Monday, May 30, 2016

မီလန်မြို့၌ ရီးရဲတို့ ချန်ပီယံလိဂ်ဖလား (၁၁)ကြိမ်မြောက် ဆွတ်ခူး

သီဟ-ရေးသည်

ယူအီးအက်ဖ်အေချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကို မေ ၂၉ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်း က အီတလီနိုင်ငံ မီလန်မြို့ ဆန်စီရိုကွင်း၌ စပိန်ကလပ်နှစ်သင်းဖြစ်ပြီး မက်ဒရစ်ဒါဘီ နှစ်သင်းလည်းဖြစ်သော ရီးရဲမက်ဒရစ်နှင့် အက်သလက်တီကိုတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရီးရဲမက်ဒရစ်အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားကို (၁၁) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
၂ဝ၁၅-၂ဝ၁၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ဖွင့်ပွဲအခမ်းအနားကို ဆန်စီရိုကွင်းကြီး၌ ပြုလုပ်ရာ အမေရိကန်အမျိုးသမီးအဆိုတော် အလီစီယာကီးစ်၊ အော်ပရာအဆိုတော် အန်ဒရီယာ ဘိုဆယ်လီတို့က သီဆိုဖျော်ဖြေကြပြီး အခမ်းအနားဖွင့်ပေးခဲ့သည်။
ယင်းပွဲတွင် နည်းပြနှစ်ဦး အားပြိုင် မှုနှင့်အတူ နည်းပြ ဇီဒန်းက ရီးရဲအသင်းကို ၄-၃-၃ ကစားကွက်ဖြင့် နာမည်ကျော် တိုက်စစ်အတွဲဖြစ်သော ဘီဘီစီတိုက်စစ်အဖြစ် ပွဲထွက်ခဲ့သည်။ 

အလားတူနည်းပြဆီမြွန်နီကလည်း အက်သလက်တီကိုအသင်းကို ၄-၂-၂ ကစားကွက်ဖြင့် တိုက်စစ်ပိုင်းတွင် တောရက်စ်နှင့် ဂရေ့စ်မန်းတို့ဖြင့် ပွဲထွက်ခဲ့ သည်။ အလားတူ ပထမပိုင်း ပွဲချိန် ၁၁ မိနစ်တွင် ရီးရဲအသင်း ပြစ်ဒဏ်ဘောမှတစ်ဆင့် နောက်တန်းကစားသမား ရာမို့စ်က အနီးကပ်သွင်းယူခဲ့သည်။ ရီးရဲအသင်းသည် ဦးဆောင်ဂိုးရပြီး တိုက်စစ် အားလျော့ခဲ့ရာ ခံစစ်အသွင်ပြောင်းလဲပြီး အက်သလက် တီကို၏ တန်ပြန်တိုက်စစ်ကို ခုခံကာကွယ်နေရသည်။ ဒုတိယပိုင်းတွင် အက်သလက် တီကိုအသင်း ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန် ၄၈ မိနစ်တွင် ပယ်နယ်တီကန်သွင်းခွင့်ရခဲ့သော်လည်း တိုက်စစ်မှူး ဂရေ့စ်မန်းက ကန်သွင်းခဲ့ရာ ဂိုးဘားတန်းမှန်ပြီး ချေပဂိုးနှင့်လွဲခဲ့ရသည်။ ပွဲချိန် ၇၉ မိနစ် တွင် ဂျူအန်ဖရန်းဖြတ်တင် ဘောကို လူစားဝင် ကစားသမား ကာရက်စ်ကိုက အနီးကပ် ပိတ်သွင်းခဲ့ပြီး အက်သလက် တီကိုအသင်းအတွက် ချေပဂိုးသွင်းယူ ခဲ့သည်။ မိနစ် ၉ဝ အထိ တစ်ဖက် တစ်ဂိုး စီသရေကျနေ၍ အချိန်ပို မိနစ် ၃ဝ ထပ်မံကစားခဲ့ရာ အနိုင်ရလဒ် မထွက်ပေါ်ခဲ့၍ ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရသည်။ ပယ်နယ်တီအဆုံးအဖြတ် တွင် ရီးရဲက ငါးလုံး စလုံးဂိုးဝင်ပြီး အက် သလက်တီကိုအသင်းမှ နောက်တန်း ကစားသမား ဂျူအန်ဖရန်း ပယ်နယ် တီမဝင်ခဲ့၍ ၂ဝ၁၅-၂ဝ၁၆ ချန်ပီယံလိဂ် ဖလားကို အက်သလက်တီကိုတို့ လက် လွတ်ဆုံးရှုံးခဲ့ရပြန်သည်။

ရီးရဲမက်ဒရစ်သည် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၁၄) ကြိမ်မြောက် တက် ရောက်ခဲ့ပြီး(၁၁)ကြိမ်ဖလားရရှိခဲ့သည်။ နည်းပြဇီဒန်းသည် ကစားသမား ဘဝမှာ ဖလားရယူပေးနိုင်သလို ပထမဦးဆုံး နည်းပြဘဝတွင်လည်း ရီးရဲကို ဖလားရ ယူပေးခဲ့သည်။ အက်သလက်တီကိုသည် အသင်းလိုက်စုစည်းမှုအားကောင်းသည့် အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လု ပွဲကို သုံးကြိမ်တက်ရောက်ခဲ့ရာ ပထမ ဦးဆုံး တက်ရောက်သည့် ၁၉၇၄ တွင် ဘိုင် ယန်မြူးနစ်နှင့် တွေ့ဆုံပြီးရှုံးနိမ့် ခဲ့သည်။ ၂ဝ၁၄ တွင် ရီးရဲမက်ဒရစ်နှင့် တွေ့ဆုံပြီး အချိန်ပို သွင်းဂိုးများဖြင့်ရှုံးနိမ့် ခဲ့သည်။ ယခုနှစ်တွင်လည်း ရီးရဲနှင့် ထပ်မံတွေ့ ရှိခဲ့ပြီး ကံမကောင်းစွာ ပယ်နယ်တီဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ရီးရဲမက်ဒရစ်၏ အောင်မြင်မှု သမိုင်းတွင် ချန်ပီယံလိဂ်ဖလားကို (၁၁)ကြိမ်ဖြင့် အများဆုံးရရှိထားပြီး စပိန် လာလီဂါ (၃၂) ကြိမ်၊ စပိန်ဘုရင့်ဖလား (၁၉)ကြိမ်နှင့် အခြားသော ဖလားပေါင်း များစွာလည်း ရရှိထားသည်။
သီဟ

No comments:

Post a Comment