Sunday, May 1, 2016

မေလတွင် မန္တလေးနေ့အပူချိန်များ ၂ဝ၁ဝ ခုနှစ်က စံချိန်တင်အမှတ်သို့ နီးကပ်ဖွယ်ရှိ




The Mirror Daily's photo.


မန္တလေး ဧပြီ ၃ဝ

အယ်နီညိုဖြစ်စဉ်ကြောင့် ဒေသ ၁၁ ခုတွင် နေ့အပူချိန်များစံချိန်တင်ခဲ့ရာ မန္တလေးမြို့တွင် ၂ဝ၁ဝ ခုနှစ် မေလအတွင်း စံချိန်တင်ခဲ့သည့် နေ့အပူချိန်သို့ နီးကပ်ဖွယ်ရှိကြောင်း မိုး/ဇလ(မန္တလေး)အထက်မြန်မာပြည် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

လက်ရှိဖြစ်ပေါ်ခဲ့သည့် နေ့အပူချိန်များအနက် ဧပြီ ၃ဝ ရက်အထိ အမြင့်ဆုံး အပူချိန် ၄၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့သည်ဟု ဆိုသည်။

''မန္တလေးတိုင်းဒေသကြီးအတွင်း တချို့ဒေသတွေမှာ စံချိန်တင်အပူချိန် ရောက်ခဲ့တာရှိတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ မေ ၂ဝ ရက်ကျော်ရင် မုတ်သုံလေ ဝင်ရောက်ဖို့အလားအလာရှိနေပေမယ့် ဒီရက်အတွင်းမှာ ၄၅ ဒီဂရီစင်တီဂရိတ်ထိ ရောက်နိုင်တဲ့ အခြေအနေရှိတယ်''ဟု ၎င်းက ပြောသည်။

မန္တလေးမြို့၏ နေ့အပူချိန်မှတ်တမ်းများအရ ၂ဝ၁ဝ ခုနှစ်က ၄၅ ဒီဂရီ စင်တီဂရိတ်ဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်တွင် ၄ဝ ဒသမ ၇ ဒီဂရီစင်တီဂရိတ်၊ ၂ဝ၁၂ တွင် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ၂ဝ၁၃ တွင် ၄၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်၊ ၂ဝ၁၄ တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ ၂ဝ၁၅ တွင် ၄၂ ဒီဂရီစင်တီဂရိတ်ခန့်ရှိကြောင်း သိရသည်။

''ပြီးခဲ့တဲ့ရက်တွေမှာ မိုးတိမ်တောင်တွေရှိတော့ မိုးရွာခဲ့တယ်။ မိုးကလည်း မနက်ပိုင်းပူလိုက်၊ ညနေပိုင်းမှာရွာလိုက်ပေါ့။ မိုးမရွာရင် အပူချိန်ကမြင့်မှာပဲ။ ဧပြီ၊ မေလတွေကနေ သွားလမ်းကြောင်းဖြတ်တဲ့အပေါ်မှာ မြန်မာနိုင်ငံက ရှိနေလို့အလယ်ပိုင်းမှာအပူဆုံးအချိန်တွေပါ''ဟု မိုး/ဇလ(မန္တလေး)လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဇော်ကပြောသည်။

''ဧပြီ ၉ ရက်ကစပြီး ၂၆ ရက်ထိ မန္တလေးဆေးရုံကြီးမှာ heat stroke လူနာ ရှစ်ဦးရှိခဲ့တယ်။ လိုအပ်တဲ့ ရေခဲတွေ၊ တဘက်တွေအပြင် ကုသမှုပေးဖို့ အခန်းကျယ်တွေနဲ့ ပန်ကာတွေ၊ အဲကွန်းတွေ အဆင်သင့်ပြင်ထားပါတယ်'' ဟု မန္တလေးဆေးရုံကြီးလူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင်က ပြောသည်။

ယင်းကဲ့သို့ အပူချိန်မြင့်မားလာမှုကြောင့် အပူရှပ်ရောဂါ (heat stroke) ရှင်များရောက်ရှိလာနိုင်သဖြင့် ကျန်းမာရေးအသိဖြင့်သတိပြုကာကွယ်သင့်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက အကြံပြုပြောကြားသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment