Monday, May 2, 2016

ကျောက်ပန်းတောင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်


The Mirror Daily's photo.
ကျောက်ပန်းတောင်း မေ ၁
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ဧပြီ ၃ဝ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က အနောက် မြောက်ဘက်မှ ရုတ်တရက် လေပြင်းများ တိုက်ခတ်မှု ကြောင့် ကျောက်ပန်းတောင်း- ရေနံချောင်း သွား ကားလမ်းပေါ်တွင် သစ်ပင်အချို့ပြိုလဲ၍ ခေတ္တလမ်း ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအချို့တွင်လည်း လူနေအိမ်များ အမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ပန်းတောင်း-ရေနံချောင်းသွားကားလမ်းရှိ မိုင်တိုင်(၃၉၁/၁)တွင် မဲဇလီပင်တစ်ပင်နှင့် မိုင်တိုင် (၃၉၂/၃)တွင် ထနောင်းပင်တစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရာ ဖြစ်ပွားရာနေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ရဲကျော်စွာအောင်ကျော်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူငယ်ကွန်ရက်အဖွဲ့ဝင်များ စုစုပေါင်း အင်အား ၂၅ ဦးဖြင့် သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် လမ်းပိတ်ဆို့နေမှုကို ဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်စစ်ကန် ကျေးရွာအုပ်စု ကျောက်စစ်ကန်ကျေးရွာတွင် လူနေအိမ် ၂၁ လုံး၊ လင်းယောစမ်းကျေးရွာတွင် လူနေအိမ် ၂၇ လုံး၊ အရှေ့အင်တိုင်းကျေးရွာအုပ်စု အရှေ့အင်တိုင်းကျေးရွာ တွင် လူနေအိမ်ခြောက်လုံး၊ အနောက်အင်တိုင်းကျေးရွာတွင် ဘုန်းတော်ကြီးနားနေဆောင် တစ်ဆောင်နှင့် လူနေအိမ် ငါးလုံး၊ ဆုံရွာကျေးရွာအုပ်စု ကြောင်ဒူးကျေးရွာတွင် လူနေ အိမ်ရှစ်လုံး၊ ရိုးခြားကျေးရွာတွင် လူနေအိမ်တစ်လုံးနှင့် ဒဝါးကျေးရွာအုပ်စု ဒဝါးကျေးရွာတွင် လူနေအိမ်ငါးလုံး စုစုပေါင်းလူနေအိမ် ၇၃ လုံးနှင့် ဘုန်းတော်ကြီးနား နေဆောင်တစ်ဆောင်တို့၏ အမိုးများလန်ကာပျက်စီးသွားခဲ့ ကြောင်း သိရသည်။
အဆိုပါကျေးရွာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူငယ် ကွန်ရက်အဖွဲ့ဝင်များ သွားရောက်ခဲ့ကြပြီး လတ်တလော နေထိုင်ရေးနှင့်လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)

No comments:

Post a Comment