Sunday, May 1, 2016

လုပ်ငန်းခွင် ဒီမိုကရေစီ ပြည်သူ့ဂုဏ်ရည်


The Mirror Daily's photo.
ကိုရင်သြ
ကမ္ဘာတစ်ခွင် ဝှဲချီးဆင်ယင်ကျင်းပကြ သည့် မေဒေး(ခေါ်) အလုပ်သမားနေ့ ကျင်းပလုလု အခါသမယ၌ ကမ္ဘောဒီးယားပြည်သူ ပြည်သားတို့၏ ရွှေဘဝင်အစုံကို ကိုင်လှုပ် လိုက်သော သတင်းတစ်ပုဒ်မှာ လူတို့၏ အမှုတော်ကို အသက်ပေးကာ ထမ်းဆောင်သွားသော ဆင်မကြီးတစ်ကောင်အကြောင်းပင်ဖြစ်လေ၏။
ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်း အနီးတစ်ဝိုက်၌ ဆင်စီးလိုသူ ကမ္ဘာလှည့်ခရီးသည်များ အတွက် စီးတော်ယာဉ်အဖြစ် ဝန်ဆောင်ပေးနေသော 'ဆမ်ဘို' အမည်ရှိ ဆင်မကြီး သည် ခြစ်ခြစ်တောက်ပူပြင်းလှသည့် နေ ရောင်ခြည်အောက်တွင် အမောဖောက်ကာ သေဆုံးသွားရရှာသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုလိုက်ရလေသောအခါ လူ့ပယောဂကြောင့် မရှုမလှ သေဆုံး ရသည့် ဆင်မကြီးဘဝကို သနားဂရုဏာ သက်မိပြီးလျှင် အသိဥာဏ်ရှိသော သတ္တဝါအဖြစ် သတ်မှတ်ခံထားရသည့် လူသားတို့ ၏ မလိမ်မိုးမလိမ္မာ လုပ်ရပ်များ၏ ဆိုးရွား ယုတ်မာပုံကို တစိမ့်စိမ့် တွေးတောနေမိ လေသည်။
'ဆမ်ဘို' ဆင်မကြီးသည်ကား အိုမင်း မစွမ်းသည့် ဘက်သို့ တိမ်းညွတ်နေပြီဖြစ် သော အရွယ်၌ရှိနေပြီး အသက် ၄ဝ မှ ၄၅ နှစ်အတွင်း ရှိမည်ဟု ခန့်မှန်းရ၏။
'ဆမ်ဘို' သည် ဧပြီ ၂၂ ရက်က အန်ကောဝပ်ဘုရားကျောင်းတော်အနီး ကမ္ဘာလှည့်ခရီးသည်များကို ကျောပိုးတင် ဆောင်လျက် မိနစ် ၄ဝ ကြာမျှ လမ်း လျှောက်နေစဉ်တွင် ပြင်းထန်လှသော အပူရှိန်ကြောင့် နှလုံးဖောက်ကာ အမောဆို့သေ ဆုံးခဲ့ရရှာလေသည်။
ဆမ်ဘိုသည် အန်ကောဆင်ကုမ္ပဏီတွင်၂ဝဝ၁ ခုနှစ်မှစ၍ အလုပ်လုပ်ကိုင်ပေးခဲ့သည်။ ဆမ်ဘို ရုတ်ချည်းသေဆုံးခဲ့မှု အတွက် ပြည်သူအပေါင်းမှာ မကျေမချမ်း ရေရွတ်ပြောဆိုခဲ့ကြပြီးလျှင် ရက်စက်ကြမ်းကြုတ်ရာရောက်သော နည်းလမ်းဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေရှာဖွေနေ သူများကို ပြစ်တင်ဆုံးမပေးရန် အွန်လိုင်း မှတစ်ဆင့် အစိုးရအဖွဲ့အား တိုက်တွန်း သော ဦးတိုက်လျှောက်ထားလွှာ တစ်စောင်တွင် ပြည်သူ ၂၂၄ဝဝ တို့က ပါဝင်လက် မှတ်ရေးထိုးခဲ့ကြလေသည်။
ဤတွင်ရွေ့ကား လူတို့အတွက် အကျိုး ဆောင်ပေးရသော တိရစ္ဆာန်များ၏ သနား ဂရုဏာသက်ဖွယ်ရာ ဘဝကို ကျွန်ုပ်ဆင် ခြင်နေမိ၏။
အသဥာဏ်ရှိသော လူသားတို့သည် အဟိတ်တိရစ္ဆာန်တို့ကို လိမ္မာယဉ်ကျေးအောင် သင်ကြားပေးပြီးလျှင် စေခိုင်းလာ ခဲ့ကြသည်မှာ ကာလနှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့ပြီဖြစ်၏။ ဆင်၊ မြင်း၊ ကျွဲ၊ နွားစသော သတ္တဝါတို့မှာ လူသားအကျိုးပြု(ဝါ) လူသားမိတ်ဆွေ တိရစ္ဆာန်များဖြစ်ကြ၏။
ကမ္ဘာပေါ်တွင် စက်မှုနည်းပညာရပ်များ တိုးတက်လာခြင်း မရှိမီက ခွန်အားကို အရင်းတည်ရသော လုပ်ငန်းဆောင်တာ များ၌ လူ့ခွန်အားအစား တိရစ္ဆာန်ခွန်အား ကို အစားထိုး၍ လုပ်ဆောင်ခဲ့ကြလေ သည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌လည်း ဆင်၊ မြင်း၊ ကျွဲ၊ နွားများကို လူ့မိတ်ဆွေ တိရစ္ဆာန် များအဖြစ် ယနေ့ကာလတိုင်အောင် အသုံးပြုနေကြရဆဲဖြစ်သည်။ သို့ဖြစ်ပေရကား လူ့မိတ်ဆွေတိရစ္ဆာန်များကို လူ့ကျင့်ဝတ် နှင့်အညီသာလျှင် စေခိုင်းအပ်ရာ၏။ လူ့အခွင့်အရေးများကို တန်ဖိုးထားလေးစား ကြရမည်ဖြစ်သကဲ့သို့ တိရစ္ဆာန်အခွင့်အရေးများကိုလည်း ဥပေက္ခာရှု၍ မထား အပ်ချေ။
တိရစ္ဆာန်ကို စေခိုင်းသည်ဖြစ်စေ၊ လူကို စေခိုင်းသည်ဖြစ်စေ အရေးကြီးလှသည်မှာ ကိုယ်ချင်းစာနာစိတ်နှင့် မေတ္တာတရားတို့ အပေါ် အခြေခံအပ်၏ဟု ကျွန်ုပ်ယူဆမိ ၏။
ကျွန်ုပ်တို့ မြန်မာမှုနယ်ပယ်၌ ကျွဲရိုက်၊ နွားရိုက် ရိုက်သည်ဟု ဆိုရိုးစကားရှိသည်။ ရက်စက်ကြမ်းကြုတ်သူတို့၏ စေခိုင်းမှု အပြုအမူအဖြစ် အများက သြချရလောက် အံ့ပေသည်။
အတွေးအခေါ်မြင့်မားသော လူသားအချို့ကမူ တိရစ္ဆာန်အခွင့်အရေးများကိုပင် အလေးထားသည်။ တိရစ္ဆာန်တို့အပေါ် ပြုမူဆက်ဆံရာတွင် မေတ္တာတရားအပေါ် အခြေခံသည့် အတွေးအခေါ်ကို အားပေး မြှင့်တင်သည်။
အတွေးအခေါ်မြင့်မားသော လူသား ဂုဏ်ရည်အဖြစ် လူ့အခွင့်အရေးများကို လူသားတိုင်း ရရှိခံစားနိုင်ကြပါလျှင် နတ်လူသာဓုခေါ်ကြပေအံ့။ သို့ရာတွင် ကမ္ဘာပေါ်၌ လူ့အခွင့်အရေးရရှိရေး တောင်းပွဲ တိုက်ပွဲများမှာ အသံမစဲရှိနေဆဲဖြစ်၏။ ဖိနှိပ်ခံရသူတို့မှာ မြေနိမ့်ရာလှံစိုက်ခံကြရ ပြီး ဆုံလည်နွားပမာ လူ့ဘဝအဆိုးသံသရာ ထဲ တဝဲလည်လည် လှည့်ကြရတော့သည်။
လူ့အခွင့်အရေးဟူသည်
လူ့အခွင့်အရေးဟူသည်ကား လူတို့၏ မွေးရာပါ အခြေခံအခွင့်အရေးများတည်း။
အသက်ရှင်နေထိုင်ခွင့်၊ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဥပဒေ ရှေ့မှောက် တန်းတူညီမျှဖြစ်ခွင့်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လွတ်လပ် စွာပါဝင်ခွင့်၊ အစားအစာရရှိခွင့်၊ ပညာ သင်ယူခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် စသည့် အခွင့်အရေးများ ဖြစ်လေသည်။
လူ့အခွင့်အရေးဟူသည် ကြောက်ရွံ့ ခြင်းမှ ကင်းဝေးခြင်းနှင့် တောင့်တခြင်းမှ ကင်းဝေးခြင်းဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆို မှုရှိသည်။
လူ့အခွင့်အရေး၏ အဓိပ္ပာယ်မှာ နက်ရှိုင်းလှပြီး လူ့အခွင့်အရေးစံနှုန်းများနှင့် အညီ အလုပ်သမားများ၏ အခွင့်အရေး ကိုလည်း မြှင့်တင်အားပေးရန် လိုအပ်ပေ လိမ့်မည်။
အလုပ်သမားနေ့ အစပြုရာ
ကမ္ဘာ့နိုင်ငံအသီးသီး၌ မေလ ၁ ရက် ကျရောက်ပြီဆိုလျှင် မေဒေး(ခေါ်) အလုပ် သမားနေ့ကို တစ်ခဲနက်ကျင်းပလေ့ရှိသည်။ မေဒေးနေ့တွင် အစိုးရရုံးဌာနများနှင့် ဈေး ဆိုင်ကန္နားများကိုပိတ်၍ အလုပ်သမားများ၏ အင်အားပြပွဲများ၊ စီတန်းလမ်းလျှောက်ပွဲများ၊ လူထုဟောပြောပွဲများ စသည့် အထိမ်းအမှတ်ပွဲများကို ကျင်းပလေ့ရှိကြ လေသည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ အလုပ်သမားနေ့ စာပေဟောပြောပွဲကို ထူးထူးခြားခြား ကျင်းပလာသည်။ မေဒေးနေ့သည် ကမ္ဘာ့အလုပ်သမား လူတန်းစားအတွက် နိုင်ငံရေးသဘောတရားအရ လွန်စွာအရေးပါသော နေ့ကြီးဟူ၍ ဆိုနိုင်လေသည်။
အလုပ်သမား ပစ္စည်းမဲ့လူတန်းစားအား ဖိနှိပ်ချုပ်ချယ်ခဲ့သော အရင်းရှင်စနစ်ကို တော်လှန်၍ အလုပ်သမားတို့၏ ဘဝသစ် တည်ဆောက်ရန် အလုပ်သမားများ သွေး စည်းလိုက်သည့်နေ့အဖြစ် သမိုင်းမော်ကွန်းတင်ရစ်သည်။
မေဒေးနေ့ ပေါ်ပေါက်လာအောင် ဖန်တီးလိုက်သည်ကား အလုပ်ရှင်နှင့် အလုပ် သမားတို့၏ ပဋိပက္ခဖြစ်သည်။ ၁၉ ရာစု ဆန်းစတွင် အမေရိကန်ပြည်ထောင်စု၌ ယင်းပဋိပက္ခ နိဒါန်းပျိုးခဲ့လေသည်။
