Saturday, May 28, 2016

တရားမဝင်မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိ




 
 
 
နေပြည်တော် မေ ၂၇

ပြည်သူအများ ဝယ်ယူပိုင်ဆိုင် အသုံးပြု နေကြသည့် တရားမဝင် မော်တော်ယာဉ် များနှင့်စပ်လျဉ်း၍ တရားဝင်လိုင်စင် ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် မရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့အစည်းအဝေး တွင် ဖြေကြားသည်။

ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅)မှ ဦးစိုင်းသန်းနိုင်၏ ပြည်သူအများ လက်ဝယ်၊ ဝယ်ယူပိုင်ဆိုင် အသုံးပြု နေကြသော တရားမဝင် မော်တော်ယာဉ် များအား သင့်တော်သည့် နည်းလမ်း တစ်မျိုးမျိုးဖြင့် တရားဝင်လိုင်စင်ရရှိ အောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လိုင်စင်မဲ့မော်တော်ယာဉ် များ လိုင်စင်ရရှိအောင် ဆောင်ရွက်ပါက တရားဝင်တင်သွင်းလာသည့် ယာဉ်ပိုင် ရှင်များ နစ်နာမှုရှိ၍ မကျေနပ်ခြင်းနှင့် အတူ မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နိုင်ခြင်း၊ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အရောင်း စင်တာ၊ အရောင်းပြခန်းများ ထိခိုက်နိုင် သည့်အပြင် ကန့်ကွက်မှုများ ဖြစ်ပေါ်နိုင် ခြင်း၊ ပြည်တွင်းကားဈေးကွက် ကမောက် ကမဖြစ်နိုင်ခြင်း၊ တည်ဆဲဥပဒေနှင့် နည်းဥပဒေများကို ဖောက်ဖျက်ကျော် လွန် ဆောင်ရွက်လာနိုင်ခြင်း၊ တရားမဝင် တင်သွင်းမှုကို အားပေးရာရောက်ခြင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့်စနစ် များနှင့် ဆန့်ကျင်နေခြင်း၊ အိမ်နီးချင်း နိုင်ငံများမှ ခိုးယူလာသည့် ယာဉ်များ ဖြစ်ပါကလည်း ကန့်ကွက်တားမြစ်ခြင်း များကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် မလိုလားအပ်သောကိစ္စများ ရှုပ်ထွေးလာ နိုင်ပါကြောင်း၊ တရားမဝင်လမ်းကြောင်း များမှ ယာဉ်များ ထပ်မံဝင်ရောက်ခြင်း မရှိစေရန်အတွက် ပြည်တွင်း၌ ရောက်ရှိ နေသည့် တရားမဝင် လိုင်စင်မဲ့ယာဉ် များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့များ၏ ကြီးကြပ်မှု ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်း၍ စီမံချက်များချမှတ်ပြီး ရှောင်တခင် စစ်ဆေးဖမ်းဆီးအရေးယူ ခြင်း၊ နယ်စပ်ဒေသ ဝင်ပေါက်များမှ ထပ်မံ၍ ဝင်ရောက်မလာနိုင်ရန် ဌာနစုံ ပူးပေါင်းအဖွဲ့များ ဖွဲ့စည်းတာဝန်ပေး၍ တင်းကျပ်စွာ တားမြစ်ပိတ်ဆို့ဖမ်းဆီး ခြင်းနှင့် ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက် ကျူးလွန်သူများကိုလည်း ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်အရေးယူခြင်းတို့ကို ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ဖြေကြားသည်။

အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရသေ့တောင်မြို့နယ် အုတ်ဖို (ခ) အိုး ဖောက်ကျေးရွာ၌ သင်္ဘောဆိပ်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရသေ့တောင် မြို့ နယ် အုတ်ဖို (ခ) အိုးဖောက် ကျေးရွာ ၌ သင်္ဘောဆိပ်ခံတံတား တည်ဆောက် ခြင်းလုပ်ငန်းကို ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတို့တွင် လျာထားခြင်းမရှိပါကြောင်း၊ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း၌ ထည့်သွင်း၍ ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ ရခိုင်ပြည်နယ် ရှိ ပျက်စီးနေသည့် ရထားလမ်းများအား ပြုပြင်ပြေးဆွဲမည့်အချိန်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှောင်ကွင်းလမ်းကို ထပ်မံရှာဖွေခဲ့သော်လည်း ယခုအချိန် အထိ ဒေသခံပြည်သူများ၏ သဘော တူညီမှုမရရှိသဖြင့် ကျောက်တော်- မြောက်ဦး ရထားလမ်းပိုင်းကို ဆက်လက် အကောင်အထည်ဖော်နိုင်ခြင်း မရှိပါ ကြောင်း၊ ဒေသခံပြည်သူများ၏ သဘော တူညီချက်ရရှိပါက ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်တွင် နိုင်ငံတော်သို့ ဘဏ္ဍာငွေ တင်ပြတောင်းခံ၍ ခွင့်ပြုပါက ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ထို့ပြင် သဘာဝဘေး ဒဏ်ကြောင့် ယိုးတရုတ်-ကျောက်တော် လမ်းပိုင်း၏ ပျက်စီးမှုများ ပြန်လည် ပြုပြင်ရန်အတွက် စုစုပေါင်းဘဏ္ဍာငွေကျပ် ၅၄၈ ဒသမ ၂ သန်းခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂ဝ၁၆ - ၂ဝ၁၇ ဖြည့်စွက်ရန်ပုံငွေ၌ ထည့်သွင်းလျာထား တောင်းခံ၍ ဘဏ္ဍာငွေခွင့်ပြုချက် ရရှိပါက ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပွင့်လင်းရာသီတွင် လမ်းပိုင်းများကို ပြင်ဆင်ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပို့ထားသည့် ပြည်သူ့ ကောင်စီဥပဒေ (ဥပဒေအမှတ် ၈/ ၁၉၇၄)နှင့် နိုင်ငံတော်ကောင်စီဥပဒေ (ဥပဒေအမှတ် ၁ဝ/၁၉၇၄) တို့ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ သဘောတူကြောင်း ဆုံးဖြတ်ချက်ကို ပြန်လည်ပေးပို့လာကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေးကြေညာသည်။

အမျိုးသားလွှတ်တော် အစည်း အဝေး ၃၃ရက်မြောက်နေ့ကို မေ ၃ဝ ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment