Monday, May 2, 2016

ကမ္ဘာ့စံများဖြစ်သည့် မူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးနိုင်ပါက Copy Right အခွင့်အရေးများနှင့်အတူ နိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများပါရရှိနိုင်မည်

The Mirror Daily's photo.
သတင်း၊ အင်တာဗျူး
ရဲခေါင်ညွန့်၊ မြတ်စန္ဒီသင်းဇော်
ဓာတ်ပုံ - ဖိုးထောင်
ကမ္ဘာ့အသိဥာဏ်ပစ္စည်းနေ့အထိမ်းအမှတ် ပညာပေးဟောပြောပွဲနှင့် မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်များ ခင်းကျင်းပြသပွဲအခမ်း အနား(၂ဝ၁၆)ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/ စက်မှုအသင်းချုပ်(UMFCCI)၌ ပြုလုပ်သည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး၊ USAID မှ Mr. Steve Parker နှင့် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဟန်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး မြန်မာနိုင်ငံ၏ အသိဥာဏ် ပစ္စည်းမူပိုင်ခွင့်စနစ်ဖော်ဆောင်မှုအခြေအနေ များ၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိဥာဏ်ပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှုများ၊ စီးပွားရေးအရှိန်အဟုန်အတွက် အရေးပါသော မူပိုင်ခွင့်အလေးထားမှု၊ စာပေအနုပညာ မူပိုင်ခွင့်ဆိုင်ရာ ယနေ့နှင့် အနာဂတ်မြန်မာ ပုံရိပ်၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိဥာဏ်ပစ္စည်း၏ အကျိုးသက်ရောက်မှုများ စသည့် ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှပညာရှင်များက ဟောပြော ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ကျင်းပသည့် ''စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်အမှတ်တံဆိပ် အရေးပါမှု'' စကားဝိုင်းအစီအစဉ်တွင် မြန်မာ နိုင်ငံအသိဥာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ အလှကုန်လုပ်ငန်းရှင် များအသင်း၊ အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် ဌာနမှ ကိုယ်စားလှယ်များနှင့် တရားလွှတ်တော် ရှေ့နေများက ဆွေးနွေးကြသည်။
ယနေ့ပြုလုပ်သည့် ကမ္ဘာ့အသိဥာဏ် ပစ္စည်းနေ့အထိမ်းအမှတ် ပညာပေးဟောပြော ပွဲနှင့် မြန်မာနိုင်ငံ၏ ဒေသထွက်ကုန်များ ခင်းကျင်းပြသပွဲ အခမ်းအနား(၂ဝ၁၆)တွင် မူပိုင်ခွင့်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများမှ ဆုရလက်ရာများ၊ မြန်မာနိုင်ငံ ဒေသထွက်ကုန် ပြခန်းများနှင့် လက်မှုပစ္စည်းများကို ခင်းကျင်း ပြသထားသည်။
၂ဝ၁၆ ခုနှစ် ဧပြီ ၂၆ ရက်တွင် ကျရောက် သည့် ကမ္ဘာ့အသိဥာဏ်ပစ္စည်းနေ့ အထိမ်း အမှတ်ဆောင်ပုဒ်မှာ Digital Creativity Culture Reimagined (ဒစ်ဂျစ်တယ်ဖန်တီးမှု စွမ်းအားအနုပညာလက်ရာများကို ဖော်ဆောင် ထား)''ဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်ကျင်းပသည့် ကမ္ဘာ့အသိÓဏ် ပစ္စည်းနေ့အခမ်းအနားသို့ တက်ရောက်လာ ကြသော ကဏ္ဍအသီးသီးမှ ပညာရှင်များအား မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့သည် များကို ဖော်ပြအပ်ပါသည်-
ဦးသန်းမောင်(တရားလွှတ်တော်ရှေ့နေ)
မူပိုင်အခွင့်အရေးIP(Intellectual Property)မှာ နှစ်ပိုင်းရှိပါတယ်။ ပထမ တစ်ပိုင်းက Industrial Property (စက်မှု လက်မှုဆိုင်ရာ ပစ္စည်းများအပိုင်း)နဲ့ ဒုတိယ ပိုင်းက Copy Right လို့ခေါ်တဲ့ စာပေ အနုပညာမူပိုင်ခွင့်ဆိုင်ရာ ပစ္စည်းအပိုင်းဆိုပြီး စာပေအနုပညာ မူပိုင်ခွင့်ကို အကြမ်းဖျင်းခွဲ ထားတယ်။ Copy Right လို့ပြောရင် များသော အားဖြင့်သီချင်း၊ ကဗျာ၊ ရုပ်ရှင်လောက်ပဲ သိကြတာ။ အမှန်က ကိုယ်ရေးတဲ့ စာ၊ စကား၊ သီချင်း၊ ကဗျာ၊ တရားတော်တွေကအစ မူပိုင်ခွင့်နဲ့ သက်တမ်းဆိုတာရှိတယ်။ ဒီအရာ တွေကို ဖန်တီးထုတ်လုပ်လိုက်သူ အသက်ရှင် နေသမျှ သူ့ရဲ့ခွင့်ပြုချက်ကိုယူရမယ်။ သူ ကွယ်လွန်ပြီး နောက်ထပ် နှစ် ၅ဝ အထိ သူ့ရဲ့ အမွေဆက်ခံခွင့်ရှိသူဆီက ခွင့်ပြုချက်တောင်း ရမယ်။ ဒါကို သိပ်နားမလည်ကြဘူး။
ဒီမူပိုင်ခွင့်ကို ဘာကြောင့်လုပ်နေလဲဆိုရင် မြန်မာနိုင်ငံက ကုလသမဂ္ဂကို ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်ကဝင်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ WTO(World Trade Organization)ကို ဝင်ခဲ့တယ်။ ကမ္ဘာ့အသိ ဥာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO-World Intellectual Property Organization)ကို ၂ဝဝ၁ ခုနှစ် မေလမှာဝင်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ အာဆီယံအသိုက်အဝန်းကိုလည်း ဝင်ခဲ့တယ်။ အဲဒီ လေးခုလုံးမှာဝင်ထားတဲ့အသင်းတွေ အားလုံးက သူတို့နိုင်ငံတွေမှာ National Law အဖြစ် မူပိုင်အခွင့်အရေး(IP)ကို ပြဋ္ဌာန်း ရမယ်။ ကမ္ဘာ့စံတွေဖြစ်တဲ့ မူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းကျင့်သုံးရမယ်။ Copy Right အခွင့် အရေးတွေနဲ့ပြောကြရင် တစ်ဦးတစ်ယောက် ချင်းစီရဲ့ အခွင့်အရေးတွေပါမကတော့ဘဲ အခြေခံဥပဒေကရရှိတဲ့ နိုင်ငံသားတို့ရဲ့အခြေခံ အခွင့်အရေးတွေပါဖြစ်လာပြီလို့ အလေး အနက်ထားပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ မူပိုင်ခွင့်ဥပဒေကို မဖြစ်မနေကျင့်သုံးဖို့ အတွက် ၂ဝ၂၁ ခုနှစ် ဇူလိုင်လအထိTimeline ပေးထားတယ်။ အဲဒီအချိန်ကျရင်တော့ မြန်မာနိုင်ငံမှာ ကျင့်သုံးပြီး အကောင်အထည် ဖော်နေရမှာ ဖြစ်ပါတယ်။
ဒေါ်ဆွေဇင်ထိုက်(တွဲဖက်ဘဏ္ဍာရေးမှူး)
မြန်မာနိုင်ငံ အသိဥာဏ်ဆိုင်ရာလုပ်ငန်းရှင်များ
အသင်း
Digital က ကျယ်ကျယ်ပြန့်ပြန့်ထွန်းကား လာပြီဆိုတော့ ဒါကို အကာအကွယ်ပေးဖို့ ဥပဒေလိုပါတယ်။ လူတွေအားလုံးက ဥပဒေ မရှိတဲ့အတွက် ကိုယ့်ရဲ့အခွင့်အရေး(right) က ဘာလဲဆိုတာကို မသိသလို ကိုယ်ဘာလုပ် ရမလဲဆိုတဲ့တာဝန်ကိုလည်း မသိကြဘူးဖြစ်နေ တယ်။ အခုကတည်းကစပြီးတော့Awareness Campaign (အသိပညာပေးလှုပ်ရှားမှု)အနေနဲ့ စတင်ဖို့ အသိဥာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းအသင်းက စီစဉ်နေပါတယ်။ ဒီဥပဒေ ပြီးသွားရင် သက်ဆိုင်ရာနည်းဥပဒေတွေ ရေးဆွဲရမယ်။ အသုံးပြုသူတွေအတွက် ရှုပ်ရှုပ် ထွေးထွေးဖြစ်လို့မရဘူး။ သိလွယ်တဲ့ ဟာမျိုး တွေဖြစ်ရမယ်။ ဥပဒေတွေ ထွက်ပြီးသွားရင် ကိုယ်ကလည်း သူများ right ကို မစော်ကား ဘူး။ ကိုယ့် right ကိုလည်း ကာကွယ်နိုင်ရင် ကျွန်မတို့ရဲSMEs တွေမှာရှိနေတဲ့Individual value တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတိုးလာ မှာ ဖြစ်ပါတယ်။
IP Law ရှိပြီဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေ ဝင်လာဖို့ရှိတယ်။ နိုင်ငံတကာက မြန်မာပြည်မှာ ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်ချင်သူ တွေကလာတာနဲ့ ဥပဒေကိုပဲမေးတယ်။ အလုပ်သမားဥပဒေနဲ့ အာမခံဥပဒေကိုပါ တွဲပြီးမေးတယ်။ နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုဆိုင်ရာဥပဒေနဲ့ ဘဏ်စနစ်တွေကိုမေး တယ်။ နောက်တစ်ခုကIP Law ပါ။ ဒီဥပဒေ သုံးခုလုံး ရှင်းရှင်းလင်းလင်းဖြစ်မှပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေရောက်ရှိလာမှာ ဖြစ်ပါ တယ်။ IP Law ရေးဆွဲထားတဲ့အထဲမှာ အားနည်းချက်တွေ၊ အားသာချက်တွေတော့ ရှိပါတယ်။ အခုဖြစ်နေတာက ကိုယ့်ဆီက လူတွေက သူများဆီက ဖန်တီးမှုကိုခိုးချတော့ သက်သက်ညှာညှာလေး ဖြစ်စေချင်တာကြောင့် ဥပဒေမှာ ပြစ်ဒဏ်ပိုင်းဆိုင်ရာမှာ အားလျော့ တယ်လို့ ထင်တယ်။ Community က ဆွဲပေး လိုက်တာကို ရှေ့နေချုပ်ရုံးက ပြန်ပြီးတော့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည် တစ်ပြည် မှာ တရားဥပဒေစိုးမိုးဖို့ဆိုရင် စာရင်းစစ်ချုပ် ရယ်၊ တရားသူကြီးချုပ်ရယ်၊ ရှေ့နေချုပ်ရယ်က အရေးကြီးတယ်။ ဒီချုပ်သုံးချုပ်က ကောင်းမွန် ပြီး ထိရောက်တဲ့တရားဥပဒေစနစ်တစ်ခုကို ဖော်ဆောင်ပေးနိုင်ရင်တော့ ပြည်သူလူထု လည်း ကမ္ဘာမှာ မျက်နှာမငယ်ရတော့ဘူးလို့ ထင်ပါတယ်။
ဦးကျော်ကျော်ဝင်း(ဥက္ကဋ္ဌ)
မြန်မာနိုင်ငံအသိဥာဏ်ပစ္စည်းဆိုင်ရာ
လုပ်ငန်းရှင်များအသင်း
တိုင်းပြည် တစ်ပြည်ရဲGDP မှာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုမှာ အသိဥာဏ် ကြောင့် ရတဲ့အကျိုးအမြတ်က ရာခိုင်နှုန်း အားဖြင့် အတော်များတယ်။ သစ်သားကို သစ်သားအတိုင်း ရောင်းချလိုက်တာထက် ဒီဇိုင်းဖော်ပြီး ရောင်းတဲ့အခါမှာ ပိုပြီးအကျိုး အမြတ်ရတယ်။ ဒါပေမယ့် ကိုယ်ဖန်တီးလိုက် တဲ့အရာကို အိမ်နီးချင်းနိုင်ငံက ကူးယူပြီး ဈေးကွက်ဖန်တီးလိုက်ရင် ကိုယ့်ဖန်တီးမှု တန်ဖိုးက ကျဆင်းသွားတယ်။ ဒါကို မှတ်ပုံ တင်လိုက်ရင် ကိုယ့်ဖန်တီးမှု တန်ဖိုးက တန်ဖိုး အနေနဲ့ ရရှိတယ်။ ကိုယ့်ရဲ့တိုင်းပြည်က အကျိုးအမြတ်ရတာပေါ့။ အခွန်လည်းရ တယ်။ တိုင်းသူပြည်သားတွေအတွက် အလုပ် လည်းရတယ်။ အသိဥာဏ်ကြောင့် တိုင်းပြည်ရဲ့GDP က အများကြီးတိုးတက်တယ်။ အခု အချိန်မှာ တိုင်းပြည်ဖွံ့ဖြိုးဖို့ အလွန်အရေးကြီး နေတဲ့အခြေအနေမှာ အသိဥာဏ်ဆိုင်ရာ မူဝါဒတွေချမှတ်ဖို့၊ ချမှတ်တဲ့မူဝါဒကို စနစ် တကျနဲ့ကျင့်သုံးဖို့အတွက် ဒီကိစ္စတွေကို လုပ်နေတာပါ။ တိုင်းပြည်မှာSMEs လုပ်ငန်းရှင် တွေက နည်းနေတယ်။ တကယ်တမ်း ယှဉ်ကြည့်ရင် ကိုယ့်နိုင်ငံရဲ့SMEs က မဖွံ့ဖြိုး သလောက်ပဲ။ ကိုယ့်တိုင်းပြည်ကSMEs သမားတွေကို ညှိတယ်ဆိုပြီးတော့ IP Law ဖြစ်လာဖို့ကို အချိန်ဆွဲခဲ့တယ်။ စက်မှုဇုန်တွေ ဈေးကြီးတာရယ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာရယ် စတဲ့ ကိစ္စတွေဟာ ကုန်ထုတ် လုပ်သူတွေကို အားမပေးခဲ့ဘူး။ ဒါကြောင့်SMEs တွေ မဖွံ့ဖြိုးဘူး။
ကိုယ့်တိုင်းပြည်က ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတစ်ခုကို အိမ်နီးချင်းနိုင်ငံတွေက ဝယ်ချင်တဲ့ အခြေအနေထိရောက်အောင် မဖွံ့ဖြိုးခဲ့ဘူး။ အိမ်နီးချင်းနိုင်ငံတွေက ကိုယ့်ကို ကျော်တက်သွားပြီး သူတို့ပစ္စည်းပဲ ဝယ်သုံးနေ ရတဲ့အခါမှာ ကိုယ့်ဆီမှာ IP Law မရှိတဲ့ အတွက် အတုထွက်လာတာကို မကာကွယ်နိုင် တော့ဘူး။ ဒါကြောင့် ဆေးဝါး၊ စားသောက်ကုန်၊ လျှပ်စစ်နဲ့ပတ်သက်ပြီး အတုတွေသုံးနေကြရ တော့ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်နိုင်ဘူး။SMEs ကို အားပေးဖို့ ဆိုရင် အတုခိုးစရာ အိမ်နီးချင်းနိုင်ငံတွေ ရှိတာပဲ။ ကိုယ့်တိုင်းပြည်ရဲ့ ရေမြေသဘာဝနဲ့ ပတ်သက်တဲ့ ဥပဒေရေးဆွဲမယ်လို့ ပြောလိုက် တာနဲ့ ဝေ့လည်ကြောင်ပတ်ဖြစ်ပြီး ဘာမှဖြစ် မလာဘူး။ အိမ်နီးချင်းနိုင်ငံတွေကထုတ်တဲ့ ဥပဒေတွေကို ပြန်ဆန်းစစ်ပြီး လုပ်ဆောင်သွား လို့ရတယ်။
ဦးမြတ်စိုး(မြန်မာနိုင်ငံစာရေးဆရာအသင်း
ဗဟိုအလုပ်အမှုဆောင်ကော်မတီ)
ကျွန်တော်တို့ Print Media နဲ့ ပတ်သက် တာက မူပိုင်ခွင့်ပေါ့၊ အထူးသဖြင့် အနုပညာ မူပိုင်ခွင့်မှာ အများကြီးလုပ်ပေးဖို့ လိုတယ်။ စာပေနယ်မှာကတော့ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး အကြီးအကျယ် ပြဿနာမရှိခဲ့ဖူးဘူး။ နောက် နိုင်ငံတကာနဲ့ဆက်ဆံတဲ့နေရာမှာ မူပိုင်ခွင့် ကိစ္စတွေ အရေးကြီးလာလိမ့်မယ်လို့ထင်တယ်။IP Law သာ ထွက်လာမယ်ဆိုရင် အတုလုပ်သူ တွေလည်း ဟန့်တားပေးနိုင်မယ်လို့ထင်ပါတယ်။