ထိုခေတ်က အလုပ်သမားများမှာ နေထွက်မှ နေဝင် တစ်နေ့လျှင် ၁၆ နာရီမှ နာရီ ၂ဝ အထိ အလုပ်ရုံ၊ စက်ရုံများတွင် ပင်ပန်းကြီးစွာ အလုပ်ဆင်းကြရသည်။ မည်မျှပင်ပန်းကြီးစွာ လုပ်ကိုင်စေကာမူ သူတို့၏ဘဝမှာ များစွာအောက်ကျ၍ လူစဉ်မမီချေ။ သူတို့၏ နေရေး၊ ထိုင်ရေးနှင့် ကျန်းမာရေးမှာ များစွာအဆင့်အတန်းနိမ့် ကျခဲ့သည်။
ဤကဲ့သို့ အလုပ်သမားတို့၏ ဘဝဆိုးကို မျက်ဝါးထင်ထင် ရင်ဆိုင်ရသော အလုပ် သမားခေါင်းဆောင်များက အလုပ်သမား များ သက်သာချောင်ချိစေရန် အလုပ်ရှင် များထံ အရေးဆိုကြတော့သည်။
၁၈၂ဝ ပြည့်နှစ်မှစ၍ ၁၈၄ဝ ပြည့်နှစ်လောက်အထိ အလုပ်သမားခေါင်းဆောင် များသည် တစ်နေ့လျှင် အလုပ်ချိန် ၁ဝ နာရီသာ ကန့်သတ်ထားရန် တောင်းဆိုကြ သည်။ သို့သော် အလုပ်ရှင်များက အလွယ်တကူ မလိုက်လျောခဲ့ပေ။
အလုပ်ချိန်လျှော့ပေါ့ရေးအတွက် တိုက်ပွဲဝင်သော အလုပ်သမားများ ဖမ်းဆီးနှိပ် ကွပ်ခြင်း ခံရသေးသည်။ အလုပ်သမား အင်အားစုများကလည်း အလျှော့မပေးဘဲ ဆက်လက်ကြိုးပမ်းကြသည်။ ထိုအချိန်မှစ ၍ အလုပ်သမားတို့၏ တိုက်ပွဲသည် အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်နှင့် သြစတြေးလျ တို့အထိ ကူးစက်သွားသည်။
နောက်ဆုံးတွင် အမေရိကန် အလုပ်သမားများအဖွဲ့ချုပ် ညီလာခံ၌ ၁၈၈၆ ခု မေလ ၁ ရက်မှစ၍ တစ်နေ့လျှင် ရှစ်နာရီ သာ အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်၏။ အလုပ်သမားအဖွဲ့ခွဲများသို့လည်း ထိုဆုံး ဖြတ်ချက်အတိုင်း အောင်မြင်သည်အထိ တိုက်ပွဲဝင်ကြရန် ညွှန်ကြားချက်များ ပေးပို့ လေသည်။
အလုပ်သမားပေါင်း များစွာတို့သည် ဤ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ကြရာတစ်ဖက်မှ အစွမ်းကုန်ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရသည်။ အချို့မှာ အလုပ်မှ ထုတ်ပစ်ခြင်း ခံရသည်။ အချို့မှာ ထောင်ကျ၍ သေကြေပျက်စီးသူများလည်း မနည်းချေ။ နောက်ဆုံးတွင် အလုပ်သမားများ၏ အရေးမှာ အောင်မြင်သွားလေသည်။
၁၈၈၉ ခုနှစ် ပါရီမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်တို့၏ ဒုတိယညီလာခံက မေလ ၁ ရက်ကို ကမ္ဘာ့ အလုပ်သမားနေ့ဟု သတ်မှတ်ပေးလိုက် သည်။
အဆိုပါဆုံးဖြတ်ချက်အရ နှစ်စဉ် မေလ ၁ ရက်နေ့ရောက်တိုင်း အလုပ်သမားခေါင်း ဆောင်အသီးသီးတို့က အလုပ်သမားရေး ရာများကို ဟောပြောခြင်း၊ စီတန်းလှည့် လည်ခြင်းစသည့် အထိမ်းအမှတ်ပွဲများကို ကျင်းပကြသည်။
လုပ်ငန်းခွင် ဒီမိုကရေစီ
လူ့ယဉ်ကျေးမှု မြင့်မားတိုးတက်လာခြင်း နှင့်အတူ ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းခွင်များ ၌ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားလာ ရေးအတွက် ဦးတည်ရှေးရှုလျက်ရှိကြသည် ဟု ကျွန်ုပ်တွေးတောမိ၏။
လုပ်ငန်းခွင် ဒီမိုကရေစီဟူသည်ကား လုပ်ငန်းခွင် အသိုက်အဝန်းအတွင်း ဒီမိုကရေစီစံနှုန်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြခြင်းကို ဆိုလိုပေသည်။
လုပ်ငန်းခွင် ဒီမိုကရေစီနှင့် အတူယှဉ် တွဲတွေ့မြင်နိုင်သည်ကား အလုပ်သမား သမဂ္ဂများဖြစ်ကြသည်။ အလုပ်သမားသမဂ္ဂသည် အလုပ်သမားများ၏ အစည်း အရုံးဖြစ်ပြီးလျှင် ဒီမိုကရေစီ ပုံစံတကျ ဖွဲ့စည်းကြလေ့ရှိသည်။ အလုပ်သမားခေါင်းဆောင်ကို အလုပ်သမားထုက မဲပေးရွေးချယ်ခြင်းမှာ ဒီမိုကရေစီ၏ ပြယုဂ်တစ် ရပ်ဖြစ်လေသည်။
သို့ရာတွင် အလုပ်သမားသမဂ္ဂ မရှိသ ဖြင့် ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဆောင် ရွက်နိုင်ခြင်းမရှိသော လုပ်ငန်းခွင်များရှိနေ သည်လည်းရှိ၏။ အလုပ်သမား သမဂ္ဂရှိပါ လျက် ဒီမိုကရေစီ နည်းလမ်းနှင့်အညီ အငြင်းပွားမှုများကို ဖြေရှင်းနိုင်ခြင်းမရှိ သော လုပ်ငန်းခွင်များလည်း ရှိနေသည် လည်းရှိ၏။
စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ၌ လုပ်ငန်းခွင် ဒီမိုကရေစီ ထွန်းကားလျက်ရှိသည်ကို တွေ့မြင်ရလေသည်။ စက်ရုံ၊ အလုပ်ရုံများ ၌ လုပ်ငန်းခွင် ဒီမိုကရေစီကို အားပေးမြှင့် တင်နေကြသလို ကုမ္ပဏီများ၌လည်း လုပ်ငန်းခွင်ဒီမိုကရေစီ ရှင်သန်လာစေရန် ဦးတည်ရွေ့လျားနေကြလေပြီ။
လုပ်ငန်းခွင် ဒီမိုကရေစီသည် အလုပ် သမားတစ်ဦးချင်းစီ၏ ဆန္ဒကို ဖော်ထုတ် ခွင့်ပေးနိုင်သည်။ အလုပ်ရှင်နှင့် အလုပ် သမားများအကြား အပြန်အလှန် ထိန်းကျောင်းမှုရှိသည်။ အလုပ်သမားများနှင့် အလုပ်သမားခေါင်းဆောင်တို့အကြား ညှိနှိုင်းတိုင်ပင် လုပ်ကိုင်နိုင်ကြသည်။ အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများအတွက် တစ်ညီတစ်ညာတည်း တောင်းဆိုနိုင်ကြသည်။
