Sunday, May 1, 2016

ဂျပန်နှင့်တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်း၌ တွေ့ဆုံဆွေးနွေး




The Mirror Daily's photo.


ပေကျင်း ဧပြီ ၃ဝ

ဂျပန်နှင့်တရုတ် နိုင်ငံခြားရေးဝန်ကြီးများသည် ပေကျင်းမြို့ တွင် ယနေ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို သဘောတူညီခဲ့ကြကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်အရသိရသည်။

အဆိုပါအစည်းအဝေးကို သုံးနာရီကြာမြင့်မည်ဟု အစီအစဉ်ရေးဆွဲထားသော်လည်း လေးနာရီခွဲခန့်ကြာမြင့်ခဲ့သည်။

အစည်းအဝေးတွင် နှစ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးဆိုင်ရာဆောင်ရွက်ချက်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအပါအဝင် အဓိကကဏ္ဍ ငါးခုကို အတူတကွပူးပေါင်းဆောင်ရွက် သင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို ပြောကြားခဲ့သည်။ ယင်းကဏ္ဍငါးရပ်ကို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ရန် ဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှု နှင့်ပတ်သက်ပြီး နှစ်နိုင်ငံဝန်ကြီးများက စိုးရိမ်ပူပန်ရကြောင်း အပြန်အလှန်သဘောထားများ ထုတ်ဖော်ခဲ့ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဖြေရှင်းချက်များနှင့်အညီ ပြုံယမ်းအပေါ် ပိတ်ဆို့ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို အတူတကွ ဆက်လက်ဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့ကြသည်။

တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်များတွင် တရုတ်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားမြင့်တက် ဆောင်ရွက်ချက်များကြောင့် တရုတ်နှင့်ဂျပန်နိုင်ငံတို့၏ ဆက်ဆံရေး အေးစက်သွားခဲ့သည်။ ယခုအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးများက အဆိုပါကိစ္စရပ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယခုအစည်းအဝေးသည် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစည်းအဝေးအစပိုင်းတွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ခရီးစဉ်များ ကာလကြာရှည်အောင် သွားရောက်ခြင်းမရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ကို အနည်းငယ်ထိခိုက်စေနိုင်သည်ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ကီရှီဒါကဆိုသည်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အပြန်အလှန်ခရီးစဉ်များ ပြန်လည်စီစဉ်သင့်သည်ဟု ဝန်ကြီးကီရှီဒါကဆက်လက်ပြောကြား ခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကီရှီဒါသည် နိုင်ငံတကာ အစည်းအဝေးပွဲတက်ရောက် ခြင်းအပြင် အခြားသောကိစ္စ ရပ်များဆွေးနွေးရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံသို့ လေးနှစ်ခွဲကာလအတွင်း ပထမဆုံးလာရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment