Sunday, May 29, 2016

၂၁ ရာစု ပင်လုံညီလာခံ



မေလ ၂၇ ရက်နေ့က နေပြည်တော်ရှိ HORIZON LAKE VIEW RESORTS ၌ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံဆိုင်ရာ အခြေခံမူများကို ရှင်းလင်းချမှတ်ခဲ့ပါသည်။ ၂၁ ရာစု ပင်လုံညီလာခံ၏ အခြေခံမူများကို တင်ပြဆွေးနွေးရာ၌ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ သည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အမည်ကွဲဖြစ်ပြီး တစ်ခုတည်းသော ညီလာခံကို အမည်နှစ်မျိုးဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိသော်လည်း ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး တက်ရောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တက်ရောက်သော ၂၁ ရာစုပင်လုံညီလာခံသည် နိုင်ငံတော်၏ အနာဂတ်ငြိမ်းချမ်းရေးအတွက် အားတက်စရာခြေလှမ်းဖြစ်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်ရေးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံညီလာခံဆိုင်ရာ ပထမအခြေခံမူဟု ပြောနိုင်သကဲ့သို့ ဒုတိယအခြေခံမူသည် ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ဘောင်အတွင်းမှ ပြုပြင်ပြောင်းလဲရေးဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ပြောင်းလဲသင့် ပြောင်းလဲထိုက်သည့် ကိစ္စရပ်များကို ပြုပြင်ပြောင်းလဲရမည်ဟူသော သဘောထားသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်အဆက်ဆုပ်ကိုင်ခဲ့သော သဘောထားဖြစ်ပြီး ရွေးကောက်ပွဲအောင်ပွဲရမှ ထွက်ပေါ်လာသော သဘောထားမဟုတ်သည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်ထားထောက်ပြခဲ့ပါသည်။ ပြုပြင်ပြောင်းလဲသင့်သည့်ကိစ္စရပ်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဘောင်အတွင်းက ပြုပြင်ပြောင်းလဲရေးဆိုသော အခြေခံမူကိုသုံးသပ်ပါက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အပြန်အလှန်ညှိနှိုင်းရယူခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို အသိအမှတ်ပြု ဆက်လက်သယ်ဆောင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤအစည်းအဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၁ ရာစု ပင်လုံညီလာခံ၌ ပါဝင်ဆွေးနွေးခွင့်ရှိသည့် နိုင်ငံရေးပါတီများရွေးချယ် သက်မှတ်ရေးမူကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်တင်ပြခဲ့သော ရွေးချယ်ရေးမူအရ ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဆွေးနွေးမည့် နိုင်ငံရေးပါတီများသည် အနိမ့်ဆုံးသက်ဆိုင်ရာပါတီကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးသည် လွှတ်တော်တစ်ရပ်ရပ်၌ ရှိရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ချမှတ်ခဲ့သော ရွေးချယ်ရေးမူ၏ နိုင်ငံရေးအနှစ်သာရ အဓိပ္ပာယ်မှာ ပြည်သူလူထုက ကိုယ်စားပြုဆောင်ရွက်ရန် တာဝန်ပေးအပ်ခံရသည့် နိုင်ငံရေးပါတီများသာ ၂၁ ရာစု ပင်လုံညီလာခံ၌ တက်ရောက်ဆွေးနွေးခွင့်ပြုမည်ဆိုသော သဘောဖြစ်ပါသည်။ ဤသဘော ဤမူသည် ဒီမိုကရေစီသဘော ဒီမိုကရေစီမူပင်ဖြစ်၍ ၂၁ ရာစု ပင်လုံညီလာခံ၏ ဂုဏ်ဒြပ်နှင့် လိုက်ဖက်ညီညွတ်မှုရှိပါ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံဆိုင်ရာလူမှုအဖွဲ့အစည်းများ (CSO)၏ အခန်းကဏ္ဍအပေါ် အလေးအနက်ထားဆွေးနွေးခဲ့သည်ကိုလည်း တွေ့ရသည်။ တိုင်းပြည်၏ အသွင်ကူးပြောင်းရေးကာလ၌ ပြည်သူလူထု၏လိုအပ်ချက်များ ကူညီဖြည့်ဆည်းပေးရန် အမျိုးမျိုးသော ဦးတည်ချက်များဖြင့် ဆောင်ရွက်နေကြသည်။ လူမှုအဖွဲ့အစည်းများ (CSO)အများအပြားရှိနေသည်ကို ထောက်ပြ လျက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ၌ လူမှုအဖွဲ့အစည်းများ (ဃှဥ)များအား တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ပြုမည်မဟုတ်ကြောင်း တင်ပြခဲ့သည်။ ဤအချက်ကိုကြည့်၍ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၁ ရာစု ပင်လုံညီလာခံ၌ လူမှုအဖွဲ့အစည်းများ (CSO)၏ အခန်းကဏ္ဍကိုလျစ်လျူရှုထားသည်ဟု မသတ်မှတ်နိုင်ပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစု ပင်လုံညီလာခံနှင့်မျဉ်းပြိုင်သဘောရပ်တည်မည့် လူမှုအဖွဲ့အစည်းများ (CSO) ဖိုရမ် ကျင်းပသွားမည် ဆိုသောမူကို ချမှတ်ထားသောကြောင့်ဖြစ်ပါသည်။ ၂၁ ရာစု ပင်လုံညီလာခံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ ချောမော စေရန် ရွေးချယ်ခံ နိုင်ငံရေးပါတီများကိုသာ တက်ရောက်ဆွေးနွေးခွင့်ပြုထားသော်လည်း ရွေးချယ်မခံရသော နိုင်ငံရေးပါတီများနှင့် ၂၁ ရာစု ပင်လုံညီလာခံလုပ်ငန်းစဉ်များကြား တစ်စုံတစ်ရာဆက်စပ်မှု ရှိသင့်သည်ဟူသော မူကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆုပ်ကိုင်ထားပါသည်။ ဤအချက်များအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားသည် ရွေးချယ်မခံရသော နိုင်ငံရေးပါတီ များအပါအဝင် လူမှုအဖွဲ့အစည်းများ (CSO) ပါဝင်သည့် ဖိုရမ်တစ်ခုကို ၂၁ ရာစုပင်လုံညီလာခံနှင့် မျဉ်းပြိုင် သဘောကျင်းပရေးဟု မှတ်ယူရပါသည်။ အထက်ပါ မူဝါဒသဘောထားများနှင့်အညီ ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံလုပ်ငန်းစဉ်များ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီကို ဖြစ်ပေါ်လာသော နိုင်ငံရေးအပြောင်းအလဲများနှင့်အညီ ပြင်ဆင်ပြောင်းလဲမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဤသို့သော ပြင်ဆင်ပြောင်းလဲမှုများကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင်များ၏ သဘောထားကိုရယူပြီး ဆောင်ရွက်မည်ဖြစ်သော ကြောင့် စုစည်းပေါင်းစည်းမှုအားကို ရယူနိုင်မည်ဖြစ်ပါသည်။ ဤစုစည်းပေါင်းစည်းမှုအားဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံကို အောင်မြင်စွာကျင်းပနိုင်မည်ဟု ယုံကြည်မျှော်လင့်ရပါသည်။ ။

No comments:

Post a Comment