အလုပ်သမားများကိုယ်တိုင် စေခိုင်းခံရမှုကြောင့် အလုပ်လုပ်ကြရပုံမျိုးမဟုတ်ဘဲ အသိစိတ်ဓာတ်၏ စေ့ဆော်နှိုးထမှုအရ အလုပ်ကို ပိုမိုကြိုးစားလုပ်ကိုင်လာကြစေ ရန် လုပ်ငန်းခွင် ဒီမိုကရေစီက မြှင့်တင်အား ပေးလေသည်။
အလုပ်သမားများ၏ တီထွင်ကြံဆလိုမှုကို လုပ်ငန်းခွင် ဒီမိုကရေစီက ဖန်တီးပေး ထားသည်။ ရာထူးအဆင့်အတန်း မခွဲခြားဘဲ မိမိအဖွဲ့အစည်းအတွက် ကျရာတာဝန်ကို အားကြိုးမာန်တက် ဂုဏ်ယူဝင့်ကြွားစွာ ထမ်းရွက်လိုစိတ်ဖြစ်ပေါ်စေရန် လုပ်ငန်း ခွင် ဒီမိုကရေစီက အားပေးမြှင့်တင်လေသည်။
မိမိ၏အဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကျရာကဏ္ဍမှနေ၍တာဝန်ထမ်းရွက်ရေးမှာ အလုပ်သမားတိုင်းအတွက် ခံယူချက်ဖြစ်သင့်လှပေသည်။ ရာထူးအဆင့်အတန်းကို ပဓာနပြုကာ လက်အောက်ငယ်သားများအပေါ် ချိုးနှိမ်ဆက် ဆံပါက စိတ်ဝမ်းကွဲတတ်မှုသာ အကျိုးရ လဒ်တင်နိုင်လေသည်။ သို့ဖြစ်ရကားရာထူးထက် တာဝန်က ပိုမိုအရေးကြီးသည်ဟု ခံယူကြခြင်းမှာ လုပ်ငန်းခွင် ဒီမိုကရေစီ၏ စံနှုန်းတစ်ရပ်ကို ဖြည့်ဆည်းခြင်းအဖြစ် မှတ်ယူအပ်သည်။
လုပ်ငန်းခွင်အတွင်း မဲပေးရွေးချယ်ခြင်း၊ ဆန္ဒခံယူပွဲ ပြုလုပ်ခြင်း၊ အချေအတင် ဆွေးနွေးပွဲပြုလုပ်ခြင်း စသည်တို့မှာ လုပ်ငန်းခွင်ဒီမိုကရေစီ ကျင့်စဉ်များဖြစ်ကြသည်။
စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပါဝင်လုပ်ကိုင်နေသော လုပ်သားများအနေဖြင့် ၎င်းတို့လုပ်ကိုင်ရာ စီးပွားရေးလုပ်ငန်း၌ အစု ရှယ်ယာပါဝင်ခွင့်ရခြင်းဖြင့် မိမိလုပ်ငန်း အဖြစ် ပိုမိုကြိုးပမ်းကြပေလိမ့်မည်။ မိမိ ကျင်လည်ရသည့် လုပ်ငန်းတွင် အလုပ် သမားများ ကိုယ်တိုင် စီမံခန့်ခွဲရေးလုပ်ငန်း စဉ်တွင် ပါဝင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ပေးခြင်းမှာ လည်း လုပ်ငန်းခွင် ဒီမိုကရေစီဖြစ်လေ သည်။
လုပ်ငန်းခွင် ဒီမိုကရေစီမြင့်မားခြင်း သည် ပြည်သူတို့၏ သာယာရွှေပြည် နိုင်ငံတော်ထူထောင်ရေးတွင် အရေးကြီးလှပေရာ ''လုပ်ငန်းခွင် ဒီမိုကရေစီ ပြည်သူ့ ဂုဏ်ရည်'' ဟု ကျွန်ုပ် ကျူးရင့်မိပါ သတည်း ။ ။

No comments:

Post a Comment