Sunday, May 1, 2016

ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နိုင်ရေး ခါကာဘိုရာဇီနှင့်မြောက်ဖျားဒေသကိုလေ့လာမည်

သတင်း - မောင်စိန်လွင်(မြန်မာ့အလင်း)၊ဓာတ်ပုံ - မင်းထက်

ရန်ကုန် ဧပြီ ၃ဝ

မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ယူနက်စကိုတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်း ဝင်သတ်မှတ်နိုင်ရေးတွင် ကချင်ပြည်နယ် ခါကာဘိုရာဇီနှင့် ဂမ်လန်ရာဇီ အပါအဝင် မြန်မာနိုင်ငံ မြောက်ဖျားဒေသကို ကနဦးဦးစားပေးအဖြစ် လေ့လာစမ်းသပ်မှုများ လုပ်ဆောင် မည်ဖြစ်ကြောင်း နည်းပညာပိုင်းဆိုင်ရာတွင် ကူညီထောက်ပံ့ ပေးနေသည့် ယူနက်စကိုမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်နိုင်ရန် ပဏာမစာရင်းတင်သွင်းထားမှုတွင် ကချင် ပြည်နယ်ရှိ ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ အပါအဝင် မြန်မာနိုင်ငံ မြောက်ဖျားသစ်တောဒေသများ၊ ကချင်ပြည်နယ် အင်းတော် ကြီးဒေသ၊ နတ်မတောင်ဒေသ၊ ဧရာဝတီမြစ်ဝှမ်း လင်းပိုင် ဒေသ၊ တနင်္သာရီမြိတ်ကျွန်းစုဒေသ၊ တနင်္သာရီသစ်တော ကြီးများဒေသ၊ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တို့ကို ပဏာမ ကမ္ဘာ့သဘာဝအမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းထားပြီး အဆိုပါဒေသများအနက် ခါကာဘိုရာဇီနှင့်ဂမ်လန်ရာဇီအပါအဝင် မြန်မာနိုင်ငံမြောက်ဖျား သစ်တောဒေသများကို စတင်ဖော်ဆောင်နိုင် ရန် လုပ်ဆောင်နေပြီဖြစ်သည်။ 

''အခုကျွန်မတို့ က္ဘာ့သဘာဝအမွေအနှစ် အဖြစ် ပဏာမစာရင်းတင်သွင်းထားမှုနဲ့ ပတ်သက်လို့ကတော့ ပထမအနေနဲ့ ဒီဒေသရဲ့ ဆက်စပ်နေတဲ့သူတွေအားလုံးကလည်း သဘော တူရမယ်။ လိုက်နာနိုင်ရမယ်။ ဒုတိယအချက် ကတော့ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတဲ့အပိုင်း၊ ပြီးတော့ ကျွန်မတို့က ကမ္ဘာမှာ ဒီနေရာလောက် ကောင်းတာ၊ တူတာမရှိဘူးဆိုတာ ပြနိုင်ရမယ်။ ကျွန်မတို့ ယူနက်စကိုအနေနဲ့ကတော့ နည်းပညာ ကူညီထောက်ပံ့ပေးတာပါ။ နိုင်ငံတကာက ပညာရှင်တွေ ခေါ်ပြီးတော့ ကူညီပေးတယ်။ ဘယ်လိုအချက်တွေ ပါသင့်တယ်၊ မပါသင့်ဘူး ဆိုတာပဲအကြံပြုတာပါ။ ဒါကို ဆုံးဖြတ်တာက သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အာဏာပိုင်တွေက ဆုံးဖြတ်ရတာပါ။ တချို့ကပြောသလို ယူနက် စကိုက တားတာတို့၊ ဝင်ရောက်စွက်ဖက်တာ တို့ဆိုတာမျိုးတွေ လုံးဝမရှိပါဘူး''ဟု ယူနက်စကို ယဉ်ကျေးမှုဌာနမှ ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာမျိုးက ပြောသည်။ 

ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် သတ်မှတ် ဖော်ဆောင်ရာတွင် အဆိုပါဒေသများသည် အခြားဒေသများထက် ထူးခြားဆန်းကြယ်ပြီး အခြားဒေသများ၌ မရှိသည့် အဖိုးတန်အရာ များကို ဖော်ထုတ်ကာ ခိုင်မာသည့် အထောက် အထားများဖြင့် တင်ပြနိုင်ရန်လိုအပ်ကြောင်း နှင့် ယင်းကဲ့သို့ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန်အတွက် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအစိုးရနှင့် ဒေသခံပြည်သူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကာ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်နိုင်ပါက ပြည်သူများအနေဖြင့် စနစ်တကျရှိပြီး စည်းကမ်းဖြင့် နေထိုင်သွားရန် လိုအပ်ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ အသိအမှတ်ပြု လိုက်နာခြင်းအားဖြင့် မြန်မာကို ကမ္ဘာက ပိုမိုသိလာနိုင်ပြီး နိုင်ငံခြားသားခရီး သွားများလည်း ပိုမိုလာရောက်လည်ပတ်နိုင်ကြ မည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင်းရှိ အဆိုပါဒေသများအား က္ဘာ့သဘာဝအမွေအနှစ် ဖော်ဆောင်ရာတွင် ယူနက်စကိုအနေဖြင့် ၂ဝ၁၂ ခုနှစ်မှ ပြန်လည် ကူညီထောက်ပံ့ခွင့်ရခဲ့ပြီး ယင်းကူညီထောက်ပံ့ မှုများအတွက် နော်ဝေနိုင်ငံအစိုးရ၏ အကူအညီ ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment