Monday, May 30, 2016

မြန်မာ့ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့်အစိုးရ ပူးပေါင်းဆောင်ရွက်သွားမည်




 



ရန်ကုန်   မေ   ၂၉           
          
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ   အခြေခံအဆင့်မြင့်ပညာရေးဦးစီးဌာနတွင် ယနေ့ နေ့လယ်ပိုင်းက ပညာရေးဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီးအပါအဝင် တာဝန်ရှိသူတို့နှင့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(န.က.သ) တို့  တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ကျောင်းသားများတောင်းဆိုသည့်အချက်များ အဆင်ပြေမှုရရှိခဲ့သည့်အပြင် ¤င်းတို့အနေဖြင့် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း (န.က.သ) မှ အလုပ်အမှုဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြောသည်။

'' ဒီနေ့ဆွေးနွေးတဲ့ အကြောင်းကတော့ အချက်လေးချက်အပြင် တက္ကသိုလ်တွေ ထဲမှာရှိနေတဲ့ ဘုံ ကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုအားလုံးနီးပါး အဆင်ပြေခဲ့ ပါတယ်။တချို့ကိစ္စ တွေကတော့ အချိန်ပေးပြီး ဆောင်ရွက်သွားရမယ့် အပိုင်းတွေရှိသလို နောက်ထပ်ဆွေးနွေးမှုလုပ်သွားရမယ့်အပိုင်းတွေလည်းရှိပါတယ်။ ဝန်ကြီးနဲ့ ဆွေးနွေးမှု အနှစ်ချုပ်အနေနဲ့ကတော့ ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအပြင် ကျောင်းသား အရေးနဲ့ပတ်သက်တာတွေအားလုံးကို ပူးပေါင်းဆာင်ရွက်သွားမယ်လို့ ကျွန်တော်တို့ အားလုံးသဘောတူခဲ့ကြပါတယ်'' ဟု ၄င်းက တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မီဒီယာများ အား ပြောကြားသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် (န.က.သ) အနေဖြင့် အဆင့်မြင့်ပညာဥပဒေတွင် ကျောင်းသားသမဂ္ဂများကို ဥပဒေအရ တရားဝင် မပါဝင်လာနိုင်သေးခင်အချိန်ကာလ အတွင်း တက္ကသိုလ်များရှိ ကျောင်းသားသမဂ္ဂများ၏ ရပ်တည်လှုပ်ရှားခွင့်များ တရားဝင် ရရှိရေး၊ အဆင့်မြင့်ပညာရေးဥပဒေကို ကျောင်းသားသမဂ္ဂများ ပါဝင်ရေးဆွဲခွင့်ရရှိရေး နှင့်  တက္ကသိုလ်တစ်ခုချင်းစီတွင်ရှိသည့်   ပဋိဥာဉ်များကိုရေးဆွဲသည့်အခါတွင် ကျောင်းသားသမဂ္ဂများကို ပါဝင်ရေးဆွဲခွင့်ပေးရေး၊ နည်းပညာကျောင်းသားများ၏ မြန်မာအင်ဂျင်နီယာကောင်စီဥပဒေကိစ္စများအပြင် ပညာရေးဝန်ကြီးဌာန၏ ဖိတ်ခေါ် ကမ်းလှမ်းချက်အရ ပညာရေးဝန်ကြီးဌာန၏  ရက် ၁ဝဝ စီမံချက်ကာလတွင် ပညာရေး အရည်အသွေးထိန်းညှိနိုင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

''ဆွေးနွေးတဲ့အခါမှာ အဆင့်မြင့်ပညာ ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂတွေ ပါဝင်ရေးဆွဲခွင့်ရဖို့နဲ့ တက္ကသိုလ်တစ်ခုချင်းစီက ပဋိဥာဉ်တွေထဲမှာ ကျောင်းသားသမဂ္ဂ တွေပါဝင်ရေးဆွဲခွင့်ရဖို့ ဝန်ကြီးဆီက အာမခံချက်ရခဲ့ပါတယ်။ နောက်တစ်ခုအနေနဲ့ အစိုးရရဲ့ ရက်ပေါင်း ၁ဝဝ စီမံချက်မှာ ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်ထဲမှာရှိတဲ့ ကျောင်းသူ ၊ကျောင်းသားတွေ အားလုံးရဲ့ အသံကိုပြန်ယူရပါမယ်။ ဒါ့အပြင် စာသင်တဲ့ အခါမှာ တက္ကသိုလ် ဆရာ ဆရာမတွေက အချိန်မှန်ဝင်လေ့ရှိသလား၊ စာသင်တဲ့ အခါမှာ သေချာသင်ပေးမှုရှိသလား၊ ပျက်ကွက်မှုတွေ ရှိသလားဆိုတာတွေကို လေ့လာ သုံးသပ်မှုတွေ  လုပ်ရမှာပါ။ အဲဒီလိုလုပ်ဆောင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ ကျောင်းသားသမဂ္ဂက ပူးပေါင်းလုပ်ဆောင်မယ်လို့ပြောခဲ့ပါတယ်'' ဟု ၄င်းက တွေ့ဆုံ ဆွေးနွေးမှုရလဒ်များကို ပြန်လည်ပြောပြသည်။

