Sunday, May 1, 2016

တိမ်မြုပ်မှုမရှိသေးသော ပျဉ်ထောင်ရွာမှ မြန်မာ့ကြေးသွန်းလုပ်ငန်း


The Mirror Daily's photo.
မာန်သစ်ငြိမ်း
(ရှေးဟောင်းသုတေသန)
မြန်မာနိုင်ငံသည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ကာလတို့ အစဉ်အဆက် ထွန်းကားခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် ကြေးခေတ်နှင့်သံခေတ်တို့မှ ကုန်ကြမ်း ပစ္စည်းများကို ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအနုလက်ရာများနှင့် ပတ်သက်၍ ဘုရားမတင်၊ နတ်မတင် လူတွင်ပန်း(၁ဝ)မျိုးဟု ရှိခဲ့ပေသည်။
ထိုပန်း(၁ဝ)မျိုးထဲတွင်မှ ပန်းတဉ်းပညာသည် ကျောက်ခေတ်နှောင်းပိုင်း ကြေးခေတ်ဟု ခေါ်ဆိုသော ခေတ်ကာလတွင် ပေါ်ထွန်းလာသော လုပ်ငန်းတစ်မျိုးဖြစ် သည်။ ကြေးခေတ်နောက်ပိုင်းတွင် သံခေတ်ထွန်းကားလာ ပြီး သံခေတ်သည် တဖြည်းဖြည်းတိုးတက်ထွန်းကားလာသည်မှာ ယနေ့မျက်မှောက်ခေတ်အထိ လုပ်ငန်းပေါင်း များစွာကို အမည်အမျိုးမျိုးပေး၍ လုပ်ကိုင်နေကြပြီဖြစ် သည်။
ရှေးအခါက သံကိုအဓိကထားလုပ်ကိုင် ဆောင်ရွက် ကြသည့်လုပ်ငန်းကို ပန်းပဲပညာဟူ၍ အသိအမှတ်ပြုလာ ကြသည်။ ပန်းပဲလုပ်ငန်းသည် နိုင်ငံတော်ကာကွယ်ရေး အတွက် လက်နက်များ၊ အိမ်တွင်းသုံးလက်နက်နှင့် ပစ္စည်း ကိရိယာများ၊ လယ်ယာသုံးကိရိယာတန်ဆာပလာများ၊ လွန်စွာအသုံးဝင်သော လက်နက်များနှင့် ပစ္စည်းကိရိယာ များကို ထုတ်လုပ်ပေးခြင်းကြောင့် ပန်းပဲလုပ်ငန်းကို အသိအမှတ်ပြုလာကြသည်။
ထို့ပြင် သံကိုအရည်ကျို ပုံသွန်းလောင်းသည့် ပန်းပဲအတတ်ပညာကို ယခုအချိန်တွင် ညွှန်ပြရန် ခက်ခဲ လျက်ရှိပါသည်။ ယခုအခါတွင် သံကိုအရည်ကျိုပြီး အရုပ်သွန်းလောင်းခဲ့သော ပန်းပဲဆရာကြီးများ၏ လက်ရာ ကိုမူ ရန်ကုန်မြို့ စမ်းချောင်းရပ် ကိုးထပ်ကြီးဘုရားနှင့် မန္တလေးတောင်တို့တွင် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါ သေးသည်။ ထိုကဲ့သို့ သံကိုအရည်ကျို၍ အရုပ်များကို သွန်းလောင်းခြင်းမရှိတော့ဘဲ ကြေးကိုအရည်ကျို၍ ဘုရား ပုံတော်စသည်ဖြင့် ပစ္စည်းအမျိုးမျိုးကို ပုံသွန်းလောင်းနေ သော ပန်းတဉ်းပညာရှင်များကိုသာ လူသိများလျက် ရှိသည်။
