Sunday, May 29, 2016

အပွားမြန်သောဗေဒါပင်များကြောင့် ရေကြောင်းသွားလာမှုအခက်အခဲဖြစ်


The Mirror Daily's photo.
သတင်း-ဇာဏီ၊ ဓာတ်ပုံ-ဝင်းကြိုင်(ပြန်/ဆက်)
မိုးတစ်ဖြိုက် နှစ်ဖြိုက်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့ ဒါးကမြစ်အတွင်း ဗေဒါပင်များ ပွားများလာပြီး အနီးအနား ကျေးရွာများမှ ဈေးဝယ်လာကြသော စက်လှေများမှာ သွားလာရေးအခက် အခဲဖြစ်နေကြောင်း သိရသည်။
မေ ၂၈ ရက် နံနက်ပိုင်းက ခရီးသည်တင် စက်လှေ နှစ်စင်းမှာ ဒါးကမြစ်အတွင်း စက်ကုန်ဖွင့်မောင်းနေကြ သော်လည်း မရွေ့နိုင်ဖြစ်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။ ဈေးဝယ်လာကြသော ခရီးသည်များနှင့် စက်လှေမောင်းသူများမှာ စိတ်အနှောင့်အယှက်ဖြစ်ကာ အခက်အခဲဖြစ်ကြကြောင်း၊ မိုးကာလ၏ဒုက္ခတစ်မျိုးဟု ဆိုနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။
ခရီးဆက်ပါ မဗေဒါ၊ ကိုယ့်ခရီးကို ကိုယ်ဆက်ပါ၊ ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ စသည်ဖြင့် ဗေဒါစာချိုး၊ ဗေဒါကဗျာတို့ကို စာဆိုတို့က ရေးဖွဲ့ခဲ့ကြသည်။ ထင်ရှား သော ကဗျာမှာ
ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာဖြစ်သည်။ ဆရာ ဇော်ဂျီကား ဖျာပုံနှင့်ရန်ကုန်အကြား မြစ်တစ်လျှောက် တွင် တွေ့မြင်ခဲ့ရသော ဗေဒါပင်တို့အပေါ် ခံစား၍ ရေးဖွဲ့ခဲ့ဟန်တူသည်။ ဆရာဇော်ဂျီရေးဖွဲ့ခဲ့သော ဗေဒါမှာ ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်းဖြစ်နေသည့်ဘဝ၊ အခက်အခဲ အကျပ် အတည်းကြားတွင် မဗေဒါက တစ်ပင်တည်းရုန်းကန် လှုပ်ရှားရသော ဘဝကို ဗေဒါပင်နှင့် တင်စားထား ခြင်းဖြစ်သည်။ ယခုခေတ်သစ်ဗေဒါများမှာ ထိုသို့ မဟုတ်ချေ။ အလွန်ပွားလွယ်သော ဗေဒါပင်များ မှာ အင်အားကောင်းနေပြီး လူတို့ပင်အခက်အခဲ ဖြစ်လာရသည်။ သရေခေတ္တရာခေတ်က သောင်စပ် တွင် ရေခပ်သော ဗေဒါ ဗေဒါ နင့်ဘူးကို ဘယ်သူ ချဲ့ပြောဟဲ့ ဗေဒါ မိဗေဒါကိုလည်း မှတ်သားဖူးသည်။ လူမှုဘဝနယ်ပယ်တွင် ဗေဒါပင်အကြောင်း ဖွဲ့ဆို သော စာပေများမှာ များစွာရှိခဲ့သည်။