ဆက်လက်၍ ¤င်းက “''နောက်တစ်ခုကတော့ ကျောင်းသားသမဂ္ဂတွေရဲ့ ရပ်တည် လှုပ်ရှားမှုကို သူတို့အနေနဲ့ အသိအမှတ်ပြုတယ်။ ဆက်လက်ပြီးတော့ ကျောင်းထဲမှာ ရပ်တည်လှုပ်ရှားခွင့်နဲ့ ရုံးခန်းတွေပေးဖို့အတွက်ကိုလည်း ညှိနှိုင်းခဲ့တယ်၊ သိပ်မကြာခင် ကာလမှာ ရလာဖို့အခွင့်အလမ်းများပါတယ်။ နည်းပညာကျောင်းသားတွေကိစ္စကတော့ ဥပဒေကိစ္စဖြစ်တဲ့အတွက် ဥပဒေကိုဖြေလျော့နိုင်ဖို့၊ နည်းပညာကျောင်းသားတွေရဲ့ ခံစားနေရတဲ့ခံယူချက်ကို ဖြေပျောက်သွားအောင်လုပ်ဖို့က ဥပဒေအရ လုပ်ဆောင်သွား ရလိမ့်မယ်။ ဒီကိစ္စကိုတော့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်လို့ အချိန်တော့ ပေးရပါလိမ့်မယ်။ နောက်ထပ်ဆက်ပြီး ညှိနှိုင်းဆောင်ရွက်ရမယ့်ဟာတွေရှိသလို ဥပဒေ အရ ကန့်သတ်ဆောင်ရွက်သွားရမယ့်အပိုင်းတွေရှိနေတဲ့အတွက်တော့ လောလော ဆယ် ‘ဒီလောက်နဲ့ပြတ်ခဲ့ပါတယ်'' ဟု ဆိုသည်။

အဆိုပါဆွေးနွေးမှုများအပြင် တက္ကသိုလ်တစ်ခုချင်းစီ၌ ဖြစ်ပေါ်နေသည့် ကျောင်း သား၊ ကျောင်းသူများ၏ သွားလာရေးအဆင်မပြေသည့်ကိစ္စ၊ လက်တွေ့ခန်းများတွင် အဆင်မပြေသည့်ကိစ္စ၊ ကျောင်းသန့်ရှင်းရေးကိစ္စ စသည်တို့အပါအဝင်  အခြေခံ အချက်အလက်  ၁၅ ချက်ခန့်ကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့နှင့် ဆွေးနွေး ခဲ့ကြပြီး ထိုအချက်များနှင့်ပတ်သက်၍ ပထမအဆင့်လုပ်ဆောင်ရမည့် လုပ်ဆောင်ချက် များနှင့် ရေရှည်လုပ်ဆောင်ရမည့်လုပ်ဆောင်ချက်များဟူ၍ခွဲခြားကာ   ဆက်လက် ညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုကို ပြည်ထောင်စုဝန်ကြီး၏ဖိတ်ခေါ်မှုအရ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့နှင့် အတူ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ်(န.က.သ) မှ အလုပ်အမှုဆောင်ကော်မတီဝင် ၂၇ ဦးတို့ တက်ရောက် ဆွေးနွေးကြရာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (န.က.သ) အနေဖြင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အဆင့်မြင့်ပညာရေးဥပဒေကိစ္စနှင့်ပတ်သက်၍ ပါဝင်ခွင့်ရ မည်ဖြစ်ကြောင်း  အာမခံချက်ရရှိခဲ့သည့်အပြင် ကျောင်းသားသမဂ္ဂများနှင့် ပတ်သက် သည့်ကိစ္စများတွင်လည်း  ၈ဝ ရာခိုင်နှုန်းခန့်အထိ ဆွေးနွေးမှုအပိုင်း အောင်မြင်မှုရရှိခဲ့ပြီး ပညာရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မြေလတ်ဒေသ) တို့က ပူးပေါင်း အစည်းအဝေးတစ်ရပ်ပြုလုပ်၍ ပြုပြင်ပြောင်းလဲရေးအတွက် မေ ၂၅ ရက်တွင် နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(န.က.သ) ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ပေါ်လာရေး၊ ကျောင်း သားထုအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ ကျောင်းသားထုစွမ်းရည်မြှင့်တင် ရေးနှင့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ရပ်တည်လှုပ်ရှားခွင့်ရရှိရေးတို့ကို ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းနှင့်”ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

No comments:

Post a Comment