ပြုပြင်ပြောင်း
လဲရေးလုပ်ငန်းစဉ်တွေထဲက ပထမဆုံးတစ်ခုကို သိချင် ပါတယ်။

ဖြေ။ ။ လုပ်ငန်းစဉ် (၁)ကတော့ ကျောင်းအဆင့်တိုးမြှင့်ဖွင့်
လှစ်ခြင်း ဆောင်ရွက်မယ့်အစီအစဉ်ဖြစ်ပါတယ်။ ပညာ ရေးဝန်ကြီးဌာနအနေနဲ့ အခြေခံပညာသင်ယူမှု အခွင့်အလမ်းတွေ ပိုမိုရရှိလာစေရေးအတွက် ကျောင်းအဆင့်တိုးမြှင့်တာတွေနဲ့ ကျောင်းအသစ်ဖွင့်လှစ်တာတွေကို လုပ်ဆောင်သွားမှာဖြစ်ပါ တယ်။ မူလတန်းပညာသင်ယူပြီးမြောက်ဖို့အတွက် အလေးထားပြီး ကျောင်းနေမြဲနှုန်း မြင့်မားဖို့၊ ကျောင်းထွက်နှုန်းလျော့ကျဖို့ကို လည်း အဆင့်ဆင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှာ ကျောင်းအဆင့်တိုးမြှင့်ရေး မူဝါဒတွေကိုဖြေလျှော့ပြီး အမက၊ မူလွန်၊ အလက(ခွဲ)၊ အလက၊ အထက (ခွဲ)၊ အထက စတဲ့ အခြေခံပညာကျောင်းပေါင်း ၃၃၁၂ ကျောင်းကို ကျောင်းဖွင့်အမီ တိုးမြှင့်ဖွင့်လှစ်နိုင်ဖို့အတွက် စီစဉ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။
မေး။ ။ ပညာရေးဝန်ကြီးဌာနရဲ့ ရက်ပေါင်း ၁ဝဝ စီမံချက်ကာလ
အတွင်းက ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ် နံပါတ် (၂)အကြောင်းကိုလည်း ရှင်းပြပေးပါ။
ဖြေ။ ။ လုပ်ငန်းစဉ် (၂) အနေနဲ့ကတော့ ကျောင်းအပ်နှံရေး
သီတင်းပတ်ဆောင်ရွက်မယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ ကျောင်းအပ်နှံရေးသီတင်းပတ် လုပ်ငန်းစဉ်ကို မေလ ၂၅ ရက်နေ့ ကနေ ၃၁ ရက်နေ့အထိ သတ်မှတ်ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျောင်းအပ်နှံရေး သီတင်းပတ်လုပ်ငန်းစဉ် ဆောင်ရွက်ရခြင်းက တော့ သတ်မှတ်ပြီးမြို့နယ်အတွင်းမှာ အခြေခံပညာမူလတန်း ပညာရေးကို မူလတန်းအရွယ်တိုင်း သင်ယူခွင့်ရရှိနိုင်ဖို့နဲ့ မူလ တန်းပညာသင်ယူပြီးမြောက်ဖို့ပဲဖြစ်ပါတယ်။ ဒီနှစ်ကစတင်ပြီးKG+12အခြေခံပညာရေးစနစ်အတွက်KGသင်ရိုးသစ်အရ ဆရာ ကိုင် စာအုပ်အသစ်အသုံးပြုပြီး စတင်အကောင်အထည် ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။ 

ဒီနှစ်မှာစတဲ့ အသက် ငါးနှစ်အရွယ် ကျောင်းစတက်ကြမယ့် ကလေးတိုင်း စနစ်သစKGတန်းမှာ ကျောင်းအပ်လက်ခံသွား မှာဖြစ်ပါတယ်။ မသင်မနေရ KG အဖြစ် သတ်မှတ်မထားပါဘူး။ ကျောင်းသား ကျောင်းသူတွေအတွက်ကိုလည်း တူညီဝတ်စုံ(School Uniform)တစ်စုံစီ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။KG သင်ရိုးအသစ်နဲ့ ကာယ၊ ဉာဏဖွံ့ဖြိုးမှုနဲ့လိုက်လျောညီထွေ ဖြစ်တဲ့ ပြုစုပျိုးထောင်မှုနဲ့ သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ လက်ရေးကို သင်ကြားပို့ချမှာ မဟုတ်ပါဘူး။Grade 2,3,4,5 အတန်းတက်ကြမယ့် အခြေခံပညာမူလတန်း ကျောင်းသား ကျောင်းသူအားလုံးအတွက်
ကျောင်းဝင်ကြေးအပါအဝင် မည်သည့် ငွေကြေးကိုမှ လက်ခံသွားမှာမဟုတ်ပါဘူး။
ကျောင်းသုံးဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ် ခြောက်အုပ်စီကို အခမဲ့ပေးဝေသွားမှာဖြစ်တဲ့အပြင် တူညီကျောင်းဝတ်စုံ တစ်စုံစီ ကိုလည်း အခမဲ့ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူတွေအားလုံးအတွက် ကတော့ ကျောင်းသုံးဖတ်စာအုပ်တွေကို အခမဲ့ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာနဲ့ စာကြည့်တိုက်ကြေးစတဲ့ မည်သည့် ငွေကြေးကိုမှ မပေးဆောင်စေရဘဲ လက်ဆောင်ပစ္စည်း လက်သင့်မခံတဲ့ ကျောင်းအပ်နှံရေးကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျောင်းအပ်နှံလာတဲ့ အတန်းလိုက်ကျောင်းသား ကျောင်းသူထံကဖြစ်စေ၊ အားလုံးထံက ဖြစ်စေ၊ ကျောင်းသား ကျောင်းသူ မိဘပြည်သူများထံကဖြစ်စေ မည်သည့်အခကြေးငွေ ကိုမှ မကောက်ခံဖို့အတွက် တားမြစ်ထားပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့လည်း ကျောင်းအုပ်အပါအဝင် ဆရာ ဆရာမတွေ၊ ဝန်ထမ်းတွေကို ငွေကြေးနဲ့ လက်ဆောင်ပစ္စည်းပေးပို့တာတွေ ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ဒီပညာသင်နှစ်မှာ မိဘဆရာအသင်းတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကနေ ကျောင်းဆရာ ဆရာမတွေရဲ့ စာသင်ခန်းမှာ ကျောင်းသား ကျောင်းသူတွေအားလုံး စာတတ်အောင်သင်ပေးဖို့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ဘဝ၊ ဉာဏဖွံ့ဖြိုးမှုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ သင်ကြားသင်ယူမှုတွေ ဖြစ်လာအောင် ကြိုးပမ်းနေပါတယ်။ ဘဝရဲ့ အခြေခံကောင်းပေးတဲ့ ပညာရေး၊ အချက်အလက် အထောက်အထားနဲ့ ကလေးရဲ့ စဉ်းစားတွေးခေါ် နိုင်စွမ်းကိုအားပေးပြီး အမှားကို မှန်အောင်ပြင်ပေး၊ မှန်တာကို ပိုကောင်းအောင် ပြုစုပျိုးထောင်နိုင်တဲ့ အခြေခံအုတ်မြစ်ကောင်းတဲ့ မူလတန်း ပညာရေးဖြစ်အောင် အားနည်းချက်တွေကိုပြုပြင်ဖို့ ပညာရေးဝန်ကြီးဌာနက ကြိုးပမ်း အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ 

ဒီလိုပြုပြင်ဆောင်ရွက်တဲ့နေရာမှာ နေ့ချင်းညချင်း ကောင်းအောင်ပြုပြင်ဖို့ စိန်ခေါ်မှုတွေအများကြီးရှိပါတယ်။ အဓိကကတော့ ကျောင်းသား ကျောင်းသူတွေကို စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီး သင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းအုပ်တွေနဲ့ တာဝန်ရှိသူတွေအားလုံးက ကျောင်းသား ကျောင်းသူတွေကို နားလည် စာနာစိတ်အပြည့်နဲ့ အကျင့်စာရိတ္တကောင်းအောင်၊ ကျောင်းတက်မှန်အောင်၊ ကျောင်းစာသင်ခန်းမှာ ကျောင်းသားအားလုံး စာတတ်အောင် သင်ကြားပေးမယ်ဆိုတဲ့ စိတ်ဓာတ်ကို အားပေးမြှင့်တင်ပေး နေတာဖြစ်ပါတယ်။ ဒီလိုကျောင်းစာသင်ခန်းထဲမှာ စာတတ်အောင် သင်ရင် ကျောင်းသား ကျောင်းသူတွေ စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် စာမေးပွဲဆိုတာ ဘာလုပ်ဖို့လဲ မေးစရာရှိပါတယ်။ ကျောင်းရဲ့ ကျောင်းအုပ်နဲ့ ဆရာ ဆရာမတွေ က ကျောင်းသား ကျောင်းသူတွေကို ကျောင်းစာသင်ခန်းမှာ တကယ်စာတတ်အောင် ဘယ်လောက် သင်ပေးနိုင်သလဲ၊ ကျောင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လောက်လုပ်ပေးနိုင်သလဲ စိစစ် အကဲဖြတ်နိုင်ဖို့လိုအပ်ပါတယ်။ 

ဆရာ ဆရာမရဲ့ စွမ်းဆောင်ရည်အရ ကျောင်းသား ဆရာအချိုး၊ ဒါမှမဟုတ် ဆရာ ဆရာမကို မွမ်းမံသင်တန်း ပေးရမလား၊ ဖြည့်ဆည်းနိုင်ဖို့ အစီအစဉ်တွေကို ဆောင်ရွက် နိုင်ပြီး မိဘပြည်သူတွေ အားလုံးမျှော်လင့်တဲ့၊ လိုချင်တောင့်တ တဲ့၊ အရည်အသွေးရှိတဲ့ ပညာရေးကို စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။
အဆင့်မြင့်ပညာရေးက တက္ကသိုလ်တွေနဲ့ TVETတို့ဟာ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်လောက်အောင် အရေးကြီး သလို အရည်အသွေးရှိတဲ့ ပညာရေးမှာ မူလတန်းပညာရေးဟာ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် ဒီမူလတန်းကလေးတွေကို သင်ကြားပို့ချနေတဲ့ ဆရာ ဆရာမတွေရဲ့ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ အရည်အသွေးပြည့်ဝမှုတွေကို ထိန်းသိမ်း မြှင့်တင်ပေးဖို့ လိုအပ်သလို အလယ်တန်း၊ အထက်တန်းပြ ဆရာ ဆရာမတွေရဲ့ အရည်အသွေးမြင့်မားဖို့အတွက် လုပ်ငန်းခွင်အကြိုသင်တန်းတွေ၊ လုပ်ငန်းခွင် သင်တန်းတွေကို ဒီအပြောင်းအလဲမှာ ဦးစားပေးအကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
မေး ။ ။ ဆက်လက်ပြီး ကျောင်းကျန်းမာရေးနဲ့ သက်ဆိုင်တဲ့
ပညာပေးလုပ်ငန်းစဉ်တွေရော လုပ်ဆောင်သွားဖို့ ရှိပါသလား။ 

ဖြေ ။ ။ မိဘဆရာအသင်းနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ
ပူးပေါင်းပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးနဲ့ဖွံ့ဖြိုးရေး ရက်သတ္တပတ်လုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ အခြေခံပညာကျောင်းတွေ မှာ ကျောင်းသန့်ရှင်းသပ်ရပ်ရေး၊ ကျောင်းကျန်းမာရေးနဲ့ ကျောင်းသား
ကျောင်းသူတွေ အသိပညာဗဟုသုတဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဇွန်လ ၂ဝ ရက်နေ့ကနေ ဇူလိုင်လ ၉ ရက်အထိ ကျောင်းသန့်ရှင်းရေး၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။ ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာန တွေပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေ၊ မိဘပြည်သူတွေ၊ မိဘဆရာအသင်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့လည်း ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံ ပါတယ်။
ကျောင်းကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လက်ဆေးခြင်း ပညာပေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွေ လုပ်ပေးမှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူ တစ်ဦးချင်း ကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးခြင်း၊ ကာယလေ့ကျင့်ခန်း တွေ စုဖွဲ့လေ့ကျင့်စေခြင်းကိုလည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ စိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်ရာမှာတော့ သစ်တောဦးစီးဌာန၊ မိဘပြည်သူများနဲ့ စေတနာ့ဝန်ထမ်း တွေရဲ့ အကူအညီကိုရယူပြီး သစ်ပင်စိုက်တာ၊ ပြုစုတာတွေကို ပူးပေါင်းဆောင်ရွက်သွားပါမယ်။ အသိပညာ ဗဟုသုတဖွံ့ဖြိုးဖို့ အတွက်တော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး သဘာဝဘေးအ္တရာယ် ကာကွယ်တာဆီးရေးလုပ်ငန်းတွေ ပညာပေးဆောင်ရွက်မှာ ဖြစ်ပါတယ်။
လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေးနဲ့ ယာဉ် အန္တရာယ် ကင်းရှင်းရေးအတွက်လည်း အသိပညာပေး ဟောပြောပွဲတွေ ဆက်တိုက်ကျင်းပသွားမှာ ဖြစ်ပါတယ်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အသက် (၁ဝ)နှစ်ပြည့် ကျောင်းသား ကျောင်းသူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ အလွယ် တကူ ထုတ်ယူနိုင်အောင်စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

မေး ။ ။ ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်းတွေ
အတွက် ဆောင်ရွက်ပေးမယ့် လုပ်ငန်းစဉ်တွေရော ရှိပါသလား။
ဖြေ ။ ။ မြို့ပေါ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်)
ပုဂ္ဂလိက ဘဏ်တွေနဲ့နီးတဲ့ ကျောင်းတွေအားလုံးက ဆရာ ဆရာမတွေ၊ စီမံအရာထမ်းအမှုထမ်းတွေရဲ့ လစာငွေကို ဘဏ်စာရင်းကနေ လွှဲပြောင်းထုတ်ယူနိုင်ရေးအတွက် စီစဉ် နေပါတယ်။ ဒီလုပ်ငန်းစဉ်ကတော့ အခြေခံပညာ ဆရာ ဆရာမ တွေအတွက် လစာထုတ်ယူကြရာမှာ လမ်းစရိတ်မျှဝေ ကုန်ကျနေရတာ၊ သာရေးနာရေးကြေးတွေ ကောက်ခံနေခြင်း ကနေ အငြိမ်းစား ဆရာ ဆရာမတွေအတွက် မျှဝေကျခံနေ ရတာတွေကြောင့် လစာငွေအပြည့်အဝမရကြတဲ့အတွက် လစာငွေ အပြည့်အဝရရှိအောင် လုပ်ပေးရခြင်းဖြစ်ပါတယ်။အဲဒါကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ပေါ်တွေမှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်(သို့မဟုတ်) ပုဂ္ဂလိကဘဏ်တွေနဲ့နီးတဲ့ အခြေခံပညာကျောင်း ၁၇ ကျောင်းနဲ့ တက္ကသိုလ်လေးခုတို့ မှာ လစာငွေကို ဘဏ်စာရင်းကနေလွှဲပြောင်းထုတ်ယူနိုင်ဖို့ တစ်ဦးချင်း အကောင့်တွေ ဖွင့်နိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။ လုပ်ငန်းစဉ်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်တို့နဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။
မေး ။ ။ လုပ်ငန်းစဉ် နောက်တစ်ခုက ပါရဂူဘွဲ့သင်တန်း
တက်ရောက်နိုင်ရေးအတွက် အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။ ဘယ်လို ဆရာ ဆရာမတွေအတွက် ရည်ရွယ်ထား တာလဲဆိုတာ သိပါရစေ။

ဖြေ ။ ။ ဝါရင့်ကထိက ဆရာ ဆရာမတွေအတွက် ပါရဂူ
သင်တန်းအစီအစဉ် ဖြစ်ပါတယ်။ လုပ်သက်ရင့်၊ ဝါရင့် တက္ကသိုလ်ကထိက ဆရာ ဆရာမတွေအနေနဲ့ အသက်အရွယ် နဲ့ တာဝန်ဝတ္တရားတွေကြောင့် ပုံမှန်ပါရဂူသင်တန်းတွေကို တက်ရောက်နိုင်ခြင်းမရှိတဲ့အတွက် ရာထူးတိုးရာမှာ ကြန့်ကြာ မှုတွေ ဖြစ်ပေါ်နေတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် သူတို့တွေကို လုပ်သက်များအရ စွမ်းဆောင်ရည်ဆိုင်ရာ သုတေ သနစာတမ်းပြုစုတင်သွင်း ဖတ်ကြားခြင်းအားဖြင့် ပါရဂူဘွဲ့ သင်တန်းတွေကို တက်ရောက်နိုင်ဖို့ ၁ဝ နှစ်ကနေ သုံးနှစ်ကို ဖြေလျှော့ပေးပြီး စီမံဆောင်ရွက်နေပါပြီ။
မေး ။ ။ နည်းပညာနဲ့ သက်မွေးပညာလေ့ကျင့်ရေးဆိုင်ရာ
တွေအတွက် ဘယ်လိုစီမံကိန်းတွေ ပေါ်ထွက်လာနိုင် မလဲဆိုတာလည်း ပြောပြပေးစေလိုပါတယ်။
ဖြေ ။ ။ နည်းပညာနဲ့ သက်မွေးပညာရေး၊ လေ့ကျင့်ရေး
ဆိုင်ရာ လေ့လာသုံးသပ်မှုတွေ ပြုလုပ်ပြီး စီမံကိန်းတွေ ချမှတ်သွားဖို့က ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ် (၆) ဖြစ်ပါတယ်။ အဓိကကတော့ ပညာရေးဆုံးခန်းမတိုင်သူတွေ ကို လျှော့ချရေးနဲ့ အလုပ်လက်မဲ့လျှော့ချရေး၊ ဆင်းရဲနွမ်းပါး မှု လျှော့ချရေး၊ တိုင်းပြည်လုပ်အားစု တိုးမြှင့်ရေး၊ နိုင်ငံတော် အသားတင်ဝင်ငွေတိုးတက်ရေး စတာတွေမှာ နည်းပညာနဲ့ သက်မွေးပညာက အရေးပါတဲ့ကဏ္ဍ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသလိုအပ်ချက်အတွက် အသေးစားနဲ့ အလတ်စားလုပ်ငန်း တွေလုပ်ကိုင်ဖို့ ကျွမ်းကျင်လုပ်သားတွေ၊ နိုင်ငံတော်လိုအပ်ချက် အတွက် စက်မှုဇုန်တွေ၊ အထူးစီးပွားရေးဇုန်တွေမှာ ကျွမ်းကျင် လုပ်သားတွေ လိုအပ်ချက်စတာတွေကို လေ့လာသုံးသပ်ပြီး အကြံပြုတင်ပြခြင်းနဲ့ စီမံကိန်းချမှတ် အကောင်အထည်ဖော် ခြင်းတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
မေး။ ။ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဆရာ ဆရာမတွေရဲ့
သင်ကြားပို့ချမှု စွမ်းဆောင်ရည်ကို အကဲဖြတ်သွားဖို့ ရှိပါသလား။
ဖြေ ။ ။ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့်
သက်မွေးပညာရေးနဲ့ သင်တန်းကဏ္ဍတွေအားလုံး မှာ ဆရာ ဆရာမတွေ အတန်းဝင်ရောက်ပို့ချမှုတွေကို စစ်ဆေး အကဲဖြတ်ခြင်း ပြုလုပ်မှာ ဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းသား ကျောင်းသူတွေရဲ့ သင်ယူတတ်မြောက်မှု အရည် အသွေးမြင့်မားမှုအတွက် ဆရာ ဆရာမတွေ ကျောင်းတက် မှန်ကန်ရေး၊ အတန်းဝင်ချိန် မှန်ကန်ရေး၊ နောက်ကျမှုမရှိစေ ရေးကို မိဘပြည်သူတွေနဲ့ ကျောင်းအုပ်ကြီးတို့ရဲ့ အကဲဖြတ် မှုနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။

အဆင့်မြင့်ပညာမှာတော့ ကျောင်းသား ကျောင်းသူတွေ ရဲ့ Assessment ဆောင်ရွက်တာနဲ့ ပါမောက္ခချုပ်၊ ပါမောက္ခတွေအဖွဲ့နဲ့ စစ်ဆေးတာကို ဆောင်ရွက်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် သင်ကြားသင်ယူမှုဆိုင်ရာနဲ့ သုတေသန လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုစတဲ့ အရည်အသွေးမြင့်မား ရေး၊ အရည်အသွေးအာမခံမှုအတွက် တစ်စိတ်တစ်ပိုင်းအနေ နဲ့ ညှိနှိုင်းဆွေးနွေးသတ်မှတ်အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။
မေး ။ ။ မြန်မာ့ပညာရေးကို အဆင့်မြင့်မားလာဖို့အတွက်
ရည်ရွယ်ထားတဲ့ Alternative ပညာရေးအကြောင်း ကိုလည်း သိလိုပါတယ်။
ဖြေ ။ ။ မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းသား ကျောင်းသူ
တွေရဲ့ ကျောင်းထွက်နှုန်းကများနေပြီး အသားတင် ကျောင်းနေနှုန်းက နည်းပါးလျက်ရှိတာကို တွေ့ရပါတယ်။ လက်ရှိအခြေအနေမှာ အသက် ငါးနှစ်ကနေ ၁၆ နှစ်အရွယ် ကလေး ၂ ဒသမ ၇ သန်းခန့်ဟာ ကျောင်းဝင်ရောက်မှု မရှိသူတွေနဲ့ ကျောင်းထွက်စောတဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်နဲ့အထက် သက်ကြီးစာမတတ်သူ ကလည်း ၃ ဒသမ ၅ သန်းခန့်ရှိနေတာကို တွေ့ရပါတယ်။

ကျောင်းပြင်ပရောက်ကလေးတွေ၊ ကျောင်းကနေ စောစော စီးစီး ထွက်သွားရသူတွေနဲ့ စာမတတ်သူတွေအတွက် ပိုမို ကောင်းမွန်တဲ့ အနာဂတ်တွေ ဖြစ်ပေါ်လာစေရန် စာတတ် မြောက်မှု၊ ပညာရေးနဲ့ အသိပညာကျွမ်းကျင်မှုတွေ ကူညီ ဖြည့်ဆည်းပေးဖို့ လိုအပ်တာကြောင့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ပုဒ်မ (၂၉) ပုဒ်မခွဲ (ခ)နဲ့အညီ ပညာသင်ယူမှုမပြီးဆုံးမီ အကြောင်းအမျိုးမျိုးနဲ့ ပညာသင်ယူမှု ရပ်တန့်ခဲ့ရတဲ့ ကျောင်းသား ကျောင်းသူတွေအတွက် သင့်လျော် တဲ့ ပညာသင်ယူခွင့်တစ်ခုခု ပြန်လည်ရရှိစေဖို့ လိုအပ်တဲ့ အစီအမံတွေထားရှိမယ့်စနစ်ကို Alternative Education လို့သတ်မှတ်ပြီး အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။
အစီအစဉ်တွေကတော့ သက်ကြီးစာတတ်မြောက်ရေး၊ လူတိုင်း စာတတ်မြောက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေး၊ စဉ်ဆက်ပညာရေး၊ ဝင်ငွေတိုးပွားရေးနဲ့ သက်မွေးဝမ်းကျောင်း ပညာရေး၊ ကျောင်းပြင်ပရောက်ကလေးများအတွက် ပညာရေး၊ တန်းညှိပညာရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နဲ့ ရပ်ရွာပညာပဒေသာဌာန၊ ရှေးဦးကလေးသူငယ် ပြုစုစောင့် ရှောက်ရေးနဲ့ အမျိုးသမီးများအတွက် ပညာရေးအစီအစဉ်၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာအစီ အစဉ်တို့ ဖြစ်ပါတယ်ဆိုတာ နိဂုံးချုပ်တင်ပြလိုက်ပါတယ်။

No comments:

Post a Comment