Monday, May 2, 2016

အစိုးရသစ်နှင့်ပြည်သူများအား ဂုဏ်ပြုခြင်းအထိမ်းအမှတ် ရေဆေးပန်းချီပြပွဲကျင်းပ

The Mirror Daily's photo.
မန္တလေး မေ ၁
သမ္မတဦးထင်ကျော်နှင့် အစိုးရအဖွဲ့အားကြိုဆို၍ မဲပေး ရွေးချယ်ခဲ့ကြသည့်ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို ဂုဏ်ပြုသောအားဖြင့် ရေဆေးပန်းချီပြပွဲကို ဧပြီ ၃ဝ ရက် က မန္တလေးမြို့ ကုသိုလ်တော်ပန်းချီပြခန်း၌ ကျင်းပခဲ့သည်။
အဆိုပါပန်းချီပြပွဲကို မြန်မာနိုင်ငံရေဆေးပန်းချီ အသင်း (MWS)က ပြုလုပ်၍ ပန်းချီဆရာ ၃ဝ ကျော် တို့က တစ်ဦးလျှင် ပန်းချီကားသုံးကားနှုန်းဖြင့် ပန်းချီ ကားပေါင်း ၁ဝ၂ ကားကို ခင်းကျင်းပြသထားကြောင်း အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်း(သစ်ထွင်း)က ပြောသည်။
''ဒီပန်းချီပြပွဲမှာ အရင်ပြပွဲတွေလိုမဟုတ်ဘဲ ရှုခင်းပုံ တွေကိုလျှော့ပြီး နိုင်ငံရေးပုဂ္ဂိုလ်ကြီးတွေနဲ့ အစိုးရသစ်အဖွဲ့ ရဲ့ပုံတူပန်းချီကားတွေကို အဓိကရေးဆွဲပြီး ပြသထားပါ တယ်။ ကျွန်တော်တို့ တတ်ကျွမ်းတဲ့ပညာနဲ့ အစိုးရသစ် နဲ့ ပြည်သူတွေကို ဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။
ပန်းချီပြပွဲတွင် မန္တလေး၊ ပုဂံ၊ ပြင်ဦးလွင်မှ ပန်းချီ ဆရာများ စုပေါင်းပါဝင်ရေးဆွဲထားကြပြီး သခင်ကိုယ် တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ နာယကဦးတင်ဦး၊ သတင်းစာဆရာ ဟံသာဝတီဦးဝင်းတင်၊ သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကျော်သူ၊ မင်းကိုနိုင်၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့်လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးတို့၏ ပုံတူပန်းချီကားပေါင်း ၆၂ ကားနှင့် မန္တလေး ရှုခင်းပုံပန်းချီကား ၄ဝ တို့ကို ပြသထားပြီး အရွယ်အစား အနေဖြင့် (၃ဝ x ၄ဝ) လက်မ၊ (၁၅x ၂ဝ) လက်မနှင့် (၁၁x ၁၄) လက်မ အရွယ်ကိုယ်တစ်ပိုင်းပုံများကိုသာ ရေးဆွဲပြသထားသည်။
ပန်းချီပညာ၏ ခံစားမှုရသကို လက်ရှိမျိုးဆက်သစ် လူငယ်များ တန်ဖိုးထားလေးစား၍ ပန်းချီပြပွဲများသို့ လာရောက်လေ့လာကြည့်ရှုကြစေရန် လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရေဆေးပန်းချီအသင်း အတွင်းရေးမှူး ဦးမာလာက ပြောသည်။
''ကျွန်တော်တို့ ပြည်သူတွေက ပန်းချီပြပွဲတွေကို လာရောက်လေ့လာမှု အားနည်းတယ်။ ဖိတ်မှလာတတ်တဲ့ အကျင့်တွေဖြစ်နေတယ်။ မိဘတွေကလည်း သားသမီးတွေ ကို ဒီလိုပြပွဲတွေကိုခေါ်လာပြီး ပြသပေးသင့်တယ်။ ဒီလို အကျင့်လုပ်ပေးမှ သူတို့တွေပန်းချီပြပွဲတွေကို ဝင်ရောက် လေ့လာကြည့်ရှုသင့်တယ်ဆိုတာ သိသွားကြမှာပါ။ နိုင်ငံ တကာပန်းချီဆရာတွေကလည်း ကျွန်တော်တို့ ပန်းချီပညာ ကို လာရောက်လေ့လာချင်ပေမယ့် သူတို့ကိုဖိတ်ခေါ်မယ့် အသင်းအဖွဲ့မရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ မန္တလေး က ဒီအသင်းကို ပထမဆုံးဖွဲ့စည်းပြီး နိုင်ငံတကာပန်းချီ ဆရာတွေကို ဖိတ်ခေါ်သွားမှာပါ'' ဟု ၄င်းကဆိုသည်။
အဆိုပါပန်းချီပြပွဲကို ဧပြီ ၃ဝ ရက်မှ မေ၂ ရက် အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ခင်းကျင်း ပြသလျက်ရှိပြီး အမှတ်တရဝယ်ယူသိမ်းဆည်းလိုပါက ပန်းချီကားအရွယ်အစားအလိုက် ငွေကျပ်တစ်သိန်းခွဲမှ ၁၅သိန်း အထိရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment