Sunday, May 1, 2016

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် အဆောက်အအုံတစ်ခုပြိုကျ အနည်းဆုံးလူခြောက်ဦးသေဆုံး




The Mirror Daily's photo.


နယူးဒေလီ ဧပြီ ၃ဝ

အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့တွင် အဆောက်အအုံတစ်ခု ယနေ့ပြိုကျခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး ငါးဦးထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိတစ်ဦးကဆိုသည်။

မွန်ဘိုင်းမြို့ ဂရန့်ရုပ်ဘူတာရုံ အနီး ရှိ သုံးထပ်အဆောက်အအုံတစ်လုံး သည် ဧပြီ ၃ဝ ရက် မွန်းလွဲ ၂ နာရီတွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး အဆိုပါ အပျက်အစီးများအောက်မှ လူသေအလောင်း လေးခုကို ကယ်ဆယ်ရေး လုပ်သားများက ဆွဲထုတ်ခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းအဆောက်အအုံတွင် ဘီယာဆိုင်တစ်ဆိုင်နှင့် အလုပ်ရုံတစ်ခုပါရှိကြောင်း သိရသည်။

အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံများသို့ ကယ်ဆယ်ရေးလုပ်သားများက ပို့ဆောင်ပေးခဲ့သည်။ အဆောက်အအုံ အပျက်အစီးများ အောက်တွင် ပိမိနေသောလူအများအပြား ကျန်ရှိနေသည့်အတွက် သေဆုံးသူ အရေအတွက်မှာ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း တီဗွီရုပ်သံလိုင်းများက အဆောက်အအုံပြိုကျမှု၏ အပျက်အစီးများအောက်တွင် ကယ်ဆယ်ရေးလုပ်သားများ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည်ကို ထုတ်လွှင့်ပြသခဲ့ပြီး အခင်းဖြစ်ရာ နေရာသို့ မီးသတ်ကား ရှစ်စီးနှင့် လူနာတင်ယာဉ်သုံးစီး ပို့လွှတ်ထားသည်ဟု သတင်းထုတ်ပြန်ကြေညာ ကြသည်။

အိန္ဒိယနိုင်ငံတွင် အဆောက်အအုံ အများအပြား ပြိုကျပျက်စီးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံ အားနည်း ခြင်းနှင့် လူလတ်တန်းစားများအကြား တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတောင်းဆိုမှု မြင့်တက်လာခြင်းတို့ ကြောင့်ဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြု ပြောကြားကြသည်။
ဆင်ဟွာ။

No comments:

Post a Comment