Sunday, May 1, 2016

မြန်မာ့လက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲကစားမည့် ညွန့်ပေါင်းအသင်းလေ့ကျင့်မှုများပြုလုပ်

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်

ရန်ကုန် ဧပြီ ၃ဝ

မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန်အတွက်MNL နိုင်ငံ ခြားသားများ ညွန့်ပေါင်းအသင်းသည် ဧပြီ ၃ဝ ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ ပထမဆုံးခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင် ကစားမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့်MNL နိုင်ငံခြားသားများ ညွန့်ပေါင်း အသင်းခြေစမ်းပွဲကို မေ ၁ ရက်(ယနေ့)ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွား မည်ဖြစ်သည်။MNLညွန့်ပေါင်းအသင်းမှာ ခြေစမ်းပွဲအကြိုလေ့ကျင့်ပြင်ဆင်ချိန် နှစ်ရက်ရရှိရန် တောင်းဆိုခဲ့သော်လည်း ဧပြီ ၃ဝ ရက် ညနေပိုင်းသာ လေ့ကျင့်ခွင့်ရရှိ ခဲ့သည်။ MNLနိုင်ငံခြားသားများ ညွန့်ပေါင်းအသင်းကို ကစားသမား ၁၇ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ကစားသမားအချို့မှာ လာရောက်နိုင်ခြင်းမရှိသောကြောင့် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ရသည်။ မူလရွေးချယ်ထားသည့် ကစားသမားများ အနက် ကလစ်ဖို့ဒ်၊ မစ်တာ၊ ဗန်လားဟရွယ်(ဂိုး)၊ အန်ဒါဆင်ဝက်စ်၊ တာကူမူတို့ လေ့ကျင့်ရေးကွင်းသို့ လာရောက်ခဲ့ခြင်းမရှိဘဲ အန်ဒ်ရေ၊ ဒွန်ဂို၊ မက်သရူးနှင့် ပြည်တွင်းဂိုးသမားဖြစ်သော ကိုကိုနိုင်စသည့် ကစားသမားများကို ပြန်လည်ရွေးချယ်ထား သည်။MNLညွန့်ပေါင်းအသင်းကို နည်းပြဆရာများအဖြစ် ဦးမျိုးလှိုင်ဝင်းနှင့် ဦးငွေထွန်း၊ လက်ထောက်နည်းပြအဖြစ် မစ္စတာ ဂျိုနသန်တို့က တာဝန်ယူကိုင်တွယ်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဧပြီ ၂၁ ရက်က စတင် လေ့ကျင့်ခဲ့သော်လည်းAFC Cup ပြိုင်ပွဲယှဉ်ပြိုင်ရမည့် ရန်ကုန်နှင့် ဧရာဝတီအသင်းများသို့ ကစားသမားများ ပြန်လည် စေလွှတ်ထားရသောကြောင့် ဧပြီ ၂၉ ရက်မှသာ လူစုံလေ့ကျင့် နိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလား ပြိုင်ပွဲမတိုင်မီ လစဉ်နီးပါးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပြီးMNLညွန့်ပေါင်းအသင်းနှင့်ခြေစမ်းပွဲမှာ ပထမဆုံး ခြေစမ်းပွဲဖြစ်လာမည်ဖြစ်သည်။
ယခုခြေစမ်းပွဲကို ကွင်းဝင်ကြေးအခမဲ့သတ်မှတ်ထားပြီး မြန်မာဘောလုံးပရိသတ်များ တစ်ခဲနက်လာရောက်အားပေး နိုင်ရန် စီစဉ်ပေးထားသည်။

No comments:

Post a Comment