Sunday, May 29, 2016

ဒဂုံအထူးစီမံချက်၊ ရတနာပုံအထူးစီမံချက်တို့ဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းသွားမည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ

ပြည်ထဲရေးဝန်ကြီးဌာန ရက် ၁ဝဝ စီမံချက် 

သတင်းဆောင်းပါး-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ မှုခင်းကျဆင်းရေး၊ ရာဇဝတ်မှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များ ချောမွေ့အဆင်ပြေရေး၊ နိုင်ငံတော် ငွေကြေးအလွဲသုံးစားမှုများ ပပျောက်ရေး၊ ပြစ်မှုပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား အချုပ်သားများ မိသားစုဝင်များနှင့် အဆင်ပြေချောမွေ့ စွာတွေ့ဆုံနိုင်ရေး၊ မီးဘေး အန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီပေးနိုင်ရေးနှင့် ပြည်သူတို့၏ဘဝများ တည်ငြိမ်လုံခြုံမှုရှိစေရေးတို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်
လျက်ရှိသည်။ 

မေလ ၁ ရက်နေ့မှ သြဂုတ်လဆန်းအထိ ဘာတွေဆောင်ရွက်မလဲ
ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ရက် ၁ဝဝ က စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် မှုခင်းကျဆင်းရေးအတွက် ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် အဓိကဆောင်ရွက်မည်ဖြစ်သလို နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း တစ်ချိန်တည်း ဆောင်ရွက်မည်ဖြစ်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ရန်ကုန်မြို့တော် တွင် ဒဂုံအထူးစီမံချက်၊ မန္တလေးမြို့ တော်တွင် ရတနာပုံအထူး စီမံချက်တို့ကိုပါ ဆောင်ရွက်သွားမည် ဖြစ်သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အောက်မြန်မာ ပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေနှင့်အညီ တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် တစ်မြို့လျှင် ကျေးရွာ တစ်ရွာ ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေးကို ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များ အဆင်ပြေချောမွေ့စေရန်အတွက် ဝန်ဆောင်မှု များ ဆောင်ရွက်ပေးမည့်OSS (one stop shop) ရုံး ၃၁၆ ရုံး၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည်။ 

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် နိုင်ငံတော်ငွေကြေး အလွဲသုံးစားမှုများ နှင့် စီးပွားရေးဆိုင်ရာ အမှုအခင်းများ လျော့နည်းပပျောက်ရေးကို အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်သည်။
အကျဉ်းဦးစီးဌာနသည် ထောင်ဝင်စာ တွေ့ဆုံမည့်ရက်များ အား အကျဉ်းသား၊ အချုပ်သားတွေ့ဆုံသည့်ရက် ခွဲခြားခြင်းမပြုဘဲ ၄င်းတို့မိသားစုများ အားလပ်၍ လာရောက်နိုင်သည့် နေ့တွင် တွေ့ဆုံနိုင်ရန် စီစဉ်ပေးခြင်း၊ ထောင်ဝင်စာတွေ့ဆုံသည့် အချိန်ကို ယခင်က ၁၅ မိနစ်မှ မိနစ် ၂ဝ အတွင်းသာ တွေ့ဆုံခွင့် သတ်မှတ်ထား သော်လည်း ယခုအခါ ၂၅ မိနစ်အထိ ဖြေလျှော့ခွင့်ပြုပေးသွားမည် ဖြစ်သည်။
မီးသတ်ဦးစီးဌာနသည် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံ ရေးစစ်ဆေးခြင်း၊ စက်ရုံအလုပ်ရုံများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။
အများပြည်သူအကျိုးအတွက် သဘာဝဘေးအန္တရာယ်နှင့် အခြားကိစ္စရပ်များ ပေါ်ပေါက်လာပါက အချိန်မီ ကူညီစောင့် ရှောက်နိုင်ရန်အတွက် အယ်နီညိုအခြေအနေနှင့် ၂ဝ၁၆ ခုနှစ် ဇွန်လအထိ ကြုံတွေ့လာနိုင်သည့် ရာသီဥတုအခြေအနေအပေါ် ကြိုတင်ပြင်ဆင်ထားရှိ အသိပေးခြင်းများနှင့် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်နိုင်မှုအခြေအနေ ကြိုတင်သတိပေးခြင်းများ ဆောင်ရွက်သွားကြမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးတင်မြင့်ထံမှ သိရသည်။

အစိုးရသစ်ရဲ့ ရက်ပေါင်း ၁ဝဝ စီမံချက်မှာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဘာလုပ်မလဲ
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဇော်ခင်အောင်က ''အစိုးရ သစ် ရက်ပေါင်း ၁ဝဝ အတွင်းမှာ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ထိရောက် အောင်မြင်စေဖို့အတွက် အပိုင်းလေးပိုင်းခွဲပြီး ဆောင်ရွက်သွား မယ်''ဟု ပြောသည်။
အပိုင်းလေးပိုင်းခွဲဆောင်ရွက်ရာတွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု အပါအဝင် အဓိကကျသည့် ရန်ကုန်နှင့် မန္တလေးတို့တွင် မှုခင်းကျဆင်းရေး ဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် ရန်ကုန်မြို့နှင့် မ္တလေးမြို့တို့တွင် ဒဂုံအထူးစီမံချက်နှင့် ရတနာပုံအထူးစီမံချက် ချမှတ်ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်၍ အမှုရင်ဆိုင် နေကြသူများနှင့် စပ်လျဉ်းသည့် အမှုများကို ရုပ်သိမ်းပိတ်သိမ်း သွားနိုင်ရေးဆောင်ရွက်ရန်နှင့် ဝန်ဆောင်မှုကိုရှေးရှုသော ရဲလုပ်ငန်းစနစ်သို့ အသွင်သ္ဌာန်ပြောင်းလဲခြင်းနဲ့ အနှစ် သာရတိုးမြှင့်အောင် ပြောင်းလဲခြင်းများကို ဆောင်ရွက်မည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

''နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ၂ဝ၁၆ ခုနှစ် ဧပြီလ ၇ ရက်နေ့မှာ ကြေညာခဲ့တဲ့အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေး
တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးနှင့် ဆက်နွှယ် အမှုရင်ဆိုင်နေကြရသူတွေကို ပြည်ထောင်စုရှေ့နေချုပ်ရုံး နည်းဥပဒေ ပုဒ်မ-၉၆ အရ ပိတ်သိမ်းခြင်းတွေ ဆောင်ရွက် ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဒီနေ့အထိ ပိတ်သိမ်းပြီးအမှုပေါင်း ၂၅၆ မှုနဲ့ တရားခံ ကျား၊ မ စုစုပေါင်း ၄၄ဝ တို့ကို အမှုပိတ်သိမ်း ရုတ်သိမ်းပြီး အချုပ်မှ လွှတ်ပေးခြင်းတွေ ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ အစိုးရသစ် ရက်ပေါင်း ၁ဝဝ အတွင်းမှာ ကျန်ရှိနေသေး တဲ့ အမှု ၁၁ မှုက တရားခံ ကျား ၁၃ ဦးကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး တွေက သက်ဆိုင်ရာ တရားရုံး၊ ဥပဒေရုံးတို့နဲ့ ညှိနှိုင်းဆောင် ရွက်ပြီး လုပ်ငန်းစဉ်တွေ ပြီးပြတ်အောင် ဆောင်ရွက်သွားပါမယ်''ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူများ မူးယစ်ဆေးဝါး အန္တရာယ်မှရှောင်ရှားနိုင်ရန် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ နှင့် ပူးပေါင်းအသိပညာပေးခြင်းများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များကို အဓိကထား၍ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိနေသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်မှုလျှော့ချနိုင်ရေးအတွက် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း(Precursor)များ တရားမဝင် ဝင်ရောက်မှုများကို ထိထိ ရောက်ရောက် စစ်ဆေးကြပ်မတ်လျက်ရှိသည်။ မူးယစ်ဆေးဝါး သည် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် အရပ်ဒေသများတွင် ထုတ်လုပ်လျက်ရှိသောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေးရယူပြီးနောက် မူးယစ်ဆေးဝါးပြဿနာအပေါ် ပူးပေါင်းဖြေရှင်းဆောင်ရွက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိနေ သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆောင်ရွက်မည့် ရက် ၁ဝဝ စီမံချက် များအရ သိရသည်။ 

ရဲမှူးကြီးဇော်ခင်အောင်က ''ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူချစ်တဲ့ ပြည်သူ့ရဲဖြစ်အောင် ဝန်ဆောင်မှု ကို ရှေးရှုတဲ့ ရဲလုပ်ငန်းစနစ်ကို ပြောင်းလဲမှာပါ''ဟု ပြောသည်။
အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရဲ့ ရက် ၁ဝဝ
ယခင်က မြို့များတွင်နေထိုင်သူများသာ မြေငှားဂရန် လျှောက်ထားခြင်း၊ စိစစ်ထုတ်ပေးခြင်းများရှိခဲ့ရာမှ ကျေးရွာနေ ပြည်သူများ ကျေးရွာမြေအတွင်း ပိုင်ဆိုင်မှုအထောက်အထား ကင်းမဲ့စွာနေထိုင်ရခြင်းအစား ခိုင်မာသည့် တရားဝင်အထောက် အထား (Legal Document) မြေငှားဂရန် (Lease) ရရှိစေရန် အတွက် ဆောင်ရွက်သွားမည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်ထံမှ သိရသည်။
ဦးရဲနိုင်က ''ကျွန်တော်တို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာရှိတဲ့ မြို့နယ်တွေမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကျေးရွာအမည်စာရင်းပေါက်ပြီး မြေယာအရှုပ်အရှင်းကင်းတဲ့ ကျေးရွာတွေကို နှစ် ၃ဝ သက်တမ်းရှိ မြေငှားဂရန်တွေ ထုတ်ပေးသွားမှာပါ။ မြေပြင်ကွင်းဆင်း တိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းပြီး လျှောက်ထားလာတဲ့ မြေငှား ဂရန်တွေကို လုပ်ငန်းစဉ်အလိုက် အဆင့်ဆင့် စိစစ်ဆောင်ရွက်မှာ ပါ''ဟု ပြောသည်။ 

ယခင်အစိုးရလက်ထက်တွင် ကျေးရွာနေပြည်သူလူထု၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပိုမိုရရှိပြီး နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်ငွေများ ရရှိလာစေရန်အတွက် ကျေးရွာ မြေငှားဂရန်ထုတ်ပေးရေးကို စီမံချက်ချမှတ်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် များမှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ် ၂၈၃ မြို့နယ်မှ ဖွံ့ဖြိုးတိုးတက်လာသော ကျေးရွာပေါင်း ၂၈၃ ရွာအား ကျေးရွာမြေငှားဂရန် ၅၈၆၈ဝ ထုတ်ပေးရန် သတ်မှတ်လျာထား ဆောင်ရွက်ခဲ့ရာ မြေဂရန် ၃၈၄၇၂ ခုအား လျှောက်ထားသူသို့ ထုတ်ပေးခဲ့သည်။ 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များ အဆင်ပြေချောမွေ့စေရန် လာဘ်ပေး လာဘ်ယူမှု၊ အဂတိလိုက်စားမှုများတားမြစ်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့အကျင့်များ ပြုစုပျိုးထောင်ရန်၊ အစိုးရနှင့် ဌာနဆိုင်ရာဝန်ထမ်းများအပေါ် ပြည်သူများ၏ အားကိုးယုံကြည်မှု တိုးပွားရန်နှင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများဦးစီး ဌာနအလိုက် အပြန်အလှန်ထိန်းကျောင်းမှုပြုနိုင်ရန်အတွက် ရည်ရွယ်၍ OSS ( one stop shop) ဟုခေါ်သည့် ပြည်သူ့ ဝန်ဆောင်မှု ရုံးများ ၃၁၆ ရုံးအထိ ဖွင့်လှစ်ထားရှိပြီး ဖြစ်သည်။
OSS ရုံးများသည် ပြည်သူများ၏ အခြေခံလိုအပ်ချက် များဖြစ်သည့် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စုလူဦးရေ ပြောင်းဝင်ပြောင်းထွက် စာရင်းများ ဆောင်ရွက်ခြင်း၊ မီးဘေးလုံခြုံမှု ရှိ/မရှိ ထောက်ခံပေးခြင်း၊ အလုပ်သမားမှတ်ပုံတင်များ ပြုလုပ်ပေးခြင်း၊ ပြစ်မှုကင်းရှင်း ကြောင်း
ထောက်ခံချက်များ ပြုလုပ်ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ လျှောက်ထားခြင်း၊ အခွန်အခများ ပေးသွင်းခြင်း၊ မြေဂရန်များ လျှောက်ထားခြင်း၊ ပွဲမိန့်များ လျှောက်ထားခြင်း၊ ပထမ သတင်းပေးတိုင်ကြားချက်ပေးခြင်း စသည့်ကိစ္စရပ်များအား တစ်ချိန်တည်းတစ်နေရာတည်းမှာပင် ဝန်ဆောင်မှုပေး၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ 

''ယခင်အစိုးရလက်ထက်ကတည်းက OSS ရုံးတွေ ထူထောင်ဖွင့်လှစ်အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ကို အဖွဲ့ဝင် ၁၃ ဦးနဲ့ ဖွဲ့စည်းခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးပါ။ ကျွန်တော်တို့ရဲ့ ရက် ၁ဝဝ စီမံချက်မှာOSS ရုံးတွေနဲ့ ပြည်သူတွေ ဆက်သွယ် ဆောင်ရွက်လာစေဖို့အတွက် မီဒီယာအသီးသီးကနေ OSS လုပ်ငန်းတွေကို သိလာအောင်အကျယ်တဝင့် အသိပေးနိုင်အောင် ဆောင်ရွက်သွားမှာပါ။ နောက်ပြီး မြို့နယ်အလိုက် ဝန်ဆောင်မှုပေးရ တဲ့လုပ်ငန်းပမာဏများပြားလာမှုအပေါ် မူတည်ပြီးတော့ မြို့နယ် တစ်ခုချင်းအလိုက် ဌာနများတိုးချဲ့ဖွင့်လှစ်သွားဖို့လည်း ရည်ရွယ် ထားပါတယ်''ဟု ဦးရဲနိုင်က ပြောသည်။
အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပိုမိုခိုင်မာအားကောင်းလာ ၍ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုပေးနိုင်သည့် အသင်း အဖွဲ့များအား မှတ်ပုံတင်ခွင့်ပြုပေးခြင်းလုပ်ငန်းကို အရှိန်အဟုန် မြှင့်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်တွင်းလူမှုရေး အသင်းအဖွဲ့(NGO)များနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့(INGO)များအနေဖြင့် တရားစွဲဆိုပိုင်ခွင့်၊ ရန်ပုံငွေ ဖွင့်လှစ်တည်ထောင်ပိုင်ခွင့်၊ ဥပဒေနှင့်အညီ အလှူငွေကောက်ခံ နိုင်ခွင့်၊ ဘဏ်စာရင်းဖွင့်လှစ်နိုင်ခွင့်၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများ နှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံဒီဇိုင်းတို့ကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ မူပိုင်ခွင့်ရရှိနေပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူအကျိုးပြု အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပိုမိုပေါ်ပေါက်လာစေရန် ရည်ရွယ် ၍ လုပ်ဆောင်နေမှုကို ဦးရဲနိုင်က ''ကျွန်တော်တို့ NGOs ၊ INGOs တွေအတွက် ဖြေလျှော့မှုတွေကတော့ သူတို့မှတ်ပုံတင် တဲ့နေရာမှာ မြို့နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသအဆင့်တွေမှာ မှတ်ပုံတင်ကြေး ပေးဆောင်ဖို့မလိုအပ်ဘဲ လိုအပ်တဲ့အထောက်အထားတွေကို(OSS)ရုံးတွေမှာရယူပြီး တစ်နေရာတည်းမှာပဲ အပြီးဆောင်ရွက်ပေးနေပါပြီ။ တိုင်း ဒေသကြီး/ပြည်နယ်နဲ့ နေပြည်တော်ကောင်စီအဆင့်မှာတော့NGOs နဲ့ INGOs တွေ ရဲ့ မှတ်ပုံတင်ကြေးကို ငွေကျပ် ၃ဝဝဝဝ နဲ့ ပြည်ထောင်စုအဆင့်မှာတော့ ငွေကျပ် ၁ဝဝဝဝဝ အထိ လျှော့ချပေးထားပါတယ်။ ခုနစ်ရက်အတွင်း ယာယီမှတ်ပုံတင် လက်မှတ်တွေထုတ်ပေးပြီး သတ်မှတ်ချက်နဲ့ညီတယ်ဆိုရင် ရက်ပေါင်း တစ်လကနေ သုံးလအတွင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးနေ ပါပြီ''ဟု ပြောသည်။ 

အကျဉ်းဦးစီးဌာနရဲ့ အကျဉ်းသား၊
အချုပ်သားတွေနဲ့ ပတ်သက်ပြီး ဖြေလျှော့မှုများ
အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ''ကျွန်တော်တို့ အကျဉ်းဦးစီးဌာနက ပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့အညီ အကျဉ်းသား၊ အချုပ်သားတွေကို ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေအတိုင်း ဖြေလျှော့မှုတွေပေးဖို့ ရက်ပေါင်း ၁ဝဝ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ'' ဟု ရက် ၁ဝဝ အတွင်း အကျဉ်းဦးစီးဌာနက လုပ်ဆောင်မည့်ကိစ္စများ နှင့်ပတ်သက်၍ ပြောသည်။
အကျဉ်းဦးစီးဌာနသည် ယခင်က အကျဉ်းသား၊ အချုပ်သား များ ထောင်ဝင်စာတွေ့ဆုံမှုနှင့်ပတ်သက်၍ အကျဉ်းထောင်လက်စွဲ ဥပဒေ အပိုဒ်-၇၈၄ ၊ အပိုဒ်ခွဲ(၅)အရ သာမန်အားဖြင့် ဧည့်တွေ့ခြင်း အတွက် ခွင့်ပြုချိန်အား မိနစ် ၂ဝ ထက်မကျော်လွန်စေရဟူသည့် ပြဋ္ဌာန်းချက်အတိုင်းသာဆောင်ရွက်ခဲ့သည်။ ယခုအခါတွင် အကျဉ်း ဦးစီးဌာနအနေဖြင့် အကျဉ်းထောင်များတွင်ရှိသော အကျဉ်းသား၊ အချုပ်သားများအား ဧည့်တွေ့ ဦးရေ၊ ဧည့်တွေ့နေရာထိုင်ခင်းများ အပေါ်မူတည်၍ ဧည့်တွေ့ချိန်အား ၂၅ မိနစ်၊ မိနစ် ၃ဝ အထိ အချိန်တိုး၍ ဖြေလျှော့မှုများကို စတင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
''အရင်က ဧည့်တွေ့လူဦးရေများတဲ့အတွက် အကျဉ်းသား၊ အချုပ်သားတွေကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ တွေကို အကျဉ်းသားဧည့်တွေ့နေ့ သတ်မှတ်ပြီး သောကြာ၊ စနေနေ့တွေကို အချုပ်သား ဧည့်တွေ့နေ့အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဧည့်တွေ့ရက်ကိုမသိဘဲ ဝေးလံတဲ့ နယ်ကလာတဲ့ ဧည့်တွေ့တွေအတွက် အခက်အခဲဖြစ်စေပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ ဧည့်တွေ့သတ်မှတ်ရက် မဟုတ် ပေမယ့် ဧည့်တွေ့လက်ခံပေးခြင်း ဆောင်ရွက်နေပါတယ်'' ဟု ဦးမင်းထွန်းစိုးက ပြောသည်။

ယခုအခါတွင် အကျဉ်းဦးစီးဌာနများ၌ အကျဉ်းသား၊ အချုပ်သားများအား ဧည့်တွေ့ရက် ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ ဧည့်တွေ့ခွင့်များကို တနင်္လာနေ့မှ စနေ့နေ့အထိ နေ့စဉ် အကျဉ်း သားတစ်လှည့် အချုပ်သားတစ်လှည့် ဧည့်တွေ့ခွင့်ပေးသွား မည်ဖြစ်ပြီး ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၏ စည်းကမ်း သေဝပ်မှုအခြေအနေနှင့် လုံခြုံရေးကျိုးပေါက်မှု၊ အကျဉ်းထောင်၏ စည်းကမ်းသေဝပ်မှုကို မထိခိုက်ဟု ယူဆပါက အကျဉ်းသား၊ အချုပ်သား ဧည့်တွေ့ကြိမ်ကို တစ်လလျှင် လေးကြိမ်တွေ့ဆုံပေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီး ဌာနမှ သိရသည်။ 

အကျဉ်းသား၊ အချုပ်သားများအတွက် အကျဉ်းဦးစီးဌာနမှ ယခုရက်ပေါင်း ၁ဝဝ အတွင်း ဖြေလျှော့ဆောင်ရွက်နေမှု အခြေ အနေနှင့် အကျဉ်းထောင်အသီးသီးအား ထောင်ဝင်စာ ဧည့်တွေ့ချိန်များကို တစ်ပြေးညီ အနိမ့်ဆုံး မိနစ် ၃ဝ သတ်မှတ် သွားမည်ဖြစ်ပြီး ရက် ၁ဝဝ စီမံချက်ကာလအတွင်း ယခုပြင်ဆင် ရေးဆွဲနေသည့် အကျဉ်းထောင်ဥပဒေမူကြမ်းတွင် ထည့်သွင်း ရေးဆွဲ၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးထံမှ သိရသည်။
မီးသတ်ဦးစီးဌာနမှ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ
မီးသတ်ဦးစီးဌာနသည် ရက် ၁ဝဝ စီမံချက်တွင် မီးဘေး လုံခြုံရေးကဏ္ဍ (Fire Safety)၊ မီးသတိမူရေးကဏ္ဍ(Fire Precaution)၊ မီးဘေးကာကွယ်ရေးကဏ္ဍ(Fire Precau-tion) ဟူ၍ ကဏ္ဍသုံးခုခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ်နှင့် အခြားကိစ္စရပ်များ ပေါ်ပေါက် လာပါက အချိန်မီကူညီစောင့်ရှောက်နိုင်ရန်အတွက် အယ်နီညို အခြေအနေနှင့် ရာသီဥတုအချိန်အခါပေါ်မူတည်၍ ကြိုတင် ပြင်ဆင်ထားရှိ အသိပေးခြင်းများနှင့် မိုးရာသီ မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်နိုင်မှုအခြေအနေ ကြိုတင် သတိပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းကျော်ကျော်က ''မီးဘေးသတိမူရေးအပိုင်းအနေနဲ့ အပိုင်းသုံးပိုင်း ဆောင်ရွက်မယ်။ 