မျက်မှောက်ကာလ ဗေဒါများမှာမူ အင်း၊ အိုင်၊ ချောင်း၊ မြောင်းနှင့် လူအပေါင်းတို့အား စိုးမိုးအနိုင် ယူနေပြီ။ ဗေဒါပင်မှာ မြန်မာနိုင်ငံ၏မျိုးရင်းအပင် မဟုတ်ချေ။ မြန်မာနိုင်ငံသို့ ဗေဒါပင်ရောက်လာ သည်မှာ အချိန်ကာလတစ်ခုကဖြစ်သည်။ ရောက် လာစက ထိုအပင်ကို ပြည်ကြီးပန်းဟုခေါ်သည်ဟု မှတ်သားဖူးသည်။ တရုတ်အမျိုးသားတစ်ဦးက အလှစိုက်ရန် ယူလာခြင်းဖြစ်သည်ဟု မှတ်သားဖူး သည်။ နိုင်ငံရပ်ခြားမှ ရောက်လာပြီးနောက် မြစ်ပြင် တစ်လျှောက်တွင် ပေါက်ပွားလာသည်ကို မြင်တွေ့ ရသောအချိန်တွင် သရေခေတ္တရာမှ မဗေဒါ၏ ရေဘူးနှင့်တူသော အဖူးပါသဖြင့် ဗေဒါပင်ဟု ခေါ်ဝေါ်လိုက်ခြင်းဖြစ်မည်ဟု ယူဆရသည်။ ဗေဒါပင် ၏ မူရင်းဇာတိမှာ တောင်အမေရိကမှဖြစ်သည်။
ဗေဒါပင်သည် ယခုအခါ ရေရှိသောနေရာတွင် တစ်ပင်ရောက်သည်နှင့် ရေပြင်ပြည့် ပွားများ တော့သည်။ မြစ်ဝကျွန်းပေါ်တွင်လည်းပေါက်သည်။ အညာဒေသတွင်လည်းပေါက်သည်။ ရှမ်းပြည်နယ် တွင်လည်းပေါက်သည်။ မည်သည့်အရပ်၊ မည်သည့် ရာသီမဆို အပေါက်အရောက်မြန်သည်။ မန္တလေး ကျွဲဆည်ကန်အတွင်း ဗေဒါပင်များပြည့်နေသည်ကို မြင်ဖူးသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသ တွင် ခြောက်သွေ့ရာသီရောက်ရှိလာလျှင် ဘီလူး ချောင်းမှ ရေဝင်နည်းလာသဖြင့် ကန်ရေမျက်နှာပြင် နိမ့်ကျလာသည်။ အင်းလေးကန်မြောက်ဘက် ဒေသအခေါ် မြောက်အင်းဘက်ရှိ ကျေးရွာများ တစ်ဝိုက်တွင် ဗေဒါပင်များ ဘီလူးချောင်းအတွင်း ရောက်သွားပြီး ပိတ်ဆို့လေ့ရှိသည်။ တုန်ဟုန်း တံတားအောက်မှ ဖြတ်သန်းသွားလာနေသော စက်လှေများထံမှ အလှူခံကာ ရရှိငွေဖြင့် ဗေဒါပင် များဆယ်ယူခြင်းလုပ်ငန်း လုပ်ဆောင်ကြသော်လည်း ဗေဒါပင်ပိတ်ဆို့မှုမှာလျော့မကျဘဲ ပိုမိုတိုးပွားလာ ကြောင်း ဒေသခံတို့ကပြောသည်။ စံကား၊ အင်းတန်း စသည့် ကျေးရွာအုပ်စုများတွင် ဗေဒါပင် များ ကိုယ်ထူကိုယ်ထဆယ်ယူခြင်းကို ရှေးယခင်က ထက် ပိုမိုပြုလုပ်နေရကြောင်း ဒေသခံရွာသားများက ပြောသည်။
ဗေဒါပင်များအား မြစ်၊ ချောင်း၊ အင်း၊ အိုင်များမှာ တစ်ပင်စ၊ နှစ်ပင်စတွေ့စက မည်သူမျှ ဂရုမပြုမိကြချေ။ တစ်စတစ်စနှင့် နှစ်အတော်ကြာ လာသောအခါ ထိန်းမနိုင်သိမ်းမရ များပြားလာပြီး ရှင်းမရလင်းမရဖြစ်ကာ အင်း၊ အိုင်၊ ချောင်း၊ မြောင်း များ ပျက်စီးခြင်း၊ လူတို့သွားလာမှုခက်ခဲခြင်းတို့ကို သတိပြုရမည်ဖြစ်ပြီး ပွားများလွယ်သော ဗေဒါပင် များကို လူတို့အတွက်အကျိုးရှိအောင် မည်သို့ အသုံးချရမည်ကို လေ့လာရမည်ဖြစ်သည်။

No comments:

Post a Comment