ဒေါက်တာမိုးမိုးသွယ်(ညွှန်ကြားရေးမှူး)
အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် ဌာနမှူး
ကမ္ဘာ့ အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO)ကို ဝင်ရောက်ခဲ့တဲ့ ၂ဝဝ၁ ခုနှစ်က စတင်ပြီးတော့ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ဖို့၊WIPO နဲ့ အဓိက ဆက်သွယ် ဆောင်ရွက်တဲ့ဌာနIP Section အနေနဲ့ အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်ဌာနကို ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်။ IP Section အနေနဲ့ မြန်မာ နိုင်ငံမှာ နိုင်ငံတကာအဆင့်မီတဲ့ အသိဥာဏ် ပစ္စည်းမူပိုင်ခွင့် ဥပဒေတွေကို ဆောင်ရွက်နိုင်ဖို့ အဓိက တာဝန်ယူဆောင်ရွက်နေပါတယ်။ အသိဥာဏ်ပစ္စည်းမူပိုင်ခွင့် ဥပဒေလေးရပ်ကို အခုလက်ရှိမှာရေးဆွဲပြီးလွှတ်တော်မှာ အတည် ပြုနိုင်ဖို့ တင်ထားပြီးဖြစ်ပါတယ်။ အဲဒီ ဥပဒေ လေးရပ်ကတော့ တီထွင်မှု မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ စာပေအနုပညာ မူပိုင်ခွင့် ဥပဒေနဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေတို့ ဖြစ်ပါတယ်။ ဒီဥပဒေတွေရေးဆွဲပြီးသွားရင် အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် IP ဌာန အနေနဲ့သက်ဆိုင်ရာ နည်းဥပဒေတွေအတွက် လည်း ဆောင်ရွက်နေပါတယ်။
မကြာခင်မှာ ဥပဒေအရပေါ်ပေါက် လာမယ့် အသိဥာဏ်ပစ္စည်းမူပိုင်ခွင့်ရုံးမှာ တာဝန်ယူပြီး ဆောင်ရွက်ရမယ့် ဝန်ထမ်းတွေ ကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက်လိုအပ်တဲ့ အရည်အချင်းတွေ ရရှိဖို့အတွက် ပြည်တွင်း ပြည်ပမှာ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ် ပေးနေပါတယ်။ စာပေ အနုပညာ ဖန်တီးသူ တွေကို သူတို့နဲ့ သက်ဆိုင်တဲ့ ဝင်ငွေတွေ ရရှိဖို့ အတွက် တီထွင်ဖန်တီးသူတွေရဲ့ ကြားထဲမှာ ဆက်သွယ်ဖန်တီးရမယ့် အဖွဲ့အစည်းတွေ ရရှိ လာဖို့ စစ်တမ်းတွေ ကောက်ယူခဲ့တာလည်း ရှိပါတယ်။
မြန်မာ့ဒေသထွက်ကုန်ပစ္စည်းတွေကို တန်ဖိုးမြှင့် ထွက်ကုန်အနေနဲ့ ထုတ်လုပ်နိုင်ဖို့၊ နည်းပညာကို အသုံးချပြီးဥပဒေအရ အကာ အကွယ်ပေးနိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ ဒေသထွက် ကုန်တွေကို အကာအကွယ်ပေးနိုင်ဖို့၊ သက်ဆိုင်ရာကုန်ထုတ်လုပ်မှုကဏ္ဍအပေါ် မူတည်ပြီး အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ IP Law ဥပဒေမပေါ်ခင် ကြိုတင်ပြင်ဆင်နိုင်ဖို့၊ အနာဂတ်မှာ ဒေသထွက်ကုန်တွေကို ဦးစား ပေး အဆင့်အနေနဲ့ အကာအကွယ်ပေးနိုင်ဖို့နဲ့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အတွက် ပြင်သစ်အစိုးရနဲ့ပူးပေါင်းပြီး စစ်တမ်း ကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။

No comments:

Post a Comment