မီးသတိမူရေးလုပ်ငန်းတွေ စိမ့်ဝင်ပျံ့နှံ့ဖို့ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ လှုံ့ဆော် ပညာပေးတာတွေ၊ ပညာပေးစာတမ်းနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေပေးတာတွေ လုပ်နေတယ်။ နောက် မီးဘေးလုံခြုံရေး အသိပညာဖြန့်ဝေမှုမှာ အလယ်တန်းနဲ့အထက်တန်း ကျောင်းသား ကျောင်းသူတွေကို (School Based Fire Safety Education ) စနစ်ကျင့်သုံးပြီး မီးဘေးအန္တရာယ် ကာကွယ်ရေးနဲ့အသိပညာပေးပို့မှု အစီအစဉ်တွေ ဆောင်ရွက် မယ်။ အထပ်မြင့်တိုက်တွေ၊ စုပေါင်းအိမ်ရာတွေမှာ နေထိုင် ကြသူတွေထဲမှာမှ မီးသတ်လုပ်ငန်းဝါသနာပါသူ၊ စေတနာ ထက်သန်သူတွေစုဖွဲ့ပြီး ပြည်သူ့အခြေပြု မီးဘေးလုံခြုံရေး အသိပညာဖြန့်ဝေတဲ့စနစ် မီးဘေးကာကွယ်ရေး ရက်တို ပညာပေးဆွေးနွေးလေ့ကျင့်ခြင်းတွေလုပ်မယ်။ နောက် ရှေးဦးသူနာပြုစုခြင်း၊ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ခန်းတွေကို မီးဘေးကာကွယ်ရေး၊ မီးငြှိမ်းသတ်ရေး၊ မီးသတ်တပ်ဖွဲ့ကို ကူညီပါဝင်ဆောင်ရွက်စေရေးစတဲ့ မီးသတ်ပညာရပ်တွေ ပြည်သူလူထုထဲမှာ စိမ့်ဝင်ပျံ့နှံ့စေဖို့ ပညာပေးလေ့ကျင့်မှု အစီ အစဉ်တွေကို ကြပ်မတ်ဆောင်ရွက်မယ်''ဟု ပြောသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးကဏ္ဍတွင် ဆီသိုလှောင်ကန်နှင့် မီးလောင်လွယ်သောပစ္စည်းများ၊ သိုလှောင်ရုံများ ဆောက်လုပ်ခြင်းများတွင် စစ်ဆေးအကြံပြုခြင်း နှင့် လျှပ်စစ်ဆိုင်ရာကျွမ်းကျင်သူများ ပူးပေါင်းပါဝင်စစ်ဆေးခြင်း၊ လောင်စာဆီများ တရားမဝင်သယ်ယူခြင်း၊ ပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများကို ဒေသအာဏာပိုင်အဖွဲ့ အစည်း အဆင့်ဆင့်တို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စစ်ဆေးတားဆီး အရေးယူဆောင်ရွက်ခြင်း၊ မီးငြှိမ်းသတ်ရေးလုပ်ငန်းများ အခက် အခဲမရှိစေရေး၊ လွယ်ကူလျင်မြန်စွာ ဝင်ထွက်ငြှိမ်းသတ်နိုင်ရေး အတွက် ဒေသဆိုင်ရာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ခြင်း၊ မီးဘေးစိုးရိမ်ရသော လုပ်ငန်းများတွင် ဖွဲ့စည်းထားသည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များကို ပြည်လမ်း မြေနီကုန်းရှိ မီးသတ် သုတေသနနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဌာနတွင် အရှိန် အဟုန်မပျက် မီးဘေးလုံခြုံရေး တာဝန်ခံသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း မီးသတ် ဦးစီးဌာနမှ သိရသည်။
မီးငြှိမ်းသတ်ရေးကဏ္ဍအတွက် အပိုင်းခြောက်ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မြန်ငြှိမ်းသတ်နိုင်ရန် မီးငြှိမ်းသတ် ရေးနည်းပညာများနှင့် လေ့ကျင့်ရေးလုပ်ငန်းများ အရှိန်အဟုန် ဖြင့် လုပ်ဆောင်သွားမည်ဟု သိရသည်။ 

ဦးသန်းကျော်ကျော်က ''ကျွန်တော်တို့ မီးသတ်ဦးစီးဌာန အနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ အခြားကိစ္စရပ်တွေ ပေါ်ပေါက် လာရင် အချိန်မီကူညီစောင့်ရောက်နိုင်ဖို့အတွက် ရာသီဥတုအခြေ အနေအပေါ် ကြိုတင်ပြင်ဆင်ထားရှိ အသိပေးခြင်းတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်နိုင်မှု အခြေအနေ ကြိုတင်သတိပေးခြင်းတွေ ဆောင်ရွက်သွားမှာပါ''ဟု သဘာဝဘေးအန္တရာယ်များကျရောက်ပါက မီးသတ်ဦးစီးဌာန မှ စီစဉ်ထားသည့်အခြေအနေနှင့်ပတ်သက်၍ ပြောကြားသည်။
ပြည်သူဗဟိုပြုဆောင်ရွက်မည့် ရက်ပေါင်း ၁ဝဝ စီမံချက် ကို အကောင်အထည်ဖော်ရန် ကြိုတင်ပြင်ဆင်နေသည့် ဝန်ကြီး ဌာနများ၏ အစီအစဉ်နှင့် ပြောကြားချက်များသည် ပြည်သူများ အတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။ မေလ ၁ ရက်နေ့ မှ သြဂုတ် လဆန်းအထိ ဆောင်ရွက်မည့် ဝန်ကြီးဌာနများ၏ ရက် ၁ဝဝ ဆောင်ရွက်ချက်များကိုမူ လက်တွေ့ အကောင်အထည်ဖော်နိုင် ခြင်း ရှိ၊ မရှိ ပြည်သူများက စောင့်ကြည့်နေကြပေလိမ့်မည်။

No comments:

Post a Comment