Friday, May 27, 2016

အမြင့်ဆုံးဆုဖလားနဲ့ ရီးယဲလ်မက်ဒရစ် အက်သလက်တီကို ဆုံတွေ့မှု

The Mirror Daily's photo.
လာမယ့်မေလ ၂၉ ရက်မှာတော့ ၂ဝ၁၅-၁၆ ချန်ပီယံ လိဂ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကြီးကို ဆန်စီရိုကွင်း အတွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ တော့ စပိန်ကလပ်နှစ်သင်းဖြစ်တဲ့အပြင် မက်ဒရစ်မြို့ခံ ပြိုင်ဘက်တွေလည်းဖြစ်ကြတဲ့ အက်သလက်တီကိုနဲ့ ရီးယဲလ်မက်ဒရစ်တို့ ဆုံတွေ့ယှဉ်ပြိုင်ကစားသွားကြ မှာဖြစ်တာကြောင့်လည်း အဆိုပါဗိုလ်လုပွဲဟာ စိတ်ဝင် စားဖို့ပိုမိုကောင်းမွန်နေပါတယ်။
အထူးသဖြင့် အဆိုပါနှစ်သင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်မှာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ်ကတင် ပူပူ နွေးနွေးဆုံတွေ့ထားခဲ့ကြတဲ့ ပြိုင်ဘက်အသင်းတွေလည်း ဖြစ်ကြပါတယ်။ အဆိုပါဗိုလ်လုပွဲမှာတော့ အက်သလက် တီကိုဟာ ရီးယဲလ်မက်ဒရစ်ကို ပွဲပြီးကာနီးအထိ တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရယူနိုင်ခဲ့ပေမယ့်လည်း ပွဲပြီး ကာနီး နာကျင်အချိန်ပို နောက် ဆုံးမိနစ်မှာမှ ရီးယဲလ်ခံစစ်မှူး ရာမို့စ်က ရီးယဲလ်အတွက် ချေပဂိုး သွင်းယူသွားခဲ့တာကြောင့် တစ်ဂိုးစီသရေကျခဲ့ရကာ အချိန် ပိုဆက်ကစားရတဲ့အဖြစ်နဲ့ ကြုံခဲ့ ရပါတယ်။ အဆိုပါ အချိန်ပိုမှာတော့ အက်သလက်တီကိုတို့ ရီးယဲလ်ကိုထိန်းချုပ်နိုင်မှုမရှိတော့ဘဲ ဘေးလ်၊ မာဆယ်လို၊ ရိုနယ်ဒို (ပင်နယ် တီ)တို့က ရီးယဲလ်အတွက် သုံးဂိုးဆက် တိုက် ထပ်မံ သွင်းယူ သွားနိုင်ခဲ့တာကြောင့်သာ အက်သလက်တီကိုတို့ ရှုံးပွဲကြုံခဲ့ရတာဖြစ်ပြီး ကလပ်သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရတာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း အခုတစ်ရာသီသာခြားပြီး ပြန်လည်ဆုံတွေ့လာချိန်မှာ အက်သလက်တီကိုအနေနဲ့ ရီးယဲလ်ကို ၂ဝ၁၄ တုန်းက ရှုံးကြွေးပြန်လည်ပေးဆပ်ကာ ကလပ်သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကို ပထမဆုံးအကြိမ်ရယူနိုင်ပါ့ မလားဆိုတာ စိတ်ဝင်စားဖို့ ပိုမိုကောင်းမွန်လာပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာတော့ ဒီနှစ်သင်းဟာ လာလီဂါပြိုင်ပွဲအတွင်းမှာ နှစ်ကြိမ်ဆုံတွေ့ခဲ့ရာမှာ အက်သလက်တီကိုဟာ ရီးယဲလ်မက်ဒရစ်ကိုနှစ်ပွဲ စလုံး ရှုံးနိမ့်ခဲ့ခြင်းမရှိပါဘူး။ အိမ်ကွင်းမှာကစားခဲ့တဲ့ ပွဲစဉ်မှာ အက်သလက်တီကိုဟာ ရီးယဲလ်မက်ဒရစ်ကို တစ်ဂိုးစီသရေကစားနိုင်ခဲ့သလို ရီးယဲလ်အိမ်ကွင်း ဘာနေဗျူးမှာကစားခဲ့တဲ့ပွဲမှာတော့ အက်သလက်တီကိုက ရီးယဲလ်မက်ဒရစ်ကို တစ်ဂိုး -ဂိုးမရှိနဲ့တောင် အနိုင် ကစားနိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အက်သလက်တီကိုအနေနဲ့ အခု ဒီရာသီအတွင်း တတိယအကြိမ်မြောက်ဆုံတွေ့မှုဖြစ်တဲ့ ဒီပွဲစဉ်မှာလည်း ရီးယဲလ်မက်ဒရစ်ကို လာလီဂါပြိုင်ပွဲ ကအတိုင်း ထိန်းချုပ်ကစားသွားနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းလာပါတယ်။
အက်သလက်တီကိုဟာ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲ အတွင်းမှာ ခြေစွမ်းပိုင်းကောင်းမွန်မှုတွေကို ပြသထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပြီး အကြို ဗိုလ်လုပွဲ အဆင့်မှာဆိုရင် ထိပ်တန်းအသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘိုင်ယန်ကိုတောင် အကောင်းဆုံးခြေစွမ်းနဲ့ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုအနေနဲ့ ဒုတိယအကျော့မှာဆိုရင် ဘိုင်ယန်ရဲ့ ဖိအားပေးထိုးဖောက်မှုတွေကို တစ်ဖက် သတ်နီးပါးခံခဲ့ရပေမယ့်လည်း ခံစစ်ပိုင်းကို အကောင်စုဖွဲ့ကစားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကိုလည်း အကောင်း ဆုံးအသုံးချနိုင်ခဲ့တာကြောင့် အဝေးဂိုးတစ်ဂိုးရရှိခဲ့ကာ အခုလိုဗိုလ်လုပွဲအထိ တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါ တယ်။
အထူးသဖြင့် အက်သလက်တီကို နည်းပြ ဆြီ>ွမန်နီ ဟာ ခံစစ်ကိုအကောင်းဆုံးတည်ဆောက်နိုင်သူဖြစ်သလို အက်သလက်တီကိုရဲ့ ခံစစ်မှူးတွေဖြစ်တဲ့ ဂိုဒင်၊ ဆာဗစ်၊ ဂျူအန်ဖရန်၊ ဖိလစ်ပီလုခ်တို့ဟာလည်း ခြေစွမ်းပိုင်းကောင်း မွန်သူတွေဖြစ်တာကြောင့် တိုက်စစ်ပိုင်းအားကောင်းတဲ့ ဘိုင်ယန်၊ ဘာစီလိုနာတို့လိုအသင်းတွေကိုတောင် ပေးဂိုး မများအောင်ထိန်းချုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါ့အပြင် အက်သလက်တီကိုမှာ ဂရက်ဇ်မန်းဇ်နဲ့ တောရက်စ်တို့ ခြေစွမ်းပြသနေပြန်တာကြောင့်လည်း အက်သလက်တီကို တိုက်စစ်ပိုင်းက လျင်မြန်ထက်မြက်မှုရှိပြီး တန်ပြန်တိုက်စစ် ကိုလည်း အကောင်းဆုံးပုံဖော်ကစားနိုင်စွမ်းရှိတာတွေ့ရပါတယ်။
ရီးယဲလ်မက်ဒရစ်ကတော့ ဒီရာသီလာလီဂါပြိုင်ပွဲ အတွင်းမှာ အက်သလက်တီကိုထက် အဆင့်နှစ် နေရာနဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့တာမှန်ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းကတော့ အက်သလက်တီကိုအသင်းကို အနိုင်ရယူကာ ချန်ပီယံလိဂ်ဆုဖလားကို ၁ဝ ကြိမ် မြောက်ရယူနိုင်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်တုန်းကလိုတော့ ထက်မြက်ခြင်းမရှိတော့တာတွေ့ရပါတယ်။
အထူးသဖြင့် ရီးယဲလ်တိုက်စစ်မှူးဖြစ်တဲ့ ရိုနယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ဂိုးတွေ သွင်းယူနိုင်နေဆဲဖြစ်သလို အခွင့်အရေးတွေကိုလည်း အသုံးချနိုင်ဆဲဆိုပေမယ့်လည်း တစ်ဦးချင်းထိုးဖောက်မှုနဲ့ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို ထိုးဖောက်ကျော်ဖြတ် နိုင်မှု အရည်အသွေးတွေမှာတော့ ကျဆင်းလာနေ တာကို တွေ့နေရပါတယ်။ ဒါကြောင့်လည်း ရီးယဲလ်ဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရိုနယ်လ်ဒိုထက် ဘေးလ်ကို ပိုမို အားပြုလာခဲ့တာ တွေ့ရသလို ဘေးလ်ရဲ့ခြေစွမ်းပိုင်းက တော့ တိုးတက်ကောင်းမွန်လာခဲ့တာကို တွေ့ရပါ တယ်။
ဒါ့အပြင် ရီးယဲလ်တိုက်စစ်ပိုင်းမှာ ဘင်ဇီမာဟာ လည်း ဒီရာသီအတွင်း ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တာကို သတိပြုရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရိုနယ်လ်ဒိုရဲ့ တစ်ဦးချင်းထိုးဖောက် ကစား နိုင်မှုအားကျဆင်းသွားခဲ့ပြီဆိုပေမယ့် ဘေးလ်၊ ဘင်ဇီမာ၊ ရိုနယ်လ်ဒိုတို့နဲ့သာ လူစုံခဲ့မယ်ဆိုရင်တော့ ဘေးလ်၊ ဘင်ဇီမာတို့ရဲ့ ထိုးဖောက်မှုကောင်းမွန်ခြင်းနဲ့ ရိုနယ်လ်ဒိုရဲ့အဆုံးသတ်အရည်အသွေး ကောင်းမွန် နေဆဲဖြစ်ခြင်းတွေပေါင်းကာ ရီးယဲလ်တိုက်စစ်ပိုင်းဟာ လည်း ထက်မြက်မှုရှိလာနိုင်တာကို သတိပြုရမှာဖြစ်ပါ တယ်။
ဒါပေမယ့် ဆိုခဲ့ပြီးတဲ့အတိုင်း အက်သလက်တီကို ခံစစ်ဟာ ဒီရာသီမှာ ကစားပုံပိုမိုကောင်းမွန်မှုရှိလာသလို ရီးယဲလ်မက်ဒရစ်ထက် ဒီရာသီမှာတိုက်စစ်ပိုင်း ပိုမို ထက်မြက်တဲ့ ဘိုင်ယန်နဲ့ ဘာစီလိုနာတို့ကိုတောင် အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကြောင့် ရီးယဲလ် အနေနဲ့ဒီပွဲစဉ်မှာလည်း စပိန်လာလီဂါ နှစ်ပွဲကလို အက်သလက်တီကို ခံစစ်ကို ကျော်ဖြတ်ပြီး ဂိုးသွင်း ယူနိုင်ဖို့အတွက် ရုန်းကန်လာရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။
ရီးယဲလ်အနေနဲ့ဒီရာသီမှာ လာလီဂါ ဆုဖလားကိုရယူ နိုင်ခြင်းမရှိခဲ့တာကြောင့် ဒီရာသီမှာဆုဖလားလက်မဲ့ မဖြစ်ရေးနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ၁၁ ကြိမ်ရယူနိုင်ဖို့ အရေးအတွက် အားစိုက်ကစားလာဖြစ်ပေမယ့်လည်း အက်သလက်တီကိုအသင်းကို လွယ်လွယ်အနိုင်ရယူ နိုင်ဖို့ဆိုတာကတော့ ခက်ခဲမှုတွေရှိလာနိုင်ပါတယ်။ အက်သလက်တီကိုရဲ့ ထက်မြက်တဲ့ တန်ပြန်တိုက်စစ်ကို အဖွင့်စောစောပေးခဲ့ရမယ်ဆိုရင် ရီးယဲလ်မက်ဒရစ် အနေနဲ့ ကစားရခက်ခဲသွားနိုင်သလို ဂိုးရယူနိုင်ဖို့တောင် ပိုမိုရုန်းကန်ရနိုင်ပါ တယ်။ ဒါကြောင့်လည်းဒီပွဲစဉ်မှာတော့ ရီးယဲလ်တို့ အက်သလက်တီကိုကို အသာရဖို့ခက်ခဲပြီး မိနစ် ၉ဝ အတွင်း အနိုင်ရယူနိုင်ခဲ့မယ်ဆိုရင်တောင် ဂိုးပြတ်နိုင်ဖို့ ခက်ခဲလွန်းပါတယ်။
[ရှိုင်းမင်းမင်း]

No comments:

Post a Comment