သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း)
ရန်ကုန် မေ ၂၆
မြန်မာနိုင်ငံ၌ လူငယ်ကျွမ်းကျင်လုပ်သားပညာရှင်များမွေးထုတ်ရန် ဆွစ်ဇာလန်နိုင်ငံ အထောက်အပံ့ဖြင့် သက်မွေးမှု အတတ် ပညာသင်တန်းကျောင်း (CVT -Center for Vocational Training) ကို အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ လာမည့် ၂ဝ၁၇ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားရန် လျာထားဆောင်ရွက်နေကြောင်း ယင်းသက်မွေးသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ကျွန်မတို့ ဒီသင်တန်းကျောင်းကြီး ပြီးစီးသွားရင် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းက ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
ကျွန်မတို့ ဒီကျောင်းမှာ သင်တန်းသား ၁ဝဝဝ ခန့် စာတွေ့၊ လက်တွေ့ တစ်နေရာတည်း မှာသင်ကြားနိုင်မှာ ဖြစ်ပါတယ်'' ဟု CVT Myanmar သက်မွေးသင်တန်းကျောင်းမှCEO ဒေါ်ခင်မြတ်စန္ဒာက ပြောသည်။
အဆိုပါသက်မွေးသင်တန်းကျောင်းကို ၂ဝဝ၂ ခုနှစ်ကတည်းက ဆွစ်ဇာလန်နိုင်ငံ ၏အထောက်အပံ့ဖြင့် သုံးနှစ်သင် သင်တန်းများ ရန်ကုန်မြို့ ကမ်းနားလမ်း မြန်မာ နိုင်ငံ ကြက်ခြေနီရုံးချုပ်အဆောက်အအုံ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခု အခါ သင်တန်းသား ၈ဝဝ နီးပါးမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယင်းသက်မွေးသင်တန်းကျောင်းတွင် စီးပွားရေးအထောက်အကူပြုသင်တန်း (Commercial Assistant) ၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း (Electricia) ၊ ပရိဘောဂပြုလုပ်မှုအတတ်ပညာသင်တန်း(Cabinet Maker)၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း(Hotel & Gastronomy
Assistant) နှင့် သတ္တုပစ္စည်းလုပ်ငန်းအတတ်ပညာသင်တန်း (Metal Worker)တို့ကို သင်ကြားပေးလျက်ရှိသည်။ သင်တန်းများကို နှစ်စဉ်ဇန်နဝါရီမှ မတ်လအတွင်း ခေါ်ယူပြီး မေလတွင် ဖွင့်လှစ်လေ့ရှိကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများသည် အသက် ၁၇နှစ်မှ ၂၅ နှစ်အတွင်း ဖြစ်ရ မည်ဖြစ်ပြီး ပညာအရည်အချင်းအဖြစ် ရှစ်တန်း သို့မဟုတ် ၁ဝ တန်း အဆင့်ရှိသူ များ ဖြစ်ရမည်ဖြစ်ကြောင်း၊ သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် မိမိရောက် လိုသည့် သင်တန်းနှင့် ဆက်စပ်သောလုပ်ငန်း၊ ကုမ္ပဏီများမှ အလုပ်သင် သင်တန်းသား များဖြစ်ကာ စာသင်နှစ် သုံးနှစ်ဖြစ်ကြောင်း သိရသည်။ '' ကျွန်မတို့ သက်မွေးကျောင်း အနေနဲ့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ သူတွေကို ဦးစားပေး သင်ကြားပေးတာဖြစ်ပါတယ်။ တစ်ပတ်တစ်ရက်နှုန်း သီအိုရီပိုင်းသင်ကြားပေးပြီး ကျန်ရက်တွေမှာ မိမိလုပ်ကိုင်နေတဲ့အလုပ်မှာ လက်တွေ့ပိုင်းသင်ကြားရတာ ဖြစ် ပါတယ်။ ဒီစနစ်က အလုပ်သင်ပညာသင်ကြားရေးစနစ်f(Apprenticeship) ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅ဝ လောက်ကတည်းက အောင်မြင်နေတဲ့ စနစ်ဖြစ်ပါတယ် ''ဟု ဒေါ်ခင်မြတ်စန္ဒာက ရှင်းပြသည်။ ယင်း သက်မွေးသင်တန်းသည် အလုပ်သမားဝန်ကြီးဌာနစံသတ်မှတ်ရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်နေပြီး အကျိုးအမြတ်ရယူသည့်သင်တန်းကျောင်းမဟုတ်ကြောင်းနှင့် တက်ရောက်သူသင်တန်းသားများထံမှ အခကြေးငွေ မယူကြောင်း သိရသည်။

No comments:
Post a Comment