ပုဂံခေတ်တွင် ပန်းတဉ်းလုပ်ငန်းတည်းဟူသော ကြေးကိုအရည်ကျို၍ ပုံသွန်းလောင်းသည့် အတတ်ပညာ သည် ယနေ့ခေတ် မန္တလေးမြို့ရှိ တမ္ပဝတီရပ် ကြေးသွန်း လုပ်ငန်းထိတိုင်အောင် မတိမ်ကောမပပျောက်ဘဲ ရေရှည် တည်တံ့လျက်ရှိနေသည်။ ကြေးထည်အမျိုးမျိုးပြုလုပ်သော လုပ်ငန်းရပ်ကို ပန်းတဉ်းအတတ်ဟု အင်းဝခေတ်က ရေးသား၍ ယခုအခါတွင် ပဒင်းဟုသာ နှုတ်ပြောများကြ သည်။ အသံပြောင်းလဲမှုအရ ပန်းတည်းမှ ပန်းတဉ်းသို့ လည်းကောင်း၊ ထိုမှစကားပြောသံ ပဒင်းသို့ ပြောင်းလဲ ခေါ်ဝေါ်လာခဲ့သည်။
ပန်းတည်း သို့မဟုတ် ပန်းတဉ်းသည် ကြေးလုပ်ငန်းကို ဖော်ပြကြောင်း မှတ်သားနိုင်ပါသည်။ ပန်းတဉ်းကို ပန်းတျန်ဟုခေါ်ကြောင်း အချို့ကဆိုကြပါသည်။ '' မြန်မာ နိုင်ငံတွင် ပန်းတဉ်းပညာ သို့မဟုတ် ပန်းတျန်ပညာကို ရှေးကမှတ်ခဲ့ကြသော ကြေးနီ၊ ကြေးဝါလုပ်ငန်း၊ ယခုအခါ ပဒင်းလုပ်ငန်းဟူ၍ ခေါ်ကြောင်း ဖော်ပြကြခြင်းဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကြေးသွန်းလုပ်ငန်း နှင့်ပတ်သက်၍ လေ့လာခဲ့ရာတွင် မြန်မာနိုင်ငံအလယ်ပိုင်း ပြည်ခရိုင် သဲကုန်းမြို့နယ် ဆင်မြီးဆွဲမြို့ သန္ဓေပင်အုပ်စု ပျဉ်ထောင်ရွာရှိ ကြေးသွန်းပစ္စည်းများ ပြုလုပ်သည့်နေရာသို့ သွားရောက်လေ့လာခဲ့ပါသည်။ ယင်းရွာရှိ ဦးရွှေသီး-ဒေါ်ညွန့်ရီမိသားစု ကြေးသွန်းလုပ်ငန်းမှ ဘုရားလှူဒါန်း သော ကြေးခေါင်းလောင်းငယ်၊ စည်းနှင့်လင်းကွင်းငယ် လုပ်ငန်းလုပ်ကိုင်နေမှုကို မြင်တွေ့ခဲ့ရသည်။ ထိုပစ္စည်းများ လုပ်ကိုင်ရာတွင် ကုန်ကြမ်းများအဖြစ် ဇင့်နှင့်ကြေး၊ တစ်ခါ တစ်ရံ သတ္တုစပ်တို့ကိုပါ ထည့်သွင်းအရည်ကျိုလေ့ရှိသည်။ ကြေးသွန်းရန်ကျိုချက်မှုအတွက် မီးကို ၁၅ဝဝ ဒီဂရီ ရအောင်အတွက် အချိန်အဆညှိ၍ ဖားဖိုကိုသာ အသုံးပြု ကြောင်း မြင်တွေ့ရသည်။
ကျိုချက်၍ရရှိလာသော ကြေးရည်တို့ကို ပုံသွင်း ထားသော စည်း(သို့မဟုတ်)လင်းကွင်းငယ် ပုံစံခွက်ထဲသို့ လောင်းထည့်ပြီး အေးခဲသောအခါမှသာ ထိုပုံစံခွက်ငယ် ထဲမှထုတ်ယူပြီး သန့်စင်မူကို ပြုလုပ်ရသည်။ အသံသာ စေရန်အတွက် ကြေးကိုလိုအပ်သော အနေအထားအတိုင်း အချောကိုင်မှုလုပ်ငန်းကို ထပ်မံလုပ်ကိုင်ကြရပါသည်။ သို့မှသာ အရည်အသွေးပြည့်ဝသော စည်းနှင့်လင်ကွင်း တို့ကို ရရှိမည်ဖြစ်သည်။
စည်းနှင့်လင်းကွင်းငယ်များ ကြေးကျိုပုံ သွန်းလောင်းအချောကိုင်နေပုံ
ဆက်လက်၍ ယင်းရွာတွင်ပင် ဦးတင်ဌေးနေအိမ်ရှိ ချိန်ခွင်လုပ်ငန်းနှင့် ဦးဝင်းနိုင်နေအိမ်ရှိ အင်္ကျီချုပ်လုပ်ရာ တွင် ကော်သုတ်တံအဖြစ်အသုံးပြုသော ကြေးကော်သုတ် တံနှင့် စုတ်ထိုး(တက်တူး)ရာတွင် ယခင်အသုံးပြုသော စုတ်ထိုးတံ၊ နွားနှာခေါင်းကွင်းတို့ကို တွေ့မြင်လေ့လာ ခဲ့သည်။ ဦးသိန်းထွန်းနေအိမ်သို့ သွားရောက်လေ့လာ ရာတွင် ကြေးစည်လုပ်ရန်အတွက် ကြေးနှင့်အခြားသတ္တုများ ရောနှောကျိုချက်နေမှုကို တွေ့ရှိခဲ့ရပါသည်။ ထို့ပြင် ကျိုချက်ပြီးရရှိလာသော ရောစပ်ကြေးတုံးငယ်များအား သံလုံခွက်ရှည်တွင် ထည့်ပြီး အပြင်မှရွှံ့မြေကို (၂)လက်မ ထုခန့်မံပြီး မီးဖိုထဲတွင် ၁၅ဝဝ ဒီဂရီခန့်ဖြင့် မီးဖုတ် ကြိုချက်ကြောင်း လုပ်ဆောင်နေမှုများအရ သိရှိရပါသည်။
စုတ်ထိုးတံ၊ နွားနှာခေါင်းကွင်း၊ ကော်သုတ်တံ
ကျိုချက်ရရှိလာသော ကြေးရည်တို့ကို ပုံစံခွက် အတွင်းလောင်းထည့်ပြီး ကြေးစည်ပုံစံအကြမ်းအဖြစ် ပြောင်းလဲသည်။ ကြေးစည်ပုံကြမ်းအနားများ ထက်ရှနေမှု ကို တံစဉ်းဖြင့် ကိုယ်ထည်တစ်ခုလုံးအား ညီညွတ်မှုရှိအောင် ပွတ်တိုက်ကြရပါသည်။ ထိုမှတစ်ဆင့် ကြေးရောင် တောက်ပစေရန်အတွက် အပြင်မှအလွှာကြမ်းအား လေးသံဖြင့် အထူးတလည်ပြုလုပ်ထားသော ထက်သော ဆောက်သွားကဲ့သို့ အရာဖြင့်ပွတ်တိုက်ပေးခြင်းဖြင့် ကြေးစည်မျက်နှာပြင်မှ အလွှာများမှာ ကြေးမှုန်အဖြစ် ပြောင်းလဲပြီး အဝါရောင်ဝင်းလက်တောက်ပသော ကြေးစည်ကောင်းတစ်ခုကို ရရှိပါသည်။ ဆက်လက်ပြီး ကြေးစည်၏ထိပ်ပိုင်းအား ကြိုးတပ်အသုံးပြုနိုင်ရန်အတွက် အပေါက်ဖောက်ခြင်းလုပ်ငန်းအဆင့်သို့ ပို့ဆောင်ပြီးပါက ရောင်းတမ်းဝင်သော ကြေးစည်ကောင်းတစ်ခုကိုရရှိ သည်။
ကြေးစည်ကောင်းတစ်ခုရရှိရန် အချောကိုင်နေပုံ
ပျဉ်ထောင်ရွာရှိ ကြေးသွန်းလုပ်ငန်းအများစုမှာ ဘိုးဘွား အစဉ်အဆက်လုပ်ကိုင်ခဲ့ကြသော လုပ်ငန်းဖြစ်သည်။ ကြေးသွန်းပစ္စည်းများကို ပြည်မြို့နှင့်ရန်ကုန်မြို့တို့သို့ လည်းကောင်း၊ မန္တလေးမြို့၏သို့လည်းကောင်းတင်ပို့ ကြောင်း၊ ကုန်ကြမ်းများကို ရန်ကုန်မှလည်းကောင်း၊ ပြည်မြို့ရှိဆိုင် များမှလည်းကောင်း ဝယ်ယူမှုရှိကြသည်။ ယခုအခါတွင် ကြေးသွန်းပစ္စည်းများကို မှာယူသူရှိမှသာ ပြုလုပ်လေ့ရှိ တော့ကြောင်း သိရှိရသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံတွင် ကြေးသွန်းပစ္စည်းသုံးစွဲမှုမှာ သိသိသာသာကျဆင်းလာ ကြောင်းကို စီးပွားရေးဈေးကွက်အရ သိရှိလာနိုင်သကဲ့သို့ မြန်မာ့ပန်းတဉ်းပညာရပ်ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင် မှု နည်းပါးလာသောကြောင့်ဟု ဆိုနိုင်ပါသည်။ ထိုသို့ လုပ်ကိုင်မှုနည်းပါးလာရခြင်းမှာ ကြေးပစ္စည်း ကုန်ကြမ်း ဝယ်ရသော ဈေးမြင့်တက်လာသောကြောင့်လည်း ဖြစ်နိုင် ပေသည်။ ကြေးနည်းနည်းနှင့် အခြားသတ္တုစပ်ပစ္စည်းများ ရောစပ်သုံးစွဲရသဖြင့်လည်း မြန်မာတို့၏ ကြေးသွန်းပစ္စည်း တန်ဖိုးလျော့ကျလာပေသည်။
သို့သော်လည်း ပျဉ်ထောင်ရွာမှ မြန်မာ့ကြေးသွန်း လုပ်ငန်းသည် ရှေးယခင်ကတည်းက ယခုအချိန်အထိ ဆက်လက်တည်ရှိပြီး လုပ်ကိုင်နေကြသေးသည်ကို တွေ့ရှိ ရခြင်းကြောင့် မတိမ်ကော မပပျောက်သေးကြောင်း၊ မြန်မာ့ပန်း(၁ဝ)မျိုးထဲမှ ပန်းတဉ်းပညာရပ်သည် မြန်မာတွင်သာမက ကမ္ဘာကပင် အံ့သြရသော ပညာရပ် တစ်ခုပင်ဖြစ်ခဲ့သည်ကို မင်းကွန်းခေါင်းလောင်းကြီး၊ သာယာဝတီမင်းခေါင်းလောင်းကြီး စသည်တို့နှင့် မဟာ မြတ်မုနိ စသည့် ဆင်းတုတော်တို့က သက်သေခံလျက် ရှိနေသည်။
ထိုသို့ ပျဉ်ထောင်ရွာမှ မြန်မာ့ကြေးသွန်းလုပ်ငန်း မှသည် ကမ္ဘာသို့တိုင်အောင်သိရှိပြီး ပြည်ပဧည့်သည်များ လာရောက်လေ့လာနိုင်ပါက မြန်မာ့ပန်းတဉ်းပညာရပ်သည် မည်သည့်အခါမှ တိမ်ကောပပျောက်မှု မရှိနိုင်သော ယဉ်ကျေးမှုအမွေအနှစ် ရိုးရာပညာရပ်တစ်ခုအနေဖြင့် ရပ်တည်နိုင်မည် ဖြစ်သည်။ ။

No comments:

Post a Comment