Monday, May 30, 2016

အလုပ်လုပ်နိုင်သော လုပ်အားရှင်များအား ကျွမ်းကျင်အလုပ်သမားအဖြစ် ပျိုးထောင်



 
 
 
 
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မြန်မာနိုင်ငံ လူဦးရေ၏ ၆၇ ရာခိုင်နှုန်းသည် အလုပ်လုပ်နိုင်သော အရွယ်များဖြစ်ရာ လူသားအရင်းအမြစ် အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော် ရှိသည့်အနက် အလုပ်လုပ်နိုင်သူ ၃၂ သန်းကျော် ရှိသည်။


သို့ရာတွင် အလုပ်လုပ် နိုင်သူများ၏ ၈ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး သက်ဆိုင်ရာ လယ်ယာကုန်ထုတ် လုပ်ငန်းများတွင်ပင် ကျွမ်းကျင်မှုအဆင့်မရှိကြကြောင်း သတင်းများက ဆိုထားကြသည်။

ကျွမ်းကျင်အလုပ်သမားဆိုသည်မှာ လုပ်ငန်းတစ်ခုကို အထူး ကျွမ်းကျင်စွာလုပ်ကိုင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးထားသည့် အလုပ်သမားများဖြစ်ကြသည်။
ကျွမ်းကျင်အလုပ်သမားဟုဆိုရာတွင် ဆေးဝန်ထမ်းများ၊ ဆရာဝန်များ၊ စာရင်းကိုင်များ၊ ရှေ့နေများ၊ ဆော့ဖ်ဝဲ ဒီဗယ်လော့ပါများ အစရှိသည့် ကော်လာဖြူအလုပ်သမား (White
collar Workers) များရော စက်ပြင်၊ စက်မောင်း၊ ယ္တရားမောင်း၊ ပိုက်ပြင်၊ ပိုက်ဆက်၊ သံချည်သံကွေး၊ သံဂဟေ၊ ဆောက်လုပ်ရေး အစရှိသည့် ကော်လာပြာအလုပ်သမား (Blue collar Workers)များပါ ပါဝင်သည်။ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ကို ကျွမ်းကျင် အလုပ်သမားများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမြင့်မားသော လူ့စွမ်းအားအရင်း အမြစ်ကို ပိုင်ဆိုင်လာနိုင်မည်ဖြစ်သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ဂျပန်နိုင်ငံမှ ပြည်ပအလုပ် အကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ဂျက်ထရို၏ သုတေသနပြုမှုတစ်ခုတွင် အာရှ-ပစိဖိတ်နိုင်ငံ ၁၉ ခုအနက် မြန်မာနိုင်ငံရှိ အလုပ်ရုံ အလုပ်သမား တစ်ဦး၏ နှစ်ပတ်လည် ပျမ်းမျှလုပ်ခမှာ အနိမ့်ဆုံးဖြစ်ကြောင်း၊ အိမ်နီး ချင်းနိုင်ငံများနှင့်ယှဉ်လျှင် ထိုင်းထက် ခြောက်ဆကျော်ခန့် လျော့နည်း နေပြီး က္ဘောဒီးယားထက် ရာခိုင်နှုန်း ၃ဝ ခန့် လျော့နည်းကြောင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် လုပ်ခအနည်းဆုံးဖြစ်နေသည့် အခြေ အနေက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကောင်းဆွဲ ဆောင်နိုင်မည်ဖြစ်သော်လည်း မိမိနိုင်ငံအတွင်းမှ ကျွမ်းကျင် အလုပ် သမားများကို ပြည်ပသို့ ထွက်ခွာသွားစေမည့် တွန်းအားလည်း ဖြစ်နိုင် ကြောင်း သတိပြုရမည်ဖြစ်သည်။

ထို့အပြင် ကျွမ်းကျင်မှုမရှိသော အလုပ်သမားများနှင့် တစ်စိတ် တစ်ပိုင်း ကျွမ်းကျင်သော အလုပ်သမားများကလည်း ရေရှည်တွင် လုပ်ငန်းတိုးချဲ့နိုင်စွမ်းကင်းမဲ့ခြင်းကြောင့် ပြည်ပမှ ကျွမ်းကျင်အလုပ် သမားများ ပြည်တွင်းသို့ စီးဝင်လာစေမည့် အခြေအနေသို့ ရောက်ရှိလာ မည်ဖြစ်သည်။ ထိုအခါ ပြည်တွင်းမှ ကျွမ်းကျင်မှုနည်းပါးသော အလုပ် သမားများမှာ တန်ဖိုးနိမ့် အလုပ်သမားများအဖြစ်နှင့် သူတစ်ပါး၏ ကြီးကြပ်ကွပ်ကဲ ခိုင်းစေမှုကိုသာ ခံကြရတော့မည်ဖြစ်သည်။
၂ဝ၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်းသို့ ဝင်ရောက် ခဲ့ပြီးဖြစ်ရာ မိမိတို့၏ ပြည်တွင်းလူသားအရင်းအမြစ်များကို ကျွမ်းကျင် အလုပ်သမားများအဖြစ် လေ့ကျင့်ပျိုးထောင်ပြီး အာဆီယံနိုင်ငံများ၏ ဘုံအလုပ်သမားဈေးကွက်တွင် အရည်အသွေးပြည့်ဝစွာ ယှဉ်ပြိုင်နိုင်ရေး အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း။

No comments:

Post a Comment