Saturday, May 28, 2016

မြေပြဿနာများကို ပြည်သူများမနစ်နာစေရန် ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးမည်




 




နေပြည်တော် မေ ၂၇

လယ်ယာမြေပြဿနာများအမြန်ဆုံး ပြီးပြတ်စေရေးနှင့် စွန့်လွှတ်မြေများကို  အမှန် တကယ် သက်ဆိုင်သူများ လက်ဝယ်သို့ ပြန်လည်ပေးအပ်နိုင်ရေး အမြန်ဆုံး မှန်မှန် ကန်ကန် ဖြေရှင်းဆောင်ရွက်ပေးသွားကြရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ  ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။ 

တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အငြင်းပွားမှုပြဿနာများကို သိမ်းဆည်း ထားသည့် မြေပမာဏ၊  သိမ်းဆည်းမှုကြောင့် သက်ရောက်မှုရှိစေသည့် တောင်သူ လယ်သမားဦးရေနှင့် စီးပွားရေးထိခိုက်နစ်နာမှုပမာဏများအပေါ် မူတည်ပြီး ဦးစားပေး အဆင့်သတ်မှတ်ကာ   အထူးအဖွဲ့ခွဲများ ဖွဲ့စည်း၍ ဖြေရှင်းဆောင်ရွက်ပေးရန် လယ် ယာမြေနှင့် အခြားမြေများ   သိမ်းဆည်းခံရမှုများ   ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌက ပြောသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ  ပြန်လည်စိစစ်ရေး  ဗဟို ကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို  နိုင်ငံတော်သမ္မတရုံး၊  အစည်း အဝေးခန်းမ၌   ယနေ့မွန်းလွဲ  ၂ နာရီတွင် ကျင်းပစဉ် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ  ဦးဟင်နရီဗန်ထီးယူက   နိုင်ငံအတွင်း  မြို့ပြဆိုင်ရာ အခြေခံ အဆောက်အအုံများ တိုးချဲ့တည်ဆောက်ခြင်း၊ လုံခြုံရေးဆိုင်ရာ အထူးစီမံကိန်း နယ် မြေများ သတ်မှတ်ခြင်း၊ စီးပွားရေးဆိုင်ရာ  အထူးစီးပွားရေးဇုန်များ  စက်မှုဇုန်များ တည်ဆောက်ခြင်း၊   စိုက်ပျိုးရေး၊  မွေးမြူရေးစီမံကိန်းများအတွက်  ဌာနဆိုင်ရာ/ ပုဂ္ဂလိကကုမ္ပဏီများကို မြေနေရာချထားပေးခြင်းများကြောင့် လယ်ယာမြေနှင့် အခြား မြေများသိမ်းဆည်းခံရသည်ကို တွေ့ရှိရမည်  ဖြစ်ပါကြောင်း။
မြေပြဿနာအငြင်းပွားမှု ဖြစ်ပွားရခြင်းမှာ မြေယာစီမံခန့်ခွဲသည့်ဌာနများ၊  အဖွဲ့ အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း များကို စီမံခန့်ခွဲသည့်အစိုးရ၊ ပြည်သူနှင့် ရင်းနှီးမြှုပ်နှံသူများအကြား လုပ်ကိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်  အငြင်းပွားခြင်း၊  မြေမဲ့ယာမဲ့နှင့်  မြေကျူးကျော်မှုများ  ဖြစ်ပွားခြင်းတို့ ကြောင့် ဖြစ်ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့်   အဆိုပါပြဿနာများကို  ပြည်သူများ  မနစ်နာစေရန် စေတနာထားကာ  ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် ရှင်းလင်းလွယ်ကူသော မူဝါဒနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး လိုအပ်ပါက ဥပဒေ၊  နည်းဥပဒေ၊  လုပ်ထုံးလုပ်နည်းများကို   ပြင်ဆင်နိုင်ရေးညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

မိမိတို့ဒေသအတွင်း မြေသိမ်းဆည်းမှု  ပြဿနာများကို ပြန်လည်စိစစ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/   ကျေးရွာအုပ်စု  လယ်ယာမြေနှင့်  အခြားမြေများ  သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း  ပြောကြား ခဲ့သည်။ 

နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စု  လယ်ယာမြေနှင့်အခြားမြေများ  သိမ်းဆည်းခံရမှုများ   ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းရာတွင် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများသာမက သက်ဆိုင်ရာနယ်မြေအလိုက် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊  လယ်ယာ မြေဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တောင်သူလယ်သမားကိုယ်စားလှယ် များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းသွားမည်ဟု သိရသည်။

လယ်ယာမြေနှင့်    အခြားမြေများ   သိမ်းဆည်းခံရမှုများ  ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့်  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊  အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် တို့က လယ်ယာမြေနှင့် အခြားမြေများ  သိမ်းဆည်းခံရမှုများ  ပြန်လည်စိစစ်ရေး အတွက် အဆင့်ဆင့်လုပ်ငန်းဖွဲ့စည်းဆောင်ရွက်မှုတို့ကို တင်ပြဆွေးနွေးကြသည်။

အစည်းအဝေးသို့   တက်ရောက်လာကြသည့်   ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများနှင့်ပတ်သက်ပြီး ပြန်လည်ပေး အပ်နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက သမ္မတကြီး၏ လမ်းညွှန်ချက် နှင့်အညီ လယ်ယာမြေများနှင့်  အခြားမြေသိမ်းဆည်းခံရမှုများအား  ပြန်လည်ပေး အပ်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ အခက်အခဲများလည်းရှိနိုင်ကြောင်း၊  တချို့လယ်ယာမြေကိစ္စများသည်  မှန်ကန်မှု ရှိသလို တချို့မှာ မမှန်မကန်ရှိနေသည်ကိုလည်း တွေ့ရကြောင်း၊ မည်သို့ပင်ဖြစ်စေ၊ စိတ်စေတနာသန့်သန့်ဖြင့်  စေတနာထားပြီး  မှန်မှန်ကန်ကန်  အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment