Sunday, May 1, 2016

မြည်မာပြည်အလွတ်တန်းချန်ပီယံသုံးဦးနှင့်ရွှေခါးပတ်ချန်ပီယံ အမြောက်အမြားကိုမွေးထုတ်ပေးခဲ့သည့် သတ္တိကလပ်

သတင်းဆောင်းပါး-မောင်စိန်လွင်(မြန်မာ့အလင်း)၊ဓာတ်ပုံ-မင်းထက်

မြန်မာ့ရိုးရာလက်ဝှေ့ အားကစားလောကတွင် မှေးမှိန် ပျောက်ပျက်သွားခြင်းမရှိဘဲ ကလပ်တစ်ခုအသွင် တည်တည်တံ့တံ့ သက်တော်ရှည် ရပ်တည်လာခဲ့သည် မှာ သတ္တိကလပ်ပင်ဖြစ်သည်။ ယနေ့ ရိုးရာ လက်ဝှေ့လောကတွင် သတ္တိကလပ်ဟု ကြားလိုက်သည် နှင့် ရိုးရာလက်ဝှေ့ကို ငယ်စဉ်ကတည်းက ဝါသနာ အရင်းခံ မျိုးစေ့ထောင်စိုက်ပျိုးခဲ့သည့် ဆရာဦးဝင်းဇင်ဦး (ယခုလက်ရှိ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ)ကို ပြေးမြင်မိပေလိမ့်မည်။ အကြောင်း မှာ ငယ်စဉ်ကတည်းက ကလပ်နာမည်ဟူ၍ ထုတ်ဖော်ပြသခြင်းမရှိဘဲ မြန်မာအလွတ်တန်း ချန်ပီယံများ၊ ရွှေခါးပတ်ချန်ပီယံများကို မွေးထုတ် ပေးခဲ့သည့်အပြင် ယနေ့ ကမ္ဘာ့အလယ်တွင် မြန်မာ့ ရိုးရာလက်ဝှေ့ စိမ့်ဝင်ထိုးဖောက်ရေးအတွက် အရှိန် အဟုန်မြှင့် လုပ်ဆောင်နေသောသူများထဲတွင် သတ္တိ ကလပ်သည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နေခြင်း ကြောင့်ပင် ဖြစ်သည်။
သတ္တိကလပ်သည် မြန်မာ့ရိုးရာ လက်ဝှေ့အားကစား ကို ခိုင်မြဲတည်တံ့စေရန် ဇွဲမာန်အပြည့်နှင့် ရပ်တည် နေသော ကလပ်တစ်ခုဆိုလျှင် မှားမည်မဟုတ်။ ငွေကြေးခိုင်မာတောင့်တင်း၍လည်းမဟုတ်။ ကြွယ်ဝ ချမ်းသာ၍လည်းမဟုတ်။ ဝါသနာကို အရင်းခံကာ ရိုးရာအားကစားတစ်ရပ်ကို ရေရှည်တည်တံ့နိုင်ရေးနှင့် တစ်နေ့ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူထည်ဝါစွာရပ်တည် နိုင်သည့် အားကစားဖြစ်ရေးအတွက် ယုံကြည်ချက်ဖြင့် မဆုတ်မနစ်သော ဇွဲလုံ့လအရင်းခံကာ လျှောက်လှမ်း နေခြင်းဖြစ်သည်။ 

''ကျွန်တော်က ငယ်စဉ် ၁၇ နှစ်၊ ၁၈ နှစ်လောက် ကတည်းက ဒီရိုးရာလက်ဝှေ့ကို ဝါသနာပါခဲ့တာ ပါ။ အဲဒီတုန်းက ရိုးရာလက်ဝှေ့ အားကစားပွဲတိုင်း လိုက်ကြည့်ဖြစ်ခဲ့တယ်။ ဆရာတွေဆီ သွားတယ်။ တပည့်ခံလေ့ကျင့်ခဲ့တယ်။ ဝါသနာပိုးပါပြီး တစ်ပွဲမှ တော့ မထိုးဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းက ဒီရိုးရာလက်ဝှေ့ အားကစားကို လူမိုက်ပညာ၊ လူမိုက်အားကစားလို့ အများစုက ယုံကြည်ခဲ့တာ။ ယနေ့ခေတ်လိုမဟုတ်ဘူး။ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်ကို ဖော်ဆောင်တဲ့ အားကစားရယ်လို့ မမြင်ကြဘူး။ ကျွန်တော့်အနေနဲ့ အဲဒီကတည်းက တစ်နေ့ ဒီရိုးရာလက်ဝှေ့ဟာ ကမ္ဘာ့အလယ်ကို အောင်မြင်စွာ ထိုးဖောက်ရပ်တည်နိုင်မယ်လို့ ယုံကြည်ခဲ့တာ။ ယုံကြည် ခဲ့လို့လည်း ခုလိုတစိုက်မတ်မတ် တပည့်တပန်းတွေ မွေးပြီး မြန်မာချန်ပီယံ၊ ရွှေတံဆိပ်ဆုရှင်တွေ တော်တော် များကို မွေးထုတ်ပေးနိုင်ခဲ့တာဖြစ်တယ်''ဟု သတ္တိကလပ် ပိုင်ရှင် ဦးဝင်းဇင်ဦး (မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ)က ပြောသည်။ 

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ဒုတိယဥက္ကဋ္ဌ ဦးဝင်း ဇင်ဦးသည် ရိုးရာလက်ဝှေ့လောက၏ ဆရာသမား ဖြစ်သည့် ဆရာကြီး ဦးဒေါင်းနီ၊ ဆရာကြီးဦးမိုးကြိုးနှင့် ဆရာကြီး ဦးမဲကြီးတို့ထံတွင် တပည့်ခံကာ ရိုးရာလက်ဝှေ့ ပညာကို ဆည်းပူးလေ့လာခဲ့ပြီး ရိုးရာလက်ဝှေ့ကလပ် တစ်ခုအဖြစ် ၁၉၈၇ ခုနှစ်တွင် တည်ထောင်ကာ တပည့်များကို စတင်မွေးထုတ်ခဲ့သူဖြစ်သည်။ သတ္တိ ကလပ်မှ မွေးထုတ်ပေးခဲ့သည့် မြန်မာပြည် အလွတ်တန်း ချန်ပီယံများမှာ ရွှေဓူဝံ၊ ရှမ်းလေးသွေး၊ လုံးချောတို့ဖြစ် ပြီး ရွှေခါးပတ်ချန်ပီယံများအဖြစ် အယ်ထီးကော်၊ စောသဲအောင်၊ စောသဲမျိုး၊ မိုးပုလဲ၊ မောင်မောင်ကြီးနှင့် အခြားလက်ဝှေ့ကျော် အမြောက်အမြားကို မွေးထုတ် ပေးခဲ့သည်။ ယခင် လက်ဝှေ့ကျော်များမွေးထုတ် ပေးစဉ်က ကလပ်ဟူ၍ အမည်ပေးထားခြင်းမရှိဘဲ ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်းမှသာ သတ္တိကလပ်ဟူ၍ အမည်တွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ သတ္တိကလပ်တွင် နည်းပြအဖြစ် မြန်မာအလွတ် တန်းချန်ပီယံဟောင်း လုံးချော (ညောင်တုန်း)က ကိုင်တွယ်ပြီး အားကစားသမားအဖြစ် ဒုတိယတန်း လက်ဝှေ့ကျော် စောဂေါ်မူဒို၊ စောသူရိန် နှင့် မျိုးဆက် သစ်ဖိုးထွန်းတို့ရှိသည့်အပြင် ပြည်တွင်း၊ ပြည်ပမှ ဝါသနာရှင် အမျိုးသမီး၊ အမျိုးသား အားကစားသမားများကလည်း ကလပ်တည်ရှိရာ မရမ်းကုန်းမြို့နယ် (၈)ရပ်ကွက် ဝံသလမ်းတွင် အချိန်ပိုင်း လာရောက်လေ့ကျင့်လျက်ရှိသည်။ 

ရုရှားနိုင်ငံလုံးဆိုင်ရာ မြန်မာ့ရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က မြန်မာနိုင်ငံ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့ရိုးရာလက်ဝှေ့ကို အခြေခံသည့် ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ်ဖွဲ့စည်းရန် ဆွေးနွေးညှိနှိုင်း မှုများ ပြုလုပ်ခဲ့သည်။ ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ် ဖွဲ့စည်းရာတွင် Myanmar Traditional Boxingအစား မြန်မာတို့၏ မူပိုင်ဖြစ်သော Letwhayအမည်ကို သုံးစွဲသွားမည်ဖြစ်ပြီး အဆိုပါ ကမ္ဘာ့ လက်ဝှေ့အဖွဲ့ချုပ်၏ ဥက္ကဋ္ဌရာထူးနေရာကို မြန်မာနိုင်ငံမှ ခန့်အပ်ရန် ကမ်းလှမ်းခဲ့သည်။ သို့သော် အဆိုပါအဖွဲ့ချုပ်ကို ရုရှားနိုင်ငံတွင်ထားရှိရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ကမ်းလှမ်းဆွေးနွေးမှုအပေါ် ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇင်ဦးက ''ကျွန်တော့်အမြင်ပြောရရင် ဒီကမ်းလှမ်းမှုအတွက် ဝမ်းမြောက်စရာပါ။ ဒါပေမယ့် မြန်မာ့ရိုးရာလက်ဝှေ့ ကို ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်အနေနဲ့ တွေ့မြင်ဖို့ကို တစ်ဆင့်ချင်းသွားဖို့လိုတယ်။ တစ်ဆင့်ချင်းမသွားဘဲ ဖြတ်တက်ရင် ကိုယ့်ဇာတ်လမ်းကိုယ် မနိုင်တာမျိုး ဖြစ်တတ်တယ်။ ပြောရရင်တော့ အဖွဲ့ချုပ်က မြန်မာ နိုင်ငံမှာ ရှိသင့်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ ရိုးရာအမွေအနှစ် အားကစားဖြစ်တာကြောင့် ကျန်တဲ့နေရာမှာ အဖွဲ့ချုပ်အောက်က သက်ဆိုင်ရာ အဖွဲ့ခွဲငယ်လေးတွေ ထားလို့ရတယ်။ တကယ်လို့ ကျွန်တော်တို့ ရိုးရာလက်ဝှေ့ကို အခြေခံတဲ့ ကမ္ဘာ့အဆင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ကြီးကို တခြားတစ်နိုင်ငံ ဒါမှမဟုတ် တစ်နေရာရာမှာ သွားထားလိုက်ရင် အဲဒီနိုင်ငံနဲ့ တခြားနိုင်ငံတွေကြားမှာ အဆင်ပြေမှု၊ မပြေမှုတွေ ကြောင့် Political Issue တွေနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ဟာ ကြားညှပ်မှာစိုးရတယ်''ဟု ဝေဖန်သုံးသပ် ပြောကြားသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment