Monday, May 2, 2016

(2.5.2016) ကြေးမုံစာတည်းရှုထောင့်



ပြည်သူတို့၏ မျှော်လင့်ချက် ပွင့်လင်းမြင်သာမှုဖြင့် ကြိုဆို

ပြည်သူလူထုရွေးချယ်တင်မြှောက်ခဲ့သော အစိုးရသက်တမ်း တစ်လပြည့်ခဲ့ပြီဖြစ်သည်။ နိုင်ငံ့တာဝန်စတင်ယူသည်နှင့် ပြည်သူ လူထု၏မျှော်လင့်ချက်များကို ရက်ပေါင်း ၁ဝဝ အတွင်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းအားထုတ်နေကြပြီ။ နှစ်ပေါင်း ၅ဝ ကျော်ကာလအတွင်း ပြည်သူများကြုံတွေ့ခဲ့ရသည့် လိုအပ်ချက်များ၊ အခက်အခဲများကို အရပ်သားအစိုးရက ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ပြည်သူများက မျှော်လင့်နေကြသည်။

နိုင်ငံ့တာဝန်ယူလိုက်သည်နှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်အချို့ကို လက်တွေ့စတင်အကောင်အထည်ဖော်လိုက်သလို ပြည်သူတို့၏လူမှုဘဝလိုအပ်ချက်များကိုလည်း သူ့ကဏ္ဍနှင့်သူ မနှေးအမြန်ဖော်ဆောင်နေကြသည်ကိုလည်း     တွေ့ရသည်။ ပြည်ထောင်စုဝန်ကြီးဌာန ၂၁ ခုစလုံး သူ့ဝန်သူ့တာ ပြုပြင်ပြောင်းလဲ ဖော်ဆောင်ကြသည်။ ကဏ္ဍအလိုက် အကောင်အထည်ဖော်နေမှု များမှာ အဦးအစဖြစ်၍ အားမလိုအားမရဖြစ်နိုင်သော်လည်း ဦးစားပေး လုပ်ငန်းအလိုက် လက်တွေ့ဖော်ဆောင်နေသည်မှာ သေချာပါသည်။

အခြေခံအဆောက်အအုံပိုင်း ပြုပြင်ပြောင်းလဲဖော်ဆောင်မှုတွင် စား၊ ဝတ်၊ နေရေး အရေးသုံးပါးမှာ ပြည်သူတို့အတွက် အခြေခံ လိုအပ်ချက်ဖြစ်ပြီး ခေတ်အဆက်ဆက်ဖြေရှင်းရခက်သော ပြဿနာ များဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ပြည်သူ့အစိုးရက ယခင်နှင့်မတူ အတိုင်းအတာတစ်ခုအထိ အဆင်ပြေအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူ့မျှော်လင့်ချက်ကို ဖော်ဆောင်ရာရောက်သဖြင့် ပြည်သူများ ကျေနပ်ပေလိမ့်မည်။

ထိုအထဲတွင် ပြည်သူလူထု  နိစ္စဒူဝ  အသုံးပြုနေရသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ရက် ၁ဝဝ အတွင်း မည်သို့ ဆောင်ရွက်နေသည်မှာလည်း ပြည်သူများ သိလိုသောအချက် ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးအပိုင်းမှာ ယခင်ခေတ်ကာလ ကတည်းက သိသိသာသာတိုးတက်ပြောင်းလဲလာသည်မှာ အမှန်ဖြစ်သည်။ သို့သော် တည်ဆောက်မှုစနစ်နှင့် အရည်အသွေးပိုင်းတွင် အားနည်းချက်များရှိခဲ့သည်ဟုလည်း ဆိုရမည်ဖြစ်သည်။ ယခုအစိုးရက အားနည်းချက်ကွက်လပ်များကို ဖြည့်ဆည်းပေးပြီး ပြည်သူလူထု  လိုအပ်ချက်ကို ဆက်လက်ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။

တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ ယခင်က ကန်ထရိုက်ပေးသည့်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ရာ၌ အချို့လုပ်ငန်း များတွင် စံချိန်စံညွှန်းမမီသဖြင့် သတ်မှတ်ချိန်မတိုင်မီ ပျက်စီးခဲ့ရသည့် အဖြစ်များကြုံတွေ့ခဲ့ရသည်။ အဆိုပါပြဿနာကိုပင် ပထမအကြိမ် လွှတ်တော်၌ ဆီးသီးဗန်းမှောက်သည်ဟု ပြောဆိုသုံးနှုန်းထုတ်ဖော်ခဲ့ကြသည်။ စီမံကိန်းအတွက် ခွဲဝေချထားပေးငွေမှာ စီမံကိန်းလုပ်ငန်းအတွင်း အပြည့်အဝမရောက်ဘဲ ဖိတ်ချင်တိုင်းဖိတ်၊ စဉ်ချင်တိုင်း စဉ်ခဲ့ကြသောကြောင့် ထိုသို့သုံးနှုန်းခဲ့ကြခြင်းဖြစ်သည်။

စီမံကိန်းဘတ်ဂျက်တစ်ခုရှိလာတိုင်း ပါစင့်တိတ် ဟူသော အလေ့အထရှိခဲ့ဖူးသည်။ ထို့ကြောင့် ထိုစီမံကိန်းနှင့်ပတ်သက်၍ မစ္စတာ ၂ဝ ပါစင့်၊ ၁၅ ပါစင့်၊ ၁ဝ ပါစင့်၊ ၅ ပါစင့် ဟူ၍ ပါစင့်ပုဂ္ဂိုလ် များရှိလာခဲ့သည်။ စီမံကိန်းဘတ်ဂျက်မှ ပါစင့်တိတ် နုတ်လိုက်သော အခါ စံချိန်စံညွှန်းမမီသည့်အဖြစ်သို့ ရောက်ခဲ့သည်။ စံချိန်စံညွှန်း မမီသောအခါ နစ်နာသူများမှာ ပြည်သူလူထုသာဖြစ်သည်။

စံချိန်စံညွှန်းမမီဟုဆိုရာ၌ သတ်မှတ်ကာလထက်စော၍ ဖွင့်လှစ် လိုက်ခြင်းမှာလည်း ထိခိုက်ရသည့်အချက်တွင်ပါဝင်သည်။ ထည့်သွင်း ရမည့်ပစ္စည်းအချိုး လျှော့ချလိုက်ခြင်းမှာလည်း အရည်အသွေးမမီ ခြင်းဖြစ်ခဲ့ရသည်။ ယခုအစိုးရသစ်လက်ထက်တွင် သတ်မှတ်ထား သည့် အာမခံနှစ်မတိုင်မီ ပျက်စီးယိုယွင်းပါက သက်ဆိုင်ရာတာဝန်ရှိ သူတို့ကို ထိထိရောက်ရောက် အရေးယူမည်ဟု ဆိုထားသည်။

သို့ဆိုပါလျှင် စီမံကိန်းများကိုဖော်ဆောင်ရာ၌ အဖွင့်ပြလိုခြင်း ထက် အရည်အသွေးပြည့်ဝစွာဖြင့် ရေရှည်အသုံးချနိုင်ရေးကို ဦးစားပေးဆောင်ရွက်ကြဖို့လိုမည်။ သတ်မှတ်ကာလအတွင်း စီမံကိန်း ပြီးစီးခြင်းထက် ပြည်သူလူထုအကျိုးအတွက် ရေရှည်အာမခံချက်ရှိပြီး ပွင့်လင်းမြင်သာစွာဖြင့် မည်သို့ဆောင်ရွက်နေကြောင်းကို ပြည်သူ များအား အသိပေးနိုင်ရန်သာ လိုအပ်ပါကြောင်း။

No comments:

Post